ကိုးရီယားစစ်ပွဲအကြောင်း တစေ့တစောင်း(ခင်မမမျိုး ရေးသားသည်)

ၾကယ္ေလးJanuary 23, 20114min24312

မူရင်း  : နေ့သစ်

http://www.naytthit.net/?p=6876

စကားချီး

ကမာ္ဘ့အရေးမှာရော၊ မြန်မာ့အရေးမှာပါ ကိုးရီးယားဆိုတဲ့ စကားလုံးကို လူပြောများကြပါတယ်။ ၂၀၁ဝ ကမာ္ဘ့ဖလားဘော လုံးပွဲကို ပထမဆုံးဝင်ပြီး ယှဉ်ပြိုင်လာတဲ့ မြောက်ကိုးရီးယားအသင်းရဲ့ ပုံရိပ်တွေကလဲ ကမ္ဘာတဝှမ်းက ဘောလုံးဝါသနာ အိုး ပရိသတ်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့သလို မြန်မာ့ဒီမိုကရေစီ လောကသားတွေအတွင်းမှာလဲ မြန်မာနဲ့ မြောက်ကိုး ရီးယား နယူးကလီးယား ဆက်နွယ်မှုအရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့အကြားက စစ်ရေးတင်းမာမှု စတာ တွေနဲ့ ပတ်သက်ပြီး အတော်ပဲ အုပ်အော်သောင်းတင်း ဖြစ်ခဲ့ကြပါတယ်။  တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကပဲ စစ် ဖြစ်တဲ့အခါ တောင်ကိုးရီးယားဘက်ကို အမေရိကန်က ဝင်တိုက်ပြီးရင်  နယူးကလီးယား အရေးနဲ့ပတ်သက်နေတဲ့ မြန်မာ နိုင်ငံကိုလဲ အမေရိကန်က စစ်ရေးအရ အရေးယူတော့ မယောင်ယောင်၊ အီရတ်လို ဝင်တိုက်တော့မယောင်ယောင်နဲ့ စိတ် ကူးယဉ် ပြောသူတွေကလဲ အများအပြားပါပဲ။ မြန်မာပြည်ကို အမေရိကန် ဝင်တိုက်တာ၊ မတိုက်တာအသာထားလို့ အဓိ ကဇာတ်ကောင်ဖြစ်တဲ့ မြောက်ကိုးရီးယားအရေးတောင် နိုင်ငံတကာ ဇာတ်စင်ပေါ်မှာ အခုအချိန်ထိ မပြီးနိုင်မပြတ်နိုင် စင် တင်နေရဆဲပဲ ရှိပါသေးတယ်။

စိတ်ကူးယဉ်တယ်ဆိုတာက ကိုယ်ပိုင်အခွင့်အရေးဖြစ်ပေမယ့် ဒီလိုစိတ်ကူးယဉ်မှုတွေကနေ ပြည်သူလူထုကို မျှော်လင့် ချက်မှားတွေ မပေးမိဖို့ကတော့ အလွန်ပဲ အရေးကြီးပါတယ်။ ဗိုလ်သန်းရွှေ စစ်အုပ်စုရဲ့ နယူးကလီးယား စီမံကိန်းမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေအမြောက်အမြား အသုံးပြုနေတာကြောင့် မြန်မာပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်နေရတဲ့ ပ ကတိ အမှန်တရားကို ပြည်သူလူထုနဲ့ နိုင်ငံတကာကို ချပြတာက ကဏ္ဍတပိုင်း၊ နယူးကလီးယားစီမံကိန်းကို အကြောင်းပြ ပြီး မြန်မာပြည်ကို military intervention လုပ်ပါဆိုတာက ကဏ္ဍတပိုင်း။

ဒီကဏ္ဍနှစ်ခုက မတူညီပါဘူး။ ပထမကဏ္ဍက စစ်အုပ်စုရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီး လူထုကြီးကို တော်လှန်ဖို့ တောင်းဆိုတာ၊ နိုင်ငံတကာကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ တောင်းဆိုတာနဲ့ ဆိုင်ပါတယ်။ ဒုတိယကဏ္ဍ ကျတော့ အမျိုးသား အကျိုးစီးပွားနဲ့ သက်ဆိုင်ပါတယ်။ ဒီကဏ္ဍနှစ်ခုက ကွဲပြားပါတယ်။ တိုင်းပြည် တပြည်ရဲ့ အနာဂတ် ကံကြမ္မာ ဖြစ်တာကြောင့် စိတ်ကူးယဉ် မျှော်မှန်းချက်တွေနဲ့ ထင်ရာစိုင်းလို့ မရပါဘူး။ မြန်မာရဲ့ကံကြမ္မာကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကပဲ ဆုံးဖြတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တစုံတရာလိုချင်ရင် တ စုံတခု စွန့်လွှတ်ရမယ်ဆိုတာ လောကကြီးရဲ့ဓမ္မတာဖြစ်ပေမယ့် ဘယ်လို အကြောင်းအရာအတွက်မှ စွန့်လွှတ်ဖို့ မထိုက် တန်တဲ့ အရာဟာ အမျိုးသားအကျိုးစီးပွားပဲ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းမတင်ခဲ့တဲ့အတွက် အစိတ်စိတ်အမြွာမြွာဖြစ်သွားတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအ ပြားပါ။ ပြည်ပနိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကစားပွဲတွေမှာ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်နဲ့ တောင်မရောက်၊ မြောက်မ ရောက်ဖြစ်နေရတဲ့ နိုင်ငံငယ်လေးတွေ အများအပြားပါ။ ဘယ်လိုနိုင်ငံကြီးကမှ သူ့အကျိုးစီးပွားအတွက်မပါဘဲ အပေးအ ယူ မလုပ်ပါဘူး။ နိုင်ငံတကာဆက်ဆံရေး အသိုင်းအဝိုင်းမှာ အပေးအယူဟာ အဆန်းတကြယ်မဟုတ်ပေမယ့် နိုင်ငံငယ် တွေဘက်က ပေးလိုက်ရတာဟာ အမျိုးသားအကျိုးစီးပွား မဖြစ်ဖို့အရေးကိုတော့ နိုင်ငံငယ်လေးတွေရဲ့ နိုင်ငံရေးခေါင်း ဆောင်ဆိုသူများမှာ တာဝန်ရှိပါတယ်။

ကိုးရီးယားလို့ဆိုလိုက်ရင် တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား ဆိုပြီး နှစ်နိုင်ငံဖြစ်နေတာ လူအများက သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် နိုင်ငံနှစ်ခု ကွဲထွက်ရလဲဆိုတာကိုတော့ လူသိနည်းပါတယ်။ လေ့လာဆန်းစစ် သူတွေက နိုင်ငံရေး ခေါင်းဆောင်များရဲ့ ဝါဒရေးရာ ဦးစားပေးမှု၊ စစ်အေးတိုက်ပွဲကာလ ပြည်ပအင်အားကြီးနိုင်ငံများရဲ့ ဝင်ရောက်ခြယ်လှယ် မှု စတာတွေကို ထောက်ပြပြောဆိုကြပေမယ့် အဲဒီခေတ်ကာလ ကိုးရီးယားနိုင်ငံရေး ခေါင်းဆောင်များရဲ့ နိုင်ငံရေး အ မြော်အမြင်နဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ဆုံးဖြတ်ခြင်း အားနည်းချက်တွေကလဲ ကိုးရီးယားစစ်ပွဲကြီး ပေါ် ပေါက်လာရခြင်းရဲ့ အခြေခံအကြောင်းရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်ကြောင်း စစ်ရေးလေ့လာသူတွေက ထောက်ပြဝေ ဖန်ထားကြပါတယ်။ အခုဆက်လက်ပြီး လူထောင်ပေါင်းများစွာ သေဆုံးပြီး ကိုးရီးယားနိုင်ငံကြီးကို နှစ်ပေါင်းများစွာကြာ အောင် တောင်နဲ့မြောက် နှစ်ခြမ်းကွဲစေခဲ့တဲ့ ကိုးရီးယားစစ်ပွဲအကြောင်းကို ရေးသားတင်ပြပါမယ်။

ကမ္ဘာစစ်များမှသည် စစ်အေးတိုက်ပွဲဆီသို့

၂ဝ ရာစု အစောပိုင်းကာလမှာ ကိုးရီးယားနိုင်ငံဟာ ဘုရင်စနစ်ကျင့်သုံးတဲ့ လွတ်လပ်သော နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒီ အချိန်ကာလတွေတုန်းက ကမာ္ဘပေါ်မှာ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားဆိုတာ မရှိခဲ့သေးပါဘူး။ Yi မင်းဆက်က နေ ကိုးရီးယားနိုင်ငံကို နှစ်ပေါင်း ငါးရာကျော်ကြာအောင် အုပ်ချုပ်ခဲ့ပါတယ်။ (၁၉၁၀) ခုနှစ်ရောက်တော့ အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက ကိုးရီးယားနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ဂျပန်တွေက ကိုးရီးယားနိုင်ငံငယ် တခုအဖြစ် အုပ်ချုပ်ခဲ့ပြီး ကိုးရီးယားလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာတွေကို ပျောက်ပြက်သွားအောင် ကြိုးပမ်းခဲ့ပါ တယ်။ စီးပွားရေး၊ အစိုးရနဲ့ အဆင့်မြင့် ပညာရေးနယ်ပယ်တွေမှာ ဂျပန်ဘာသာစကားကို အသုံးပြုခဲ့ပါတယ်။

(၁၉၃၀) နှောင်းပိုင်းကာလရောက်တော့ ဂျပန်က အာရှတိုက်မှာ အင်ပါယာတိုးချဲ့ခဲ့ပါတယ်။ ဂျပန်တပ်မတော်ဟာ မန်ချူး ရီးယားကို သိမ်းပိုက်ပြီး ကိုးရီးယားမြောက်ပိုင်းနယ်စပ်ဒေသကနေ တရုတ်ပြည်ကို သိမ်းပိုက်ဖို့ ကြိုးစားရာကနေ ၁၉၃ရ ခုနှစ်မှာ တရုတ်-ဂျပန်စစ်ပွဲကြီး စတင်လာပါတော့တယ်။ ဂျပန်တွေရဲ့ အင်ပါယာချဲ့ထွင်လာမှုဟာ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်နဲ့ပါ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေကို ဦးတည်လာပါ တယ်။ ၁၉၄၁၊ ဒီဇင်ဘာမှာ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး အမေရိကန်ကို စစ်ကြေညာရာကနေ ပစိဖိတ်စစ်မျက်နှာ မှာ ဒုတိယကမ္ဘာစစ်ကြီး စတင်လာပါတော့တယ်။ ကနဦးအစမှာ ဂျပန်တွေဘက်ကနေ စစ်ရေးအရ အောင်ပွဲတွေ ရခဲ့ပေ မယ့် စစ်ရေးဒီရေအပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၄၅ ခုနှစ်မှာ ဖက်ဆစ်ဂျပန်က လက်နက်ချခဲ့ရပါတယ်။

ဒုတိယကမာ္ဘစစ်ပွဲကာလ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အတွင်းမှာ ဆိုဗီယက်ယူနီယံက မန်ချူးရီးယားနယ်စပ် စစ်မျက် နှာမှာ ဂျပန်ကို တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နိုင်ငံနှစ်ခုအကြား ကြားနေစာချုပ်ချုပ်ဆိုပြီး ဂျပန်နဲ့ ဆိုဗီ ယက်တို့အကြားက စစ်ပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အနုမြူဗုံးကြဲ ပြီး နောက်နှစ်ရက်အကြာမှသာ ဆိုဗီယက်ယူနီယံက ဂျပန်ကို စစ်ကြေညာခဲ့တာပါ။ ဂျပန်လက်နက်ချတဲ့ အချိန်ကျတော့ ဆိုဗီယက်ယူနီယံက မန်ချုးရီးယားကို ဝင်ရောက်သိမ်းပိုက်ပြီး ကိုးရီးယားမြောက်ပိုင်းဒေသအထိ ခြေကုပ်ယူတပ်စွဲခဲ့ပါ တယ်။

ဂျပန်လက်နက်မချမီ ရက်ပိုင်းအလိုပါပဲ အမေရိကန် အစိုးရထိပ်ပိုင်းဆိုင်ရာ အရာရှိများအကြားမှာလဲ ကိုးရီးယားသိမ်းပိုက် ရေး စီမံချက်နဲ့ပတ်သက်ပြီး ပြန်လည်ပြုပြင် ညှိနှိုင်းစရာတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရူးမင်းရဲ့ စစ် ရေးအကြံပေးများက ကိုးရီးယားကို ဇုန်နှစ်ခု ခွဲခြားသိမ်းပိုက်ဖို့ အကြံပြုကြပါတယ်။ ကိုးရီးယား ပထဝီဝင်အနေအထားအ ရ ၃၈ မျဉ်းပြိုင်ရဲ့ မြောက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းပိုက်ဖို့နဲ့ တောင်ပိုင်းဒေသကို အမေရိကန်တပ်များက သိမ်း ပိုက်ဖို့ ဖြစ်ပါတယ်။ ဆိုဗီယက်ခေါင်းဆောင် စတာလင်က ဒီစီမံချက်ကို လက်ခံခဲ့ပါတယ်။ တမုဟုတ်ချင်းပဲ စတာလင်ရဲ့ အမိန့်နဲ့ General Ivan Chistiakov ရဲ့ တပ်တွေမှာ ကိုးရီးယားမြောက်ပိုင်းဒေသမှာ ဖြန့်ကျက်ပြီး နယ်မြေစိုးမိုးရေး ပြု လုပ်ခဲ့ပါတယ်။ များမကြာမီမှာပဲ အမေရိကန်တပ်တွေကနေ ကိုးရီးယားတောင်ပိုင်းကို သိမ်းပိုက်ခြေကုပ်ယူခဲ့ပါတယ်။ အမေရိကန်တပ် အကြီးအကဲကတော့ General John Hodge ဖြစ်ပါတယ်။

(၃၈ မျဉ်းပြိုင်ဆိုတာ မြေပုံပေါ်မှာ ဆွဲထားတဲ့ လိုင်းတခုပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက် အရေးပါ တဲ့ လမ်းမကြီးတွေနဲ့ ရထားလမ်းတွေကို ဖြတ်တောက်ထားပါတယ်)

ဒုတိယကမာ္ဘစစ်မပြီးခင်ကတည်းက ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့က ဂျပန်ကိုဖယ်ရှားပြီးတဲ့အခါ ကိုးရီးယားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မပေးဖို့ သဘောတူထားခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက ကိုးရီးယားနိုင်ငံ လွတ်လပ်ရေး မရခင်မှာ ပြည်ပဦးဆောင်မှုအောက်မှာ ကာလအတိုင်းအတာ တခုအထိနေဖို့ ကိုးရီးယားနိုင်ငံရေး ခေါင်းဆောင်တွေကို အကြံပြုပါတယ်။

ဒါပေမယ့် ကိုးရီးယားပြည်သူလူထုကတော့ ဂျပန်ကို အောင်ပွဲရပြီးတာနဲ့ ကိုးရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ မျှော်မှန်းခဲ့ကြ ပါတယ်။ ကိုးရီးယားပြည်တွင်းမှာ အခြေစိုက်တဲ့ နိုင်ငံရေးအုပ်စုများက အမေရိကန်တပ်တွေ ကိုးရီးယားနိုင်ငံထဲကို စ ရောက်ချိန်မှာပဲ လွတ်လပ်သော ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့ကြပါတယ်။ ဂျပန်ကို တော်လှန်ခဲ့ကြတဲ့ ပြည်တွင်းအခြေစိုက် နိုင်ငံရေးအုပ်စုတွေဟာ နိုင်ငံအနှံ့မှာ ပြည်သူ့ကော်မတီတွေ တည်ထောင်ပြီး အ စိုးရအနေနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့က မနှစ် မြို့ခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံတော်သစ်ကို ကိုးရီးယားပြည်သူတွေရဲ့ ဖန်တီးခွင့်ကို ပေးအပ်လိုခြင်း မရှိပါဘူး။ ကိုးရီးယား နိုင်ငံကို တောင်မြောက်နှစ်ခြမ်းခွဲပြီး သိမ်းပိုက်ခံနယ်မြေများအဖြစ် ကာလ အတန်ကြာ ဆက်ထားလိုပါတယ်။ နောက်ဆုံး သိမ်းပိုက်ခံနယ်မြေများအဖြစ် မထားနိုင်ရင်တောင် သူတို့ရဲ့ ဩဇာခံများကိုသာ ကိုးရီးယားနိုင်ငံခေါင်းဆောင်အဖြစ် တင် မြှောက်လိုကြပါတယ်။ ဒီနေရာမှာ  ပြည်ပကိုရောက်နေတဲ့ ကိုးရီးယားနိုင်ငံရေးသမားများရဲ့ အခန်းကဏ္ဍက အရေးပါလာ ပါတယ်။

ဂျပန်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကို တော်လှန်ရင်း အကြောင်းအမျိုးမျိုးနဲ့ ဆိုဗီယက်ယူနီယံ၊ တရုတ်နဲ့ အမေရိကန်နိုင်ငံ တွေကိုရောက်နေတဲ့ ကိုးရီးယားနိုင်ငံရေးသမားတွေ အများအပြား ရှိပါတယ်။ အင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ ဩဇာ ခံနိုင်ငံရေးသမားတွေကို ရွေးချယ်တဲ့အခါ ပြည်တွင်းမှာထက် ပြည်ပရောက် နိုင်ငံရေးသမားများထဲက ရွေးချယ်ပြီး စင်တင် ပေးလေ့ရှိပါတယ်။ ကိုးရီးယားနိုင်ငံရေး စာမျက်နှာမှာလဲ ဒီအတိုင်းပါပဲ။ ပြည်ပအခြေစိုက် နိုင်ငံရေးသမားတွေ ကိုးရီးယား နိုင်ငံကို ပြန်ဝင်လာတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၅ နှစ်ကြာနေထိုင်ခဲ့တဲ့ အသက် ခုနစ်ဆယ်အရွယ် nation alist တဦးဖြစ်တဲ့ Syngman Rhee ကို အမေရိကန်က ကြိုဆိုခဲ့သလို မန်ချူးရီးယားစစ်မျက်နှာမှာ ဂျပန်ကို တော်လှန်ပြီး နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကာလတလျှောက် ဆိုဗီယက်ပြည်မှာ နေထိုင်ခဲ့တဲ့ communist တဦးဖြစ်တဲ့ Kim II Sung ကိုလဲ ဆိုဗီယက်က ပံ့ပိုးပေးလာပါတယ်။ ဒီလိုနဲ့ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ သိမ်းပိုက်ခံ နယ်မြေဘဝမှာ ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးတွေ ယိုယွင်းလာတာနဲ့အမျှ ကိုးရီးယားတောင်ပိုင်းမြောက်ပိုင်း ညီညွတ်ရေး လမ်းစကလဲ တစတစနဲ့ ပျောက် ကွယ်လာပါတယ်။

(၁၉၄၇) ခုနှစ်မှာ ကွန်မြူနစ်ဝါဒ တကမ္ဘာလုံး ပျံ့နှံ့သွားရေးကို တားဆီးမယ့် အမေရိကန်နိုင်ငံခြားရေး မူဝါဒတွေ ပါဝင်တဲ့ Truman Doctrine ထွက်ပေါ်လာပါတယ်။ ၁၉၄၉ ခုနှစ်ရောက်တော့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့က ပွင့်ပွင့် လင်းလင်း ရန်သူတွေဘဝကို ရောက်နေပါပြီ။ စစ်အေးတိုက်ပွဲကြီးကလဲ စတင်နေပါပြီ။ ကိုးရီးယား နယ်မြေနှစ်ခု ပေါင်းစီး ရေးအတွက် သဘောတူညီမှုက မရခဲ့ကြပါဘူး။ မြောက်ပိုင်းဒေသမှာ ဆိုဗီယက်ယူနီယံက သူစိတ်တိုင်းကျ ဆိုဗီယက်စ တိုင် အစိုးရကို ဖန်တီးပါတယ်။ ပါဝါကို မြောက်ကိုးရီးယား ကွန်မြူနစ်အလုပ်သမားပါတီရဲ့ လက်ထဲမှာထားပြီး၊ အရေးပါ တဲ့ အစိုးရနေရာများကို ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာ နေထိုင်ခဲ့ဖူးတဲ့ ကိုးရီးယားနိုင်ငံရေးသမားများကို နေရာပေး ထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ ၃၈ မျဉ်းပြိုင်မြောက်ပိုင်း သိမ်းပိုက်ဇုန်ကနေ ထွက်ခွာတော့ ဒီနယ်မြေ က ကိုးရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မြောက်ကိုးရီးယားလို့ လူအများသိကြတဲ့ ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ Kim II Sung က သမ္မတဖြစ်လာခဲ့ပါတယ်။

၃၈ မျဉ်းပြိုင်ရဲ့ တောင်ပိုင်း အမေရိကန်သိမ်းပိုက်ခံနယ်မြေမှာတော့ နိုင်ငံရေးအသွင်ကူးပြောင်းမှုက ချောချောမွေ့မွေ့ မရှိ ခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံတော်သစ်ကို တည်ထောင်ပြီး လွတ်လပ်ရေးကြေညာဖို့ လုပ်ခဲ့တဲ့ ပြည်သူ့ကော်မတီတွေကို ကွန် မြူနစ်အမာခံအဖွဲ့တွေဆိုပြီး အမေရိကန် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဖိနှိပ်ခဲ့ကြပါတယ်။ ကမာ္ဘစစ်မတိုင်ခင်က ဂျပန် အင်ပါယာအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဖက်ဆစ်လက်ကိုင်ဒုတ် ရဲအရာရှိတွေနဲ့ ဗြူရိုကရက်တွေကို အသုံးချပြီး အမေရိ ကန်ဩဇာခံ နိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးအဖွဲ့တွေကို ချေမှုန်းသုတ်သင်မှုတွေ ရှိလာပါတယ်။ တောင်ကိုး ရီးယားရဲ့ အဲဒီအချိန်ကာလ နိုင်ငံရေးအခြေအနေဟာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ် စက်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

၁၉၄၈ ရောက်တော့ ကုလသမဂ္ဂက ကြီးကြပ်ပြီး၊ အမေရိကန်ရုပ်သေးနိုင်ငံရေးခေါင်းဆောင် Syngman Rhee အနိုင်ရ စေဖို့ အမေရိကန်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ထွက်ပေါ်လာပါတယ်။ ရွေးကောက်ပွဲပြီး တော့ တောင်ကိုးရီးယားလို့ လူအများသိထားတဲ့ ကိုးရီးယားသမ္မတနိုင်ငံမှာ  Syngman Rhee က သမ္မတဖြစ်လာခဲ့ပါ တယ်။

သူအာဏာရပြီး မကြာခင်မှာပဲ Cheju-do ဆိုတဲ့ ကျွန်းမှာ ပုန်ကန်မှုတွေ ပေါ်ပေါက်လာပြီး ကိုးရီးယားပြည်မအထိ ပြန့်နှံ့ သွားပါတယ်။ Anti-Rhee သူပုန်တွေကို မြောက်ကိုးရီးယားက ကူညီထောက်ပံ့ပေးပါတယ်။ ဒီပုန်ကန်မှုကို  Syngman Rhee က အမေရိကန်စစ်ရေးအကြံပေးတွေနဲ့ အကူအညီနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။ ဒီနှိမ်နင်းမှုမှာ ထောင် ပေါင်းများစွာသော တောင်ကိုးရီးယား ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားခေါင်းဆောင်များဟာ ကိုးရီးယားတနိုင်ငံလုံးကို အုပ်ချုပ်ခွင့်ရဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ် နွေရာသီမှာ ၃၈ မျဉ်းပြိုင်တလျှောက်မှာရှိတဲ့ နှစ်ဘက်စစ်တပ်တွေအကြား ပစ်ခတ်မှု တွေ စတင်လာပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ ၁၉၅ဝ ခုနှစ် ဇွန်လအထိမှာ ပုန်ကန်မှုတွေနဲ့ နယ်စပ်တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ကိုးရီးယားလူမျိုး တသိန်းကျော်ရှိခဲ့ပါတယ်။ ဒီလို ပြည်တွင်းစစ်တွေနဲ့ အစပျိုးပြီး နောက်ပိုင်းမှာ လူအများအ ခေါ်အရ ကိုးရီးယားစစ်ပွဲ၊ စစ်ရေးလေ့လာသူတွေ အခေါ်အရ အင်အားကြီးနိုင်ငံတွေအကြားက proxy war တခု ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးတခု စတင်ဖို့ အချိန်က တစတစ နီးကပ်လာပါတော့တယ်။ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေဟာ ၃၈မျဉ်းပြိုင် ကို ကျော်ပြီး တနိုင်ငံနဲ့ တနိုင်ငံ သိမ်းပိုက်ဖို့ ကြံရွယ်လာကြပါတယ်။ ဒါပေမယ့် ရုပ်သေးကြိုးဆွဲနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့က မီးစိမ်းမပြခဲ့ပါဘူး။

ဒီနေရာမှာ တတိယဇာတ်ကောင်အဖြစ် ဝင်လာခဲ့တာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကာ လက အမေရိကန်ပြည်ထောင်စုဟာ ဆိုဗီယက်ယူနီယံနဲ့ တိုက်ရိုက်ဖြစ်ပွားမယ့် စစ်ကိုဦးတည်စေတဲ့ စစ်ရေးကျူးကျော်မှု တွေ ပြုလုပ်ဖို့ ဆန္ဒမရှိသေးပါဘူး။ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက  Syngman Rhee ရဲ့ အမျိုးသားရေး ဝါ ဒကို သံသယရှိနေခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ စတာလင်ကလဲ အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်လိုသေး ပါဘူး။ မြောက်ကိုးရီးယားခေါင်းဆောင်  Kim II Sung ရဲ့ တောင်ကိုးရီးယားကို သိမ်းပိုက်နိုင်မယ့် အရည်အချင်းကိုလဲ မ ယုံကြည်ကြပါဘူး။ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်လိုက်ရင် အမေရိကန်တပ်တွေ တောင်ကိုးရီး ယားမြေပေါ်ကို ပြန်ရောက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံးက မီးစိမ်း မပြခဲ့ကြတာပါ။

ဒါပေမယ့် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလမှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေက စတင်ပြောင်းလဲ လာပါတော့တယ်။ အဲဒီအ ချိန်မှာ တရုတ်နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်အဆုံးသတ်သွားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်းရဲ့ တပ်တွေဟာ ကူမင်တန် ချန်ကေရှိတ်တပ်တွေကို အနိုင်ရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာပါတော့တယ်။ ကူမင်တန်တပ်တွေက တရုတ်ပြည်အရှေ့ပိုင်း (၁၂၅) မိုင်အကွာမှာရှိတဲ့ မော်မိုဆာကျွန်း (ထိုင်ဝမ်) မှာ သွားပြီး တပ်စွဲကြ ပါတယ်။ (၁၉၅၀) ခုနှစ်၊ ဖေဖော်ဝါရီလကျတော့ မော်စီတုန်းက ဆိုဗီယက်ယူနီယံနဲ့ မဟာမိတ်စာချုပ်မှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒီလိုနဲ့ တရုတ်ပြည်က ကွန်မြူနစ်တွေရဲ့ အောင်ပွဲဟာ အမေရိကန်အစိုးရခေါင်းဆောင်တွေ အာရှအရှေ့ပိုင်းကို အာရုံစိုက် လာစေခဲ့ပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ စတာလင်ရဲ့ ကိုးရီးယားအပေါ် ထားရှိတဲ့အမြင်ကိုလဲ ပြောင်းလဲစေခဲ့ပါ တယ်။ (၁၉၅၀) ခုနှစ်၊ ဇန်နဝါရီလမှာ  Kim II Sung တောင်းဆိုထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စတာလင်က တင် သွင်းပေးခဲ့ပါတယ်။ ဧပြီလရောက်တော့ တရုတ်က အကူအညီပေးမယ်ဆိုရင် တောင်ကိုးရီးယားကို ဝင်တိုက်လို့ ရ ကြောင်း ဆိုဗီယက်တွေက  Kim II Sung ကို ပြောကြားခဲ့ပါတယ်။ မေလမှာ မော်စီတုန်းက  Kim II Sung ရဲ့ စစ်ရေး စီမံချက်ကို လက်ခံခဲ့ပြီး လိုအပ်တဲ့ စစ်ရေးအထောက်အပံ့တွေ ပေးဖို့ သဘောတူညီခဲ့ပါတယ်။ ကိုးရီးယား စစ်ပွဲကြီး စ တင်ဖို့ လမ်းတွေကတော့ ပွင့်သွားခဲ့ပါပြီ။

မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို စတင်တိုက်ခိုက်ပြီ

ကိုးရီးယားစစ်ပွဲကြီး စတင်ခဲ့တဲ့ အချိန်ဟာ (၁၉၅၀) ခု၊ ဇွန်လ (၂၅) ရက်၊ နံနက်လေးနာရီအချိန်မှာပါ။ တောင်ကိုးရီးယား အနောက်ကမ်းရိုးတန်းဒေသက Ongjin ကျွန်းဆွယ်ကို မြောက်ကိုးရီးယား ပြည်သူ့တပ်မတော်က လက်နက်ကြီး အကူအ ညီသုံးပြီး စတင်တိုက်ခိုက်ပါတော့တယ်။ စစ်စတင်ပြီး မကြာခင် အချိန်မှာပဲ ဒီသတင်းဟာ ၃၈ မျဉ်းပြိုင်တလျှောက် အ ရှေ့ဘက် မိုင် ၂၀ဝ ကျော်ကို ပျံ့နှံ့သွားပါတယ်။ ၃၈ မျဉ်းပြိုင်ဆိုတာကလဲ ကာကွယ်ရေးရှုထောင့်အရ အချက်အချာကျ တဲ့ နယ်စပ်မျဉ်းမဟုတ်ပါဘူး။ မြစ်ချောင်းအတားအဆီးနဲ့ တောင်တန်းအတားအဆီးတွေ မရှိပါဘူး။ အဲဒီအချိန်မှာ တောင် ကိုးရီးယား စစ်တပ်အရာရှိတွေနဲ့ သူတို့အားကိုးတဲ့ အမေရိကန်စစ်ဘက် အကြံပေးတွေက ခွင့်ယူထားချိန်ဖြစ်တာကြောင့် နာရီပိုင်းအတွင်းမှာတင် Kaesong ကို မြောက်ကိုးရီးယား တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Churchon ဘက်မှာ ခုခံမှု အနည်းငယ် ကြုံတွေ့ရပေမယ့် မြောက်ကိုးရီးယားတပ်တွေကပဲ အနိုင်ရခဲ့ပါတယ်။

စာရွက်ပေါ်က ဂဏာန်းတွေကိုပဲ ကြည့်မယ်ဆိုရင် မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယား တပ်သားအရေအတွက်က အ တူတူပဲ ဖြစ်ပါတယ်။ စစ်အင်အား ကိုးသောင်းခွဲဆီရှိခဲ့ကြပါတယ်။ ဒါပေမယ့် မြောက်ကိုးရီးယားတပ်မတော်မှာက တရုတ် ပြည်တွင်းစစ်မှာ ကွန်မြူနစ်တွေဘက်ကနေ ဝင်တိုက်ပေးခဲ့ပြီး စစ်သက်အတွေ့အကြုံရှိတဲ့ တပ်သားတွေနဲ့ အရာရှိတွေ ပါ ဝင်နေခဲ့ပါတယ်။ တချို့ကကျတော့ ဆိုဗီယက်တပ်နီတော်မှာ အမှုထမ်းခဲ့သူတွေပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက် စစ်လက်နက် ပစ္စည်းတွေဖြစ်တဲ့ T-34 တင့်ကားတွေ အပါအဝင် လက်နက်အင်အားကလဲ တောင့်တင်းခဲ့ပါတယ်။ တောင် ကိုးရီးယားစစ်တပ်ဘက်မှာကျတော့ အစိုးရက အမေရိကန်ရုပ်သေးအစိုးရ ဖြစ်နေပြီး၊ အမေရိကန်ကိုပဲ အုပ်ချုပ်ရေး၊ စစ် ရေး၊ သူပုန်နှိမ်နင်းရေးတွေမှာ အားကိုးနေရတာ ဖြစ်နေတဲ့အတွက် စစ်သက်အတွေ့အကြုံကလဲနည်းပြီး လေ့ကျင့်သင် ကြားပေးမှုကလဲ အခြေအနေနဲ့ မကိုက်ညီသေး ပါဘူး။

ဒါကြောင့် မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ပြီး သုံးရက်အတွင်းမှာပဲ တောင်ကိုးရီးယားရဲ့ ဆိုးလ်မြို့ တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ရဲ့ တောင်ပိုင်းကို ရှင်းလင်းရေး လုပ်နေတုန်းမှာတင် ဆုတ်ခွာသွားတဲ့ တောင်ကိုးရီး ယားတပ်တွေဟာ ကြောက်လန့်တကြားဖြစ်ပြီး ဟန်မြစ်ပေါ်က တံတားတွေကို ချိုးဖျက်လိုက်တာကြောင်း တံတားတွေ ပေါ်မှာ ရှိနေဆဲဖြစ်တဲ့ ရာပေါင်းများစွာသော အရပ်သားပြည်သူတွေ သေဆုံးသွားခဲ့ပါတယ်။  သူတို့လိုအပ်မယ့် ရိက္ခာ ထောက်ပံ့ရေးနဲ့ စစ်လက်နက် အကူအညီလမ်းကြောင်းတွေကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

(မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ၁၉၅ဝ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ကျူးကျော်ခဲ့ပြီး သုံးရက်အတွင်းမှာ တောင်ကိုးရီးယား မြို့တော် ဆိုးလ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်)

စစ်ပွဲတခုရဲ့ တရားမျှတမှုရှုထောင့်ကနေ ကြည့်ရင်တော့ ဒီပွဲက ပြီးဆုံးသွားပါပြီ။ မြောက်ကိုးရီးယားတပ်တွေက ပြည်ပ လက်နက်အကူအညီ ယူထားပေမယ့် တိုက်ပွဲကို သူတို့ကိုယ်တိုင်ပဲ ဆင်နွှဲခဲ့တာပါ။ တောင်ကိုးရီးယားတပ်တွေကလဲ အ မေရိကန်ရဲ့ လက်နက်အကူအညီတင်သာမက စစ်ရေးအကြံပေးမှုတွေကိုပါ ယူထားပြီး ခုခံတိုက်ပွဲဝင်ခဲ့တာပါပဲ။ ဒီတိုက်ပွဲ မှာ မြောက်ကိုးရီးယား စစ်တပ်က အနိုင်ရသွားခဲ့ပါတယ်။ ကိုးရီးယားတနိုင်ငံလုံးကို ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်ဖို့ Kim II Sung ရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ မော်စီတုန်းတပ်တွေက ချန် ကေရှိတ်တပ်တွေကို အနိုင်ယူခဲ့သလိုမျိုးပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ဘယ်နည်းဘယ်ဖုံ တည်ဆောက်ကြမယ်ဆိုတာ ကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တရုတ်ပြည်သူတွေရဲ့ အရေးကိစ္စပါပဲ။ တရုတ်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို တရုတ် ပြည်သူနဲ့ ခေါင်းဆောင်တွေကသာ ဖန်တီးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုးရီးယားပြည်သူတွေမှာတော့ ဒီအခွင့်အရေး မရှိခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို ကိုးရီး ယားပြည်သူတွေ ဖန်တီးခွင့် မရခဲ့ကြပါဘူး။ ကိုးရီးယား အချင်းချင်း တိုက်ကြတဲ့ ပွဲမှာ သူတို့ရဲ့ ရုပ်သေးဩဇာခံ အစိုးရ အုပ်ချုပ်နေတဲ့ တောင်ကိုးရီးယားဒေသရဲ့ စစ်တပ်တွေ စစ်ရှုံးတာကို အမေရိကန်နဲ့ မဟာမိတ်တွေက မနှစ်မြို့ခဲ့ကြပါဘူး။ ဗြိတိသျှဝန်ကြီးချုပ် အက်တလီက naked aggression လို့ ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်ကလဲ သူ့ဩဇာခံနိုင်ငံ ဘက်ကနေ ဝင်ရောက်ကူညီပေးဖို့ စတင်ကြိုးပမ်းလာပါတော့တယ်။ ပမာဆိုရရင် ငါးနှစ်အရွယ် ကလေးတွေကို အချင်း ချင်း နပန်းလုံးကြတာမှာ ကိုယ့်ကလေးက မနိုင်တဲ့အခါ လူကြီးတွေကပါ တဘက်က ကလေးငယ်ကို ဝင်ရိုက်ကြသလိုမျိုး ပါ။ အဲဒီအချိန်ကာလက အမေရိကန်ရဲ့ ရုပ်သေးအဆင့်လောက်သာရှိသေးတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလဲ အမေ ရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို legitimate ဖြစ်အောင် ပြုလုပ်ပေးပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက တောင်ကိုးရီးယားကို လိုအပ်တဲ့ ကူညီထောက်ပံ့မှု ပေးရမယ်လို့ ယူအက် လုံခြုံရေးကောင်စီက ကြေညာပါတော့တယ်။ ဒီတုန်းက ဒုတိယကမာ္ဘစစ်ကြီးပြီးစ၊ စစ်အေးတိုက်ပွဲစကာစအချိန်မှာ တခါမှ မကွဲခဲ့ဖူးတဲ့ ကိုးရီးယားနိုင်ငံကို မြေပုံပေါ်မှာ တောင်နှင့်မြောက်ဖြစ်အောင် အမေရိကန်စစ်ဘက်အကြံပေးများက ခွဲခဲ့ပြီးမှ ကိုးရီးယား ပြည်သူအချင်းချင်း စစ်တိုက်ပြီး တဘက်မှ တဘက်ကို အနိုင်ရမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်တာ မထိ ခိုက်တာတော့ မသေချာ။အမေရိကန်ရဲ့ ကွန်မြူနစ်နှိမ်နင်းရေး Truman Doctrine ကို အရှိုက်ထိသွားတာတော့ သေချာ ပါတယ်။ ယူအင်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနောက်နိုင်ငံတွေ အလိုကျမဖြစ်အောင် check and balance လုပ်ပေး နိုင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကလဲ ယူအင်မှာ မရောက်သေးပါ။ ယူအင်မှာ တရုတ်ထိုင်ခုံကို ယူထားတာက ချန်ကေရှိတ်အစိုးရ ဖြစ်ပါတယ်။ ဆိုဗီယက်ကလဲ အမေရိကန်နဲ့ ထိပ်တိုက် မတွေ့လိုသေးပါ။ ဒါကြောင့် ယူအင်က အမေရိ ကန် စိတ်တိုင်းကျ စီမံလို့ရတဲ့ နေရာကြီးတခု ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဇွန်လ ၂ရ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ UN Resolution ကို ကိုင်ပြီး အမေရိကန်က စတင်လှုပ်ရှားပါတော့တယ်။ ဂျပန်မှာ အခြေစိုက်နေတဲ့ အမေရိကန် ဗိုလ်ချုပ် Douglas MacArthur ကို ကိုးရီးယား ဆိုးလ်မြို့ရဲ့ တောင်ပိုင်း ဟန်မြစ် ကမ်းတဘက်က တောင်ကိုးရီးယားတပ်တွေဆီကို သွားဖို့ စေလွှတ်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ် မက်စ်အာ သာ စစ်မြေပြင်ကိုရောက်သွားတော့ သွေးပျက်နေတဲ့ တောင်ကိုးရီးယားစစ်တပ်ကို တွေ့ရပါတော့တယ်။ သွေးပျက်နေတဲ့ တပ်သားတွေနဲ့ တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် အမေရိကန်တပ်သားတွေ ဝင်ရောက်စစ်ကူတိုက်ခိုက်မှ ရမယ် ဆိုတဲ့အကြောင်း ထရူးမင်းဆီကို အစီရင်ခံစာရောက်ပါတယ်။ အမေရိကန် သမ္မတက နောက်တနေ့မှာပဲ ယူအက်စ်တပ် တွေကို တောင်ကိုးရီးယားကို စပြီး ပို့ပါတော့တယ်။ အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution ကို ကိုင်ထားတဲ့အတွက် တခြားယူအင်နိုင်ငံတွေကလဲ တောင်ကိုးရီးယားဘက်ကနေ ကူညီတိုက်ခိုက်ရပါတော့တယ်။ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက ကုလသမဂ္ဂတပ်တွေအနေနဲ့ ပါဝင်အား ဖြည့်ကြပါတယ်။

ဒါပေမယ့်လဲ ခြေလျင်စစ်သည်တွေအနေနဲ့ တောင်ကိုးရီးယားတပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတာက အမေရိကန်စစ် သည်တွေပါ။ အမေရိကန်စစ်တပ်က မြောက်ကိုးရီးယားတပ်တွေကို အလွယ်တကူချေမှုန်းနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အမေရိကန်တပ်တွေဝင်လာပြီး သုံးပတ်အတွင်းမှာလဲ စစ်ပွဲဟာ သူတို့ မျှော်မှန်းသလောက် မလွယ်ကူမှန်း သိသွားကြပါတော့တယ်။ တောင်ကိုးရီးယားက အမေရိကန်ရုပ်သေးအစိုးရကို တော်လှန်နေကြတဲ့ တော်လှန်ရေးသမား သူပုန်တွေကလဲ အမေရိကန်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဇူလိုင် (၂၀) မှာ အမေ ရိကန် ဗိုလ်ချုပ် William F. Dean ကို မြောက်ကိုးရီးယားတပ်က အရှင်ဖမ်းမိသွားပါတယ်။

ဇူလိုင်အကုန်ရောက်တော့ တောင်ကိုးရီးယားရဲ့ အနောက်ပိုင်းဒေသတခုလုံးဟာ မြောက်ကိုးရီးယား တပ်မတော်လက်ထဲ ကို ကျရောက်သွားပါပြီ။ အမေရိကန်နဲ့ တောင်ကိုးရီးယား စစ်တပ်တွေက Pusan Port ကို ဆုတ်ခွာကြပါတယ်။ စစ်ကူမ ရောက်ခင်မှာ Pusan Port တဝိုက်မှာ ခြေကုပ်ယူပြီး ခံစစ်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ တချိန်တည်းမှာပဲကြွက်မ နိုင်၊ ကျီမီးရှို့တဲ့လုပ်ရပ်ကို အမေရိကန်တွေက စလုပ်လာပါတော့တယ်။ အရပ်သားတွေ အခြေချနေထိုင်တဲ့ နယ်မြေဒေ သတွေအပါအဝင် မြောက်ကိုးရီးယားတပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီလိုလေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် မြောက်ကိုးရီးယားတပ်သားတွေသာမက တောင်ကိုးရီးယား အရပ်သား ပြည်သူအများအပြားပါ သေကြေပျက်စီးခဲ့ရပါတယ်။

ဩဂုတ်လအစပိုင်းမှာ အမေရိကန်နဲ့ တောင်ကိုးရီးယားတပ်တွေဟာ ခံတပ်ခိုင်မာဖို့ ကြိုးပမ်းနေရဆဲပဲ ရှိပါသေးတယ်။ မြောက်ကိုးရီးယားတပ်တွေက Pusan Port နဲ့ မိုင်ငါးဆယ်ပဲ ဝေးတဲ့ Mason ကို ချီတက်လာကြပါပြီ။ အမေရိကန်စစ်တပ် က Lieutenant General Walton Walker က မရင်းတပ်မကြီးနဲ့ မြောက်ကိုးရီးယားတပ် ချီတက်ရာလမ်းကြောင်းကို ပိတ်ဆို့ဖို့ လုပ်ပါတယ်။ ဒါပေမယ့်လဲ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် ချေမှုန်းရေးတပ်တွေကို မလွှတ်တော့ပဲ ခံစစ်ဒေသ ခိုင်မာရေးကိုသာ ဦးတည်ကြိုးပမ်းကြပါတော့တယ်။

Pusan Preimeter မြေပုံ

Pusan Perimeter က တောင်ကနေ မြောက်အထိ မိုင်ရှစ်ဆယ် ကျယ်ဝန်ပြီး၊ အရှေ့အနောက် မိုင်ငါးဆယ်ခန့် ကျယ်ဝန်း ပါတယ်။ အရှေ့ဘက်မှာ Pohangdon မြို့ နဲ့ Yonil လေတပ်အခြေစိုက်စခန်း ရှိပါတယ်။ စစ်ရေးအချက်အချာကျတဲ့ နေ ရာတွေ ဖြစ်တာကြောင့် အမေရိကန်နဲ့ တောင်ကိုးရီးယားတပ်တွေက အသည်းအသန် ကာကွယ်ခဲ့ကြရပါတယ်။ ဒါပေ မယ့်လဲ ဩဂုတ်ဒုတိယပတ်ရောက်တော့ ဒီနေရာတွေကို မြောက်ကိုးရီးယားတပ်တွေက သိမ်းပိုက်လိုက်တာကြောင့် အ မေရိကန်တပ်တွေနဲ့ တောင်ကိုးရီးယားတပ်တွေက ပင်လယ်ဘက်ကနေ ထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ အမေရိ ကန်လေတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်လာတာကြောင့် မြောက်ကိုးရီးယားတပ်တွေက ဆုတ်ခွာပေးလိုက်ရပါတယ်။

မြောက်ကိုးရီးယားတပ်တွေက အမေရိကန်တပ်တွေရဲ့ ရှေ့တန်းဗျူဟာရုံးနဲ့ တောင်ကိုးရီးယား အစိုးရယာယီ ရုံးစိုက်ရာ မြို့ဖြစ်တဲ့ Taegu ကို အာရုံစိုက်လာပါတယ်။ မြောက်ကိုးရီးယားတပ်တွေ နီးကပ်လာတာကြောင့် တောင်ကိုးရီးယားအစိုး ရက Pusan ကို ထွက်ပြေးရပါတော့တယ်။ နိုင်ငံရေးအချက်အချာနေရာဟာ Pusan ဖြစ်လာတာကြောင့် မြောက်ကိုးရီး ယားခေါင်းဆောင် Kim II Sung က စက်တင်ဘာ (၁) ရက်မတိုင်မီမှာ သိမ်းပိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အမေရိကန် ရဲ့ ရုပ်သေးအစိုးရဖြစ်တဲ့ တောင်ကိုးရီးယားအစိုးရကို အမေရိကန်စစ်တပ်က အထူးကာကွယ်ပေးခဲ့ရပါတယ်။ နောက်ဆုံး အမေရိကန်စစ်တပ်နဲ့တင် မလုံလောက်တော့ပဲ ဗြိတိန်ရဲ့ အကူအညီကိုပါ တောင်းခံလာတာကြောင့် ဩဂုတ်လနှောင်း ပိုင်းမှာ ဗြိတိသျှတပ်မတခုက Pusan မှာ ခြေကုပ်သွားယူရပါတော့တယ်။

ဩဂုတ် (၃၁) မှာ မြောက်ကိုးရီးယားစစ်တပ်က General Kim Chaik ရဲ့ Pusan စစ်ဆင်ရေးကြီး စတင်လာပါတယ်။ ဒါ ပေမယ့် နိုင်ငံသုံးခုရဲ့ စစ်တပ်သုံးခု ပူးပေါင်းပြီး ခုခံကာကွယ်နေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ စက်တင်ဘာ (၈) ရက် မှာ နှစ်ဘက်စလုံးက တဘက်နဲ့တဘက် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲဒီအချိန်မှာပဲ အမေ ရိကန် စစ်တပ်က ဗိုလ်ချုပ် မက်စ်အာသာရဲ့ Operation Chromite စစ်ဆင်ရေးကြီးက စတင်လာပါတော့တယ်။ စစ်ပွဲကြီး စတင်ချိန်တုန်းက တောင်ကိုးရီးယား အနောက်ပိုင်း Ichon Port ကို သိမ်းပိုက်ပြီး ဆိုးလ်မြို့တော်ကို ပြန်လည်သိမ်းပိုက်ဖို့ စီမံချက်ရှိခဲ့ဖူးပါတယ်။ မြောက်ကိုးရီးယားလက်ထဲကို ကျရောက်နေတဲ့ ဆိုးလ်မြို့တော်ကို သိမ်းပိုက်နိုင်မှသာ ဆက်သွယ် ရေးလမ်းကြောင်းနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ပြီး Pusan Perimeter ကို အာရုံစိုက်နေတဲ့ မြောက်ကိုးရီးယားတပ်တွေ ပြန်လည်ဆုတ်ခွာရေးကို ပြုလုပ်နိုင်မယ်လို့ ယူဆတာကြောင့် ဒီစီမံချက်ကို အသက်သွင်းဖို့ စတင်ကြိုးပမ်းပါတော့တယ်။ ဒီစစ်ဆင်ရေးအတွက် အထူးတပ်ဖြစ်တဲ့ X Corps ကို ဖွဲ့စည်းခဲ့ပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့မှာ အမေရိကန်တပ်တွေက Inchon ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဆိုလ်း ကို သိမ်းပိုက်ဖို့ ကြိူးပမ်းတာမှာ မြောက်ကိုးရီးယားစစ်သည် နှစ်သောင်းကျော်က ကာကွယ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အမေရိကန်တပ်တွေက အင်အားဖြည့် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် စစ်တင်ဘာ (၂၀) မှာ ဆိုးလ်မြို့တော်ရဲ့ ဆင်ခြေဖုန်း ဒေသတွေအထိ အမေရိကန်တပ်တွေ ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ ဆိုးလ်မြို့တော်ကို အမေရိကန်တပ်တွေက သိမ်းပိုက် ပြီးချိန်မှာ  Pusan Perimeter မှာ ရင်ဆိုင်ထိန်းချုပ်တိုက်ပွဲဝင်နေတဲ့ မြောက်ကိုးရီးယားတပ်တွေက ရှေ့က အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုးရီးယားတပ်တွေနဲ့ နောက်က အမေရိကန် X Corps တွေအကြားမှာ ညပ်သွားပါတယ်။ မြောက်ကိုးရီး ယားတပ်တွေ အားပျော့လာချိန်မှာ  ဗိုလ်ချုပ်မက်အာသာ ကိုယ်တိုင် တောင်ကိုးရီးယားကိုသွားပြီး အမေရိကန်နဲ့ ယူအင် တပ်တွေကြောင့် အသက်ဆက်နေရတဲ့ တောင်ကိုးရီးယားအစိုးရကို အသက်ပြန်သွင်းပေးခဲ့ပါတယ်။ အမေရိကန် ရုပ်သေး ကိုးရီးယားခေါင်းဆောင် Syngman Rhee ကို သမ္မတရာထူးပြန်ပေးအပ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော မြောက် ကိုးရီးယားတပ်သားတွေ စစ်အကျဉ်းသားတွေ ဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကာလတုန်းက လူ့အခွင့်အရေးဆိုတာကလဲ ကမ္ဘာ မှာ ကျယ်ကျယ်လောင်လောင် မရှိသေးပါဘူး။  စစ်မြေပြင်ရာဇဝတ်မှုတွေကို နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြတာပါ။ မြောက်ကိုးရီးယားတပ်တွေရဲ့ စစ်အကျဉ်းသားဖြစ်ခဲ့တဲ့ အမေရိကန်တပ်သားတွေနဲ့ တောင်ကိုးရီးယား တပ်သားတွေသာ မက တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေရဲ့ စစ်အကျဉ်းသားဖြစ်ခဲ့တဲ့ မြောက်ကိုးရီးယား တပ်သားတွေပါ  နှိပ်စက် ညှဉ်းပန်းခံခဲ့ကြရတာပါပဲ။ အပြန်အလှန် စွပ်စွဲကြပြီး စစ်နိုင်သူက သူုလိုရာဆွဲရေးတဲ့ သမိုင်းတွေကိုသာ လူအများသိခွင့် ရကြတာကတော့ စစ်ပွဲတိုင်းရဲ့ ထုံးစံတခုပါပဲ။

စစ်ပွဲကာလအတွင်းမှာ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကို နှစ်ဘက်စလုံးက ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်စစ်သားနဲ့ တောင်ကိုးရီးယားစစ်သားတွေကို ဖမ်းမိတဲ့အခါ မြောက်ကိုးရီးယားတွေက နားနောက်မှာ သေနတ်ထောက်ပြီး တချက် တည်းနဲ့ အသေ ပစ်သတ်ပါတယ်။ တောင်ကိုးရီးယားတွေကလဲ ကွန်မြူနစ်လို့ သံသယရှိတဲ့ အရပ်သားတွေကိုပါ အစု လိုက်အပြုံလိုက် ပစ်သတ်ပါတယ်။ အမေရိကန်စစ်သားတွေဟာ တောင်ကိုးရီးယားတပ်တွေနဲ့အတူ နယ်မြေရှင်းလင်းရေး ထွက်ချိန်တွေမှာ ကျေးလက်ဒေသက ကွန်မြူနစ်ဝါဒ ထောက်ခံသူ အရပ်သား တောင်သူလယ်သမားတွေကို တောင်ကိုး ရီးယားစစ်တပ်က ပစ်သတ်မှုတွေမှာပါ ပါဝင်ခဲ့ကြရပါသေးတယ်။ တောင်ကိုးရီးယားအစိုးရဟာ အမေရိကန်အသက်သွင်း မှုကြောင့်သာ အသက်ရှင်နေပေမယ့် တောင်ကိုးရီးယား အရပ်သားပြည်သူ အများစုကတော့ ကွန်မြူနစ်ဝါဒကိုသာ ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့်လဲ  Syngman Rhee အစိုးရနဲ့ စစ်တပ်က ကျေးလက်ဒေသက ကွန်မြူနစ်အမာခံတွေ ကို သူပုန်တွေလို့ သံသယရှိတာနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

အဖမ်းမခံရတဲ့ မြောက်ကိုးရီးယားတပ်သားတွေက တောင်ကိုးရီးယားမှာ ရှိနေတဲ့ တော်လှန်ရေးသမားသူပုန်တွေနဲ့ လက် တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြပြန်ပါတယ်။ သူတို့တွေက ပြည်သူထဲမှာ တပ်ဖျောက်နေပါတယ်။ တောင်ကိုးရီးယားတွေ က တော်လှန်ရေးသမားနဲ့ မြောက်ကိုးရီးယားတွေကို ရှာလို့ မတွေ့တော့ သူတို့ အခြေစိုက်မယ်ထင်တဲ့ နယ်မြေဒေသတွေ ကို သူပုန်နယ်မြေတွေ သတ်မှတ်ပြီး အမေရိကန်တွေကို ဗုံးကြဲခိုင်းပါတယ်။ ဒီဗုံးဒဏ်တွေကြောင့် အရပ်သားထောင်ပေါင်း များစွာရဲ့ အသက်တွေ ကြွေလွင့်ခဲ့ရပြန်ပါတယ်။

စစ်ပွဲက မပြီးသေးပါဘူး။ စက်တင်ဘာ (၂၇) ရက်ရောက်တော့ အမေရိကန်အစိုးရက ဗိုလ်ချုပ်မက်အာသာကို မြောက်ကိုး ရီးယားကို ကျူးကျော်သိမ်းပိုက်ခွင့်ပေးလိုက်ပါတယ်။ ၃၈ မျဉ်းပြိုင်ကို ကျော်ပြီး မြောက်ကိုးရီးယားစစ်တပ်ကို ချေမှုန်းဖို့ ခွင့်ပြုချက်ရသွားပါတယ်။ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ဖို့ ကြိုးပမ်းလို့ တောင်ကိုးရီးယားကို ဝန်း ရံကာကွယ်ဖို့ Resolution ထုတ်ပေးခဲ့တဲ့ ယူအင်ကလဲ အမေရိကန်တပ်တွေက မြောက်ကိုးရီးယားကို ကျူးကျော်ဖို့လုပ် တော့ ရေငုံနှုတ်ပိတ်ပါပဲ။ အောက်တိုဘာ (၁) ရက်နေ့ရောက်တော့ ယူအင်ရဲ့ Commander in Chief အနေနဲ့ ဗိုလ်ချုပ် မက်အာသာက မြောက်ကိုးရီးယားခေါင်းဆောင်တွေကို

‘I, as the United Nations Commander in Chief, call upon you and the forces under your command, in whatever part of Korea situated, forthwith to lay down your arms and cease hostilities under such military supervision as I may direct….’

လို့ ဆိုခဲ့ပါတယ်။

တင်းမာမှုအခြေအနေက တစတစ ဆိုးလာခဲ့ပါပြီ။ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့အကြားက ဝါဒရေးရာအား ပြိုင်မှုတွေကို ပြည်ပစွက်ဖက်မှုတွေက အားဖြည့်ပေးထားတဲ့ စစ်ပွဲမှာ အမေရိကန်တပ်တွေက သူတို့ ရုပ်သေး တောင်ကိုး ရီးယားဘက်က ဝင်တိုက်ပေးရုံမက မြောက်ကိုးရီးယားကိုပါ သိမ်းပိုက်ဖို့ ခြိမ်းချောက်လာပြန်ပါတယ်။ အမေရိကန်က ယူ အင်ကို ကြိုးကိုင်ပြီး ယူအင်အရေခြုံထားတာကြောင့် ယူအင်အဖွဲ့နဲ့ နိုင်ငံတွေကပါ ကန့်လန့်ကန့်လန့် ပါနေကြပါတယ်။ နှစ်ဘက် နိုင်ငံရေ၊ စစ်ရေးကစားပွဲက တရားမျှတမှု လုံးဝ မရှိတော့ပါဘူး။ ဒီလိုအခြေအနေမှာ မြောက်ကိုးရီးယားကို ကျောထောက်နောက်ခံ ပေးခဲ့တဲ့ ဆိုဗီယက်ယူနီယံက လက်ပိုက်ကြည့်နေခဲ့ပေမယ့် မြောက်ကိုးရီးယားနဲ့ နယ်နိမိတ်ချင်း ဆက်ဆံနေတဲ့ တရုတ်အနေနဲ့ကတော့ လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။

ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်မှာကလဲ ချန်ကေရှိတ်တပ်တွေကို မော်စီတုန်းတပ်တွေက အနိုင်ယူပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကြီးကို တည်ထောင်ပြီးဖြစ်ပေမယ့် ယူအင်က အမေရိကန်ကျောထောက် နောက်ခံပေးထားတဲ့ ချန်ကေရှိတ်အစိုးရ ကိုပဲ တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုပြီး လုံခြုံရေးကောင်စီ ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းထားဆဲပါ။ မြောက်ကိုးရီး ယားကို သိမ်းပိုက်ဖို့ပြင်နေတဲ့ အမေရိကန်စစ်ရေး မျှော်မှန်းချက်တွေရဲ့ နောက်ဆက်တွဲမှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေမှုကို အခွင့်ကောင်းယူပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာနိုင်ဖွယ် consequences တွေကလဲ ရှိ နိုင်ကြောင်း တရုတ်မဟာဗျူဟာကျွမ်းကျင်သူတွေက သံသယရှိလာကြပါတယ်။ ဒါကြောင့် မော်စီတုန်းအစိုးရဟာ မြောက် ကိုးရီးယားကို အမေရိကန်သိမ်းပိုက်သွားပြီး အမေရိကန်ရုပ်သေး တောင်ကိုးရီးယားအစိုးရ လက်အောက်မှာ ထည့်သွင်း သွားမယ့် အရေးကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။

စစ်ပွဲတွင်းသို့ တရုတ်ဝင်လာပြီ

မူလအစတုန်းက အမေရိကန်နဲ့ ယူအင်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုဟာ တောင်ကိုးရီးယားကို ကာကွယ်ပေးဖို့လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ လကုန်ရောက်တော့ အမေရိကန်က ယူအင်အရေခြုံပြီး မြောက်ကိုးရီးယားကိုပါ ဝင် ရောက်ကျူးကျော်ပြီး မြောက်ကိုးရီးယားစစ်တပ်ကို ချေမှုန်းဖို့ ဖြစ်လာပါပြီ။ အမေရိကန်မဟာဗျူဟာ ကျွမ်းကျင်သူအချို့ က ဒါနဲ့ ပတ်သက်ပြီး သဘောမတူခဲ့ကြပါဘူး။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ တက်လာတော့မယ်လို့ ယူ ဆပြီး သတိပေးခဲ့ကြပါတယ်။ သူတို့ရဲ့ သတိပေးချက်တွေကြောင့် အမေရိကန်သမ္မတ ထရူးမင်းက တရုတ်၊ ဆိုဗီယက်တို့ နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာကို စိုးရိမ်လာပါတယ်။ တရုတ်ပြည်နဲ့ မြောက်ကိုးရီးယားနယ်စပ်ဖြစ်တဲ့ Yalu မြစ်ကြောင်း တလျှောက်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ တခြားစစ်ရေးအော်ပရေးရှင်းတွေ မပြုလုပ်ရဘူးလို့ ဗိုလ်ချုပ်မက်အာသာကို အ မိန့်ပေးခဲ့ပါတယ်။ တရုတ်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ရလေအောင် တရုတ်နယ်စပ်နဲ့ မိုင်လေးဆယ်အတွင်းမှာ လှုပ်ရှားခြင်း မပြုဖို့ကိုလဲ မဟာဗျူဟာ ကျွမ်းကျင်သူတွေက တွက်ချက်တင်ပြပေးထားခဲ့ပါတယ်။ စစ်တင်ဘာ (၃၀) ရက် မှာပဲ မော်စီတုန်းအစိုးရက အမေရိကန်နိုင်ငံကို

‘The Chinese people absolutely will not tolerate foreign aggression, nor will they supinely tolerate seeing their neighbours being savagely invaded by imperialists’ ဆိုပြီး သတိပေးခဲ့ပါတယ်။ ဒါဟာ နယ်နိမိတ်ချင်း ထိစပ် နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားဖြစ်ပါတယ်။

အမေရိကန်က ဒီလိုသတိပေးချက်ကို အလေးအနက် မထားခဲ့ပါဘူး။ တရုတ်နယ်စပ်ကို မရောက်သေးသရွေ့ တရုတ်အ စိုးရနဲ့ ပြဿနာဖြစ်နိုင်ဖွယ် မရှိဘူးလို့ ယူဆထားခဲ့ကြပါတယ်။ အောက်တိုဘာလရောက်တော့ ဗိုလ်ချုပ်မက်အာသာ တပ် တွေက မြောက်ကိုးရီးယားကို ကျူးကျော်ပါတော့တယ်။ အောက်တိုဘာလ (၁၂) ရက်နေ့မှာ မြောက်ကိုးရီးယား မြို့တော် Pyongyang ကို အမေရိကန်တပ်တွေ အများအပြားပါဝင်တဲ့ ယူအင်တပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ အောက်တိုဘာလ (၁၉) ရက်နေ့ရောက်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ခြေမြန်တပ်ရင်းအချို့က Yalu မြစ်ကိုကျော် ဖြတ်ပြီး မြောက်ကိုးရီးယားနယ်မြေထဲကို ချဉ်းနင်းဝင်ရောက် လာကြပါတော့တယ်။ နောက်ပိုင်းမှာ မြောက်ကိုးရီးယား စစ် မြေပြင်အတွက် အသုံးပြုတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ လက်အောက်ခံတပ်တွေကို တရုတ်ပြည်သူ့ ဝန်ထမ်းတပ်လို့ အမည်ခွဲခြား သတ်မှတ်ခဲ့ပါတယ်။

အောက်တိုဘာ (၂၅) ရက်နေ့ရောက်တော့ တရုတ်တပ်တွေနဲ့ ယူအင်တပ်တွေ စတင်ထိတွေ့မှု ဖြစ်ပြီး နိုဝင်ဘာ (၆) ရက်နေ့အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ (၆) ရက်နေ့ရောက်တော့ ယူအင်တပ်တွေ ဘက်က အထိနာလာတာကြောင့် ဆုတ်ခွာပြီး ပြန်လည်စုစည်းရပါတော့တယ်။ တရုတ်တပ်တွေကလဲ တောင်တန်းတွေ အကြားမှာ ပြောက်ကျား အသွင်နဲ့ ပြန်လည်ပျောက်ကွယ် သွားပြန်ပါတယ်။ အမေရိကန်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဗြိတိန်တပ် တွေက တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ပြီး အပစ်အခတ်ရပ်စဲရေး ဇုန်တခု သတ်မှတ်သင့်ကြောင်း အမေရိကန်ဗိုလ်ချုပ် တွေကို တင်ပြကြပါတယ်။

ဒါပေမယ့် အမေရိကန်တွေက လက်မခံခဲ့ကြပါဘူး။ နိုဝင်ဘာ (၂၄) ရက်နေ့ရောက်တော့ ဗိုလ်ချုပ်မက်အာသာက နောက် ဆုံးအပြီးသတ်တိုက်ပွဲ ဆင်နွှဲဖို့ သူ့တပ်တွေကို အမိန့်ပေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်နေကြတဲ့ စစ်ဆင်ရေးမှူး တွေက အလွန်ပဲ စိုးရွံ့ကြပါတယ်။ မြောက်ကိုးရီးယား တောင်တန်းတွေအကြားမှာ ဆောင်းရာသီ စစ်ဆင်ရေး ပြုလုပ်ရ တာဟာ အမေရိကန်တပ်တွေအတွက် မလိုလားအပ်တဲ့ တောင်းဆိုမှုဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။ တောင်တန်းတွေ အ ကြားမှာ နေရာယူတပ်ဖျောက်ထားတဲ့ တရုတ်စစ်သည်အင်အားကိုလဲ မခန့်မှန်းနိုင်ကြပါဘူး။

ဒါပေမယ့်လဲ စစ်မိန့်ဖြစ်တာကြောင့် ကြောက်လန့်တကြားနဲ့ပဲ စစ်ဆင်ရေးထွက်ခဲ့ကြပါတယ်။ တောင်တန်းတွေ အကြားမှာ တော့  တရုတ်တပ်မတော် General Peng Dehuai ရဲ့ တရုတ်စစ်သည် နှစ်သိန်းကျော်က စောင့်ကြိုနေကြပါတယ်။ တ ရုတ်စစ်သည်တွေမှာ အမေရိကန်တပ်တွေလို လက်နက်ကြီးပစ်ကူတွေ၊ တင့်ကားတွေ၊ လေကြောင်းအကူအညီတွေ မရှိ ခဲ့ကြပါဘူး။ ဒါပေမယ့် နာရီအနည်းငယ်အတွင်းမှာပဲ အမေရိကန်နဲ့ ယူအင်တပ်တွေရဲ့ ညာတောင်ပံစစ်ကြောင်းကို ဖောက်ပြီး တောင်ကိုးရီးယားတပ်တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၈) ရက်နေ့ရောက်တော့ ယူအင်ရဲ့ အမှတ် (၈) တပ်မတော် ဆုတ်ခွာသွားရပါတယ်။ ဆုတ်ခွာရာမှာလဲ တရုတ်တပ်တွေနဲ့ မြောက်ကိုးရီးယားတပ်တွေက ချုံခိုတိုက် ခိုက်ကြတာကြောင့် အမေရိကန်ရဲ့ 2nd Division တပ်ကြီးတခုလုံး တိုက်ခိုက်ရေးအတွက် ပြန်လည်စုဖွဲ့လို မရအောင်ကို ဖွဲ့စည်းပုံပျက်သွားခဲ့ရပါတယ်။

အရှေ့ဘက်စစ်မျက်နှာမှာလဲ ယူအင်တပ်အင်အား တသောင်းခုနစ်ထောင်ကျော်ဟာ လမ်းကျဉ်း လမ်းမြောင်လေးတွေ ကနေ အသည်းအသန် ဆုတ်ခွာထွက်ပြေးကြရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ရောက်တော့ ယူအင်တပ်တွေဟာ ၃၈ မျဉ်း ပြိုင်အနီးအနားမှာတောင် မရှိကြတော့ပါဘူး။ သုံးလနီးပါးကြာခဲ့တဲ့ ဒီထိတွေ့မှုတွေမှာ တရုတ်စစ်သည် လေးသောင်း ကျော် သေဆုံးခဲ့ပါတယ်။ များသောအားဖြင့် အမေရိကန်လေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူတွေ ကြောင့်ပါ။

နှစ်ဘက်စလုံး အထိနာမှုတွေကြောင့် အင်အားဖြည့်ရင်း ခေတ္တထိတွေ့မှုရပ်ဆိုင်းသွားပါတယ်။ ဒါပေမယ့် ကမ္ဘာ့အင်အား ကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအကြားမှာ တတိယကမ္ဘာစစ်ဆိုတဲ့ စကားလုံးက ဝင်လာခဲ့ပါပြီ။ မဟာဗျူဟာ ကျွမ်း ကျင်သူတွေက ကိုးရီးယားစစ်ပွဲကနေ တဆင့် အမေရိကန်နဲ့ မဟာမိတ်အရင်းရှင်နိုင်ငံတွေက တဘက်၊ ဆိုဗီယက်-တ ရုတ်နဲ့ ကွန်မြူနစ်နိုင်ငံတွေကတဘက် ဆင်နွှဲတဲ့ တတိယကမ္ဘာစစ်ကြီးဖြစ်လာမှာကို စိုးရိမ်လာကြပါတော့တယ်။ အဲဒီအ ချိန်ကာလမှာ ဆိုဗီယက်နိုင်ငံမှာကလဲ နယူးကလီးယား လက်နက်ရှိနေပြီမို့ တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင် အမေရိကန် ကရော၊ ဆိုဗီယက်ကပါ နယူးကလီးယား သုံးမယ့် အနေအထားမှာ ရှိလာခဲ့ပါပြီ။ ဒီအခြေအနေကိုလဲ နှစ်ဘက်စလုံးက မလိုလားကြပါဘူး။ တတ်နိုင်သမျှ စစ်ပွဲကို ရှောင်လိုကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် အက်တလီက ကိုးရီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ကို စစ်ရေးအရ၊ နိုင်ငံရေးအရ ထောက်ခံ ထားတာ ဖြစ်ပေမယ့်လဲ ဆိုဗီယက်ယူနီယံနဲ့ ထိပ်တိုက်တွေ့ပြီး ကမ္ဘာစစ်ဖြစ်မယ့် အခြေအနေကို မလိုလားပါဘူး။ ဒါ ကြောင့် ဒီဇင်ဘာ လဆန်းမှာကတည်းက ဝါရှင်တန်မှာ အရေးပေါ်အစည်းအဝေးလုပ်ပြီး ဗြိတိန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်း မ ပြုပဲ ကိုးရီးယားကို အနုမြူဗုံး မကြဲပါဘူး ဆိုတဲ့ ကတိကို အမေရိကန်သမ္မတ ထရူးမင်းဆီကနေ မရအရ တောင်းယူခဲ့ပါ တယ်။ ဗြိတိန်က ဦးဆောင်ပြီး တရုတ်နဲ့ အမေရိကန်အကြားမှာ Peace Initiative လုပ်ဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ပါဘူး။

(၁၉၅၁) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ရောက်တော့ တရုတ်တပ်တွေဟာ ရေခဲနေတဲ့ Imjin River ကို တညလုံးဖြတ် ကူးပြီး တဘက်ကမ်းက တောင်ကိုးရီးယားတပ်တွေဆီ ရောက်လာချိန်မှာ တောင်ကိုးရီးယားစစ်သည်တွေ ကြောက်လန့် တကြားနဲ့ ထွက်ပြေးကြရပါတော့တယ်။ ဆိုးလ်မြို့တော်ကို ကာကွယ်ဖို့အတွက် ယူအင်တပ်တွေမှာ အင်အားနည်းနေ တာကြောင့် ဇန်နဝါရီလ (၃) ရက်နေ့မှာ မြို့ကနေ ဆုတ်ခွာပြီး မြို့တောင်ပိုင်း မိုင်ငါးဆယ်အကွာမှာ နေရာယူပြီး ထိုးစစ် ပြင်ဖို့ ပြန်လည်စုဖွဲ့ပြင်ဆင်ကြရပါတယ်။ ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ယူအင်တပ်တွေဘက်က ပြန်ပြီး ထိုးစစ်ဆင်ခဲ့ပါ တယ်။ ဖေဖော်ဝါရီနဲ့ မတ်လ တလျှောက်မှာ ထိတွေ့မှု အကြိမ်များစွာဖြစ်ခဲ့ပြီး မတ်လ (၁၄) ရက်နေ့ကျမှ ဆိုးလ်မြို့တော် ကို ယူအင်တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဧပြီလထဲရောက်တော့ ယူအင်တပ်တွေက ၃၈ မျဉ်းပြိုင်အနီးကို ပြန်လည်ချဉ်းကပ်လာနိုင်ပါပြီ။ အဲဒီအချိန်မှာပဲ ထရူးမင်းရဲ့ စစ်ရေးအကြံပေးတွေက ငြိမ်းချမ်းရေး လုပ်ဖို့ အကြံပြုလာကြ ပါတယ်။ ထရူးမင်းရဲ့ ငြိမ်းချမ်းရေး ခြေလှမ်းတွေကို ယူအင်ထဲက မဟာမိတ်တွေကလဲ လက်ခံကြပါတယ်။ ထင်ထင်ရှား ရှား ဆန့်ကျင်နေတာကတော့ ဗိုလ်ချုပ်မက်အာသာပါ။ သူက ကွန်မြူနစ်တရုတ်တွေနဲ့ compromise လုပ်စရာ မလိုဘူး လို့ ဆိုခဲ့ပါတယ်။ တရုတ်ပြည်မကြီးကို လေကြောင်းကနေ ထိုးစစ်ဆင်ပြီး ချန်ကေရှိတ်တပ်တွေကို မော်စီတုန်းတပ်တွေနဲ့ ထိပ်တိုက် ပြန်တွေ့ပေးဖို့ အကြံပြုပါတယ်။ အလုံးစုံအောင်ပွဲ ရရှိရေးကိုပဲ ဦးတည်သင့်ကြောင်း ဆိုခဲ့ပါတယ်။

စစ်ပွဲတိုင်းမှာ အဆုံးသတ်အောင်ပွဲရချင်မှ ရနိုင်မှာပါ။ တခါတရံမှာ စစ်ရေးအမြင်တခုတည်းနဲ့ မဆုံးဖြတ်ပဲ နိုင်ငံရေးအမြင် နဲ့ပါ ပေါင်းစပ်ဆုံးဖြတ်ရတာ ရှိပါတယ်။ မက်အာသာ ပြောသလို တရုတ်ပြည်မကြီးကို တိုက်ခိုက်ခြင်းအားဖြင့် ဆိုဗီယက် ယူနီယံကို စစ်ပွဲထဲဆွဲသွင်းရာ ရောက်သွားပါမယ်။ အဲဒီကနေ တတိယကမ္ဘာစစ်ကြီးကို escalation ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ကို အမေရိကန်နဲ့ ဗြိတိန်က မဟာဗျူဟာလေ့လာရေး ပညာရှင်တွေက တင်ပြပြီး compromise လုပ်ဖို့ကို အကြံ ပြုခဲ့ကြပါတယ်။ နောက်ဆုံး အေပြီလ (၁၁) ရက်နေ့မှာ ဗိုလ်ချုပ်မက်အာသာက သူ့ရဲ့ aggressive policy တွေကို လူသိ ရှင်ကြားထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းမှာ ထရူးမင်းက သူ့ရဲ့ ဗိုလ်ချုပ်ကြီးကို အနားပေးလိုက်ရပါတော့တယ်။ သူ့နေ ရာမှာ General Ridgway ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ မေလရောက်တော့ ကိုးရီးယားစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြ တဲ့ ခန့်မှန်း နှစ်ဘက်စစ်အင်အားက ဆယ်သိန်းကျော်ဖြစ်နေပါပြီ။ တရုတ်တပ်အင်အား ငါးသိန်းကျော်၊ မြောက်ကိုးရီးယား တပ် အင်အားနှစ်သိန်းနီးပါး၊ တောင်ကိုးရီးယားအက်အား နှစ်သိန်းကျော်နဲ့ အမေရိကန်နဲ့ ယူအင်အက်အား နှစ်သန်းခုနှစ် သောင်းကျော်ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းကြပြီ

ဇွန်လရောက်တော့ တရုတ်မော်စီတုန်းအစိုးရက ကိုးရီးယားစစ်ပွဲမှာ အပစ်အခတ်ရပ်စဲလိုကြောင်း ဆိုဗီယက်ယူနီယံကို အသိပေးပြောခဲ့ပါတယ်။ အဲဒီလမှာပဲ အမေရိကန်ကနေ ဆိုဗီယက်သံအမတ်ကို ၂၈ မျဉ်းပြိုင်ဟိုဘက်ဒီဘက်မှာ အပစ်အ ခတ်ရပ်စဲဖို့ကို သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်ဘက်စလုံးက တိုက်ခိုက်မှုတွေ ရပ်တန့်လိုတာကြောင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲက အဆင်ပြေမယောင်ရှိခဲ့ပေမယ့် တဘက်နဲ့ တဘက် ယုံကြည်မှု အားနည်းချက်တွေကြောင့် နောက် ထပ်နှစ်နှစ် ထပ်ကြာခဲ့ပါတယ်။ ကိုးရီးယား တောင်နဲ့ မြောက်ကို စစ်ရေးအရ တဘက်နဲ့ တဘက် ကျူးကျော်ပြီး ပြန်လည် ပေါင်းစည်းပေးဖို့ခက်ခဲကြောင်း နှစ်ဘက်စလုံးက သဘောတူ လက်ခံထားခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်တပ်တွေအကြား ထိတွေ့မှုတွေကတော့ ရှိနေဆဲပါပဲ။ တဘက်နဲ့ တဘက် စစ်ရေးအရ အနိုင်မ ယူနိုင်တာကို နှစ်ဘက်စလုံးက သိနေကြပေမယ့် တွေ့ဆုံညှိနှိုင်းမှုမှာ တဘက်နဲ့တဘက် ဖိအားပေးနိုင်ဖို့ တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ အောက်တိုဘာလရောက်တော့ Main Line of Resistance သတ်မှတ်ပြီး နှစ်ဘက်စလုံးက ထိပ်တိုက်ရင် ဆိုင်ထားတဲ့ အခြေအနေမှာပဲ ရှိပါတော့တယ်။ Conflict Stalemate အဆင့်ကို ရောက်နေပါပြီ။ ဒီလိုအချိန်မှာ negotiate ion အောင်မြင်ဖို့ အခွင့်အလမ်းအများဆုံး အခြေအနေပါ။

တောင်ကိုးရီးယားက အမေရိကန် ရုပ်သေးအစိုးရအကြီးအကဲ Rhee က အပစ်အခတ်ရပ်စဲရေးကို သဘောမတူညီပါဘူး။ မြောက်ကိုးရီးယားကို သိမ်းပိုက်နိုင်တဲ့အထိ အမေရိကန်ရဲ့ စစ်ရေးအကူအညီရဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် အမေရိကန် တွေကို လွှမ်းမိုးနိုင်တဲ့ ဩဇာအာဏာ မရှိပါဘူး။ တကယ်တမ်း ဆွေးနွေးညှိနှိုင်းကြတော့ တောင်ကိုးရီးယားက အမေရိ ကန်က token representation အဆင့်မှာပဲ ထားခဲ့ပါတယ်။ တကယ်တန်းကျတော့ တွေ့ဆုံညှိနှိုင်းပွဲမှာ တဘက်က အ မေရိကန်နဲ့ တခြားတဘက်က တရုတ်နဲ့ မြောက်ကိုးရီးယားတို့ ဆွေးနွေးခဲ့ကြတာပါ။

နိုဝင်ဘာလရောက်တော့ နှစ်ဘက်စလုံးက armistice line ထားဖို့ သဘောတူညီခဲ့ပါတယ်။ (၁၉၅၂)ခုနှစ်၊ ဖေဖော်ဝါရီလ ရောက်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ အကျယ်တဝင့် အချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ထပ်ဆွေးနွေးဖို့ကျန်တဲ့ ကြီးမားတဲ့ပြဿနာကတော့ စစ်အကျဉ်းသား ပြဿနာပါ။ နှစ်ဘက်ထိပ်တိုက် တိုက်ခိုက် မှုဖြစ်နေချိန်မှာ စစ်အကျဉ်းသား ပြဿနာဆိုတာ ဒုတိယအဆင့်မှာ ထားရမှာ ဖြစ်ပါတယ်။ ပထမအဆင့်က နှစ်ဘက် အ ပစ်ရပ်သွားအောင် ညှိနှိုင်းဖို့ပါ။ ပြီးတော့မှ အကျဉ်းသားကိစ္စကို ဆွေးနွေးရမှာပါ။ အကျဉ်းသားကိစ္စကို ရှေ့တန်းတင်ဆွေး နွေးဖို့ ကြိုးစားတဲ့ ဘယ်လို ညှိနှိုင်းဆွေးနွေးပွဲမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးဆိုတာက တဘက်နဲ့ တဘက် အန္တရာယ်မပြုဘူး ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်ပြီးမှ စတင်ရတဲ့အရာ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးက တော်ရုံတန်ရုံ အ လွယ်တကူ ဆုံးဖြတ်လို့ရတဲ့ ကိစ္စရပ်မဟုတ်ပါ။ ဆွေးနွေးညှိနှိုင်းပွဲတွေကို ဒီတောင်းဆိုချက်က စရင် အဲဒီကနေ ရှေ့ဆက် မတက်ပဲ ဖြစ်တတ်ပါတယ်။

အမေရိကန်နဲ့ တရုတ်၊ မြောက်ကိုးရီးယားတို့ရဲ့ ဆွေးနွေးပွဲမှာလဲ ဒီကိစ္စကို ဒုတိယအဆင့်ရောက်မှ ဆွေးနွေးကြတာမှာ တောင် ရှေ့ဆက်တက်ဖို့ အခက်အခဲတွေ ဖြစ်သွားရပါတယ်။  armistice line နဲ့ သာ မရှိခဲ့ရင် ဆွေးနွေးပွဲတွေ ချက်ချင်း ရပ်ပြီး စစ်ကြီးပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ယူအင်ဘက်က တပ်တွေမှာက စစ်အကျဉ်းသား တသိန်းခွဲရှိနေပါ တယ်။ မြောက်ကိုးရီးယားဘက်မှာကလဲ စစ်အကျဉ်းသားတွေအများအပြား ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်တွေက all for all exchange ကို သဘောမတူပါဘူး။ စစ်အကျဉ်းသားတွေကို ကွန်မြူနစ်တိုင်းပြည်တွေဆီ ပြန်ခြင်း၊ မပြန်ခြင်းနဲ့ ပတ်သက်ပြီး ရွေးချယ်မှုပေးရမယ်လို့ ဆိုပါတယ်။ ဒါကို တရုတ်နဲ့ မြောက်ကိုးရီးယားဘက်က အလွန်ပဲ ဒေါသထွက်ကုန် ကြပါတယ်။

တောင်ကိုးရီးယားမှာရှိနေတဲ့ စစ်အကျဉ်းသား ထိန်းသိမ်းရေး စခန်းတွေမှာ အစာရေစာ ပြတ်လပ်မှုနဲ့ ညှဉ်းပန်းနှိပ်စက် မှုခံနေရတဲ့ ကွန်မြူနစ်တပ်သားတွေဟာ ဘယ်လိုအကြောင်းနဲ့မှ ဆက်နေစရာ အကြောင်း မရိဘူးလို့ သူတို့က ဆိုခဲ့ပါ တယ်။ မေလမှာ ဖြစ်တဲ့ Koje Camp ဆန္ဒပြပွဲမှာ အမေရိကန်တပ်တွေက တင့်ကားတွေအသုံးပြုပြီး နှိမ်နင်းခဲ့တဲ့ အထိပါ။ တပြိုင်နက်တည်းမှာပဲ အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ကလဲ မြောက်ကိုးရီးယား ထိန်းသိမ်းရေး စခန်းတွေထဲက စစ်အ ကျဉ်းသားတွေအတွက် စိုးရိမ်နေကြရပါတယ်။ နှစ်ဘက်စလုံးက စစ်အကျဉ်းသား ထိန်းသိမ်းရေး စခန်းတွေအားလုံးမှာ ရိုက်နှက်မှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အစာရေစာ မလုံလောက်မှုတွေကတော့ ရှိနေခဲ့တာပါပဲ။

တချိန်တည်းမှာပဲ ဆွေးနွေးပွဲကို အကြောင်းပြထားစဉ်ကာလမှာ တောင်ကိုးရီးယားဗိုလ်ချုပ် Paek Sun-yop က တောင် ကိုးရီးယားနိုင်ငံထဲမှာ ရှိနေတဲ့ ကွန်မြူနစ်တွေကို သုတ်သင်ရှင်းလင်းရေး ပြုလုပ်ပါတယ်။ တောင်ကိုးရီးယား ကွန်မြူနစ် တော်လှန်ရေးကို ၁၉၅၂ ခု၊ ဇန်နဝါရီမှာ Ratkiller ဆိုတဲ့ အော်ပရေးရှင်းနဲ့ ချေမှုန်းခဲ့ကြပါတယ်။ (၁၉၅၂) ကာလတွေမှာ နှစ်ဘက်စလုံးကတော့ အဆုံးသတ်အောင်ပွဲ စစ်ဆင်ရေးမဟုတ်တဲ့ ထိတွေ့မှုတွေကို ဆက်တိုက် ပြုလုပ်နေခဲ့ကြပါတယ်။ ဇွန်လ (၂၃) မှာ Yalu မြစ်ပေါ်က Supung dam နဲ့ တခြား dam သုံးခုကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တာကြောင့် မြောက်ကိုးရီးယားနဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားခဲ့ပါတယ်။

အမေရိကန်နဲ့ ယူအင်တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ကာကွယ်ဖို့အတွက် မြောက်ကိုးရီးယားနဲ့ တရုတ်တပ်တွေက (၇၄၅) မိုင်အရှည်ရှိတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်း ကွန်ယက်ကြီးကို စတင်ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာ တ ရုတ်စစ်သည်အင်အား တသန်းကျော်က ကိုးရီးယားစစ်မြေပြင်မှာ ရောက်နေခဲ့ပါပြီ။ ယူအင်တပ်အင်အား ရှစ်သိန်းကျော် ကလဲ စစ်မြေပြင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံရေးအပြောင်းအလဲတွေကလဲ စဖြစ်လာပါတယ်။ အမေရိ ကန်မှာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး ဗို်လ်ချုပ်ကြီးဖြစ်တဲ့ အိုင်ဆစ်ဟောင်ဝါက သမ္မတဖြစ်လာပါပြီ။ တချိန်တည်းမှာပဲ ဆိုဗီယက်မှာလဲ စတာလင် သေဆုံးသွားခဲ့ပါပြီ။ ဆိုဗီယက် ခေါင်းဆောင်တွေက ဆွေးနွေးပွဲကို အချိန်တိုအတွင်း အပြီး ဖြတ်ဖို့ ဖိအားပေးလာပါတော့တယ်။

မေလမှာ ယူအင်တပ်တွေက မြောက်ကိုးရီးယားမြို့တော် Pyongyang ရဲ့ မြောက်ပိုင်းက ရေကာတာတွေကို ဗုံးကြဲဖျက် ဆီးပစ်လိုက်တာကြောင့် ရေလွှမ်းမိုးမှုဖြစ်လာပြီး မြောက်ကိုးရီးယားရဲ့ လယ်ယာမြေတွေ ပျက်စီးသွားပါတယ်။ ပြည်သူလူ ထုမှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီလိုဖြစ်ပြီး မကြာခင်မှာပဲ နှစ်ဘက်စလုံးက သဲသဲမဲမဲ တိုက်ခိုက်မှုတွေ လုပ် ကြပါတယ်။ ဇူလိုင်လထဲမှာ တပတ်အတွင်းမှာတင် ယူအင်တပ်တွေဘက်က စစ်သည် သုံးသောင်းကျော် ကျဆုံးပါတယ်။ တရုတ်နဲ့ မြောက်ကိုးရီးယားဘက်မှာ ဒီထက်ပိုပြီး အသေအပျောက်များမယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ဖိအားများလာတာနဲ့အမျှ ဆွေးနွေးပွဲအရှိန်ကလဲ မြန်လာပါတယ်။

အမေရိကန်ရုပ်သေးအစိုးရတောင်ကိုးရီးယား ခေါင်းဆောင် Rhee က တဘက်နဲ့ တဘက် သဘောတူထားတဲ့ စစ်အ ကျဉ်းသားဖလှယ်ရေး သဘောတူညီချက်ကို ဖောက်ဖျက်ပြီး အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါတယ်။ ဆွေးနွေးပွဲ ပျက်ပြားဖို့ နည်းမျိုးစုံနဲ့ ကြံစည်ပါတယ်။ ဒါပေမယ့် အထိနာနေပြီဖြစ်တဲ့ အမေရိကန်တပ်မှူးတွေနဲ့ တရုတ်၊ မြောက်ကိုးရီး ယား တပ်မှူးတွေကို ဆွေးနွေးပွဲကို အပျက်မခံကြတော့ပါဘူး။ (၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာပဲ ARMISTICE ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတော့တယ်။ သုံးနှစ်၊ သုံးလနဲ့ သုံးရက်ကြာခဲ့တဲ့ စစ်ကြီးကတော့ ပြီးဆုံးသွားပါပြီ။

စစ်ပွဲကြီး အပြီးမှာ

(၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ UN Command ဘက်က General William K. Harrison နဲ့ ကွန်မြူနစ်အင်အား စုတွေဘက်က Nam II တို့က armistice ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီစာချုပ်မှာ  အပြီးသတ်ငြိမ်းချမ်းရေးစာချုပ် အတွက် နိုင်ငံတကာကွန်ဖရင့်တခုကျင်းပဖို့ သတ်မှတ်ချက်ပါရှိပါတယ်။ ဒီသတ်မှတ်ချက်အရ (၁၉၅၄) ခု၊ အေပြီလမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ တရုတ်တို့က နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ ယူ အင်ဘက်က ကိုးရီးယားကျွန်းဆွယ်တခုလုံးမှာ ယူအင်က စောင့်ကြည့်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီး ကိုးရီးယားကို ပြန်လည်ပေါင်းစည်းဖို့ အကြံပြုချက်တင်ပါတယ်။ ကွန်မြူနစ်တွေဘက်က ကိုးရီးယားမြေပေါ်မှာ ရောက်နေတဲ့ နိုင်ငံခြား တပ်တွေအားလုံး ရွေးကောက်ပွဲမတိုင်မီ ထွက်ခွာပေးဖို့ တောင်းဆိုပါတယ်။  ဒီအကြံပြုချက်၊ တောင်းဆိုချက်တွေနဲ့ ပတ် သက်ပြီး ဘယ်လိုမှ ဆက်လက်ညှိနှိုင်းလို့ မရခဲ့ပါဘူး။ (၁၉၅၃) ခုနှစ်၊ ဩဂုတ်လမှာ လက်မှတ်ရေးထိုးထားတဲ့ အမေရိ ကန်နဲ့ တောင်ကိုးရီးယား (Republic of Korea) တို့ အကြားက Mutual Defence Treaty က အောက်တိုဘာလက တည်းက အသက်ဝင်နေပါပြီ။

ဒီလိုနဲ့ပဲ နောင်နှစ်ပေါင်း ခြောက်ဆယ်နီးပါး အချိန်ကာလအထိ အမေရိကန် eighth US Army, US Air Forces Korea (USAFK), US Naval Forces Korea (CNFK), Marine Forces Korea (MARFORK) တို့ကလဲ Combined Forces Command ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ တပ်စွဲထားဆဲပါပဲ။ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကလဲ ကွဲပြားနေဆဲ ပါပဲ။

မိုင်ပေါင်း (၁၆၀) ရှည်လျားပြီး၊ နှစ်မိုင်ခွဲ အကျယ်ရှိတဲ့ ကိုးရီးယားနှစ်နိုင်ငံအကြားက Demilitarized Zone (DMS) မှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေ၊ nuclear tensions တွေ၊ Naval clashes တွေကလဲ အများအပြားပါ။ ၁၉၆၆ ခု၊ အောက်တို ဘာလမှာ စတင်ခဲ့တဲ့ သုံးနှစ်ကြာ DMS ပဋ္ဋိပက္ခမှာ အမေရိကန်တပ်သား လေးဆယ်ကျော်အပါအဝင် တောင်ကိုးရီးယား တပ်သား သုံးရာနီးပါးနဲ့ မြောက်ကိုးရီးယားတပ်သား လေးရာကျော် သေဆုံးခဲ့ပါတယ်။ (၁၉၆၈) ခုမှာ ဖြစ်ပွားခဲ့တဲ့ တောင် ကိုးရီးယားသမ္မတ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာလဲ မြောက်ကိုးရီးယား ကွန်မင်ဒိုတွေအပါအဝင် တောင်ကိုးရီးယား ရဲတွေနဲ့ အရပ်သားတွေမှာ သေဆုံးခဲ့ပါတယ်။ ၁၉၆၈၊  ၁၉၆၉၊ ၁၉၇ဝ ခုနှစ်တွေမှာလဲ မြောက်ကိုးရီးယားကွန်မင်ဒိုများက တောင်ကိုးရီးယား နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်မှာတော့ မြောက်ကိုးရီးယားကနေ တောင်ကိုးရီးယားကို ကျူးကျော်ဝင်ရောက်ဖို့ ဆောက်လုပ်ထားတဲ့ ဥမင် လှိုဏ်ခေါင်းတခုကို တောင်ကိုးရီးယားတပ်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (၁၉၇၅) ခုနှစ်မှာ ဒုတိယ ဥမင်လှိုဏ်ခေါင်း တ ခုကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၇၆) ခုနှစ်မှာလဲ နယ်စပ်ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုးရီးယားကွန်မင်ဒိုတွေနဲ့ တောင်ကိုးရီးယားတပ်တွေ ထိတွေ့မှာ ဖြစ်ပွားခဲ့ပြီး၊ ဩဂုတ်လမှာတော့ ကမ္ဘာကျော်  The Axe Murder Incident ဖြစ် ပွားခဲ့ပါတယ်။  (၁၉၇၇) ခုနှစ်မှာတော့ မြောက်ကိုးရီးယားနယ်မြေထဲကို ကျွံသွားတဲ့ American CH-47 Chinook helicopter ပစ်ချခံခဲ့ရပါတယ်။ (၁၉၇၈) ခုနှစ် မှာ တတိယ ဥမင်လှိုဏ်ခေါင်းတခုကို တောင်ကိုးရီးယားတပ်တွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၇၉) ခုနှစ်မှာလဲ မြောက်ကိုးရီးယားအေးဂျင့်များရဲ့ ကျုးကျော်ဝင်ရောက်မှုတွေ ရှိခဲ့ပြီး၊ မြောက်ကိုးရီး ယားမိုင်းကွင်းထဲကို တပ်ကျွံသွားတဲ့ အမေရိကန်တပ်သားအချို့လဲ သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ (၁၉၈၀) ကနေ (၁၉၉၂) ခုအထိမှာလဲ မြောက်ကိုးရီးယားကျူးကျော်မှုတွေ ရှိခဲ့ပြီး၊ (၁၉၉၀) မှာတော့ ဥမင်လှိုဏ်ခေါင်းတွေ ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာ မြောက်ကိုးရီးယားနယ်မြေထဲကို ဆယ်ကီလိုမီတာကျော်ပြီး ဝင်သွားတဲ့ American OH-58A+ helicopter ပစ်ချခံခဲ့ရပါတယ်။ (၁၉၉၆) ခုနှစ်မှာ  Joint Security Area ထဲကို မြောက်ကိုးရီးယားတပ်တွေ ဝင်ရောက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်ကနေ (၂၀၀၆) ခုနှစ်အထိ တောင်ကိုးရီးယား နယ်စပ်ကို ကျူး ကျော်ဖို့ အားထုတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

(၂၀၀၆) ခုနှစ်မှာ မြောက်ကိုးရီးယားက ပထမဆုံး နယူးကလီးယား စမ်းသပ်မှု စတင်ပြုလုပ်ခဲ့ပြီး၊ (၂၀၀၉) ခုနှစ်မှာ ဒုတိ ယအကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ nuclear tensions တွေအပြင်  naval clash တွေလဲ အများအပြား ဖြစ်ပွားခဲ့ပါ တယ်။ (၁၉၉၉) ခုနှစ်မှာ မြောက်ကိုးရီးယား ကင်းလှည့်ရေယာဉ် ခြောက်စီးဟာ Yellow Sea Maritime Border ကို ကျူး ကျော်ဝင်ရောက်ခဲ့တဲ့အတွက် တောင်ကိုးရီးယားရေတပ်နဲ့ ထိတွေ့မှု ကိုးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်၊ ဇူလိုင်လ မှာ မြောက်ကိုးရီးယား ရေပိုင်နက်ထဲကို ရောက်သွားတဲ့ တောင်ကိုးရီးယား ငါးဖမ်းရေယာဉ်ကို မြောက်ကိုးရီးယားရေတပ် က ဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်ပွားခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်၊ စက်တင်ဘာလမှာ တောင်ကိုးရီးယား ရေပိုင်နက်ထဲကို မြောက်ကိုးရီးယား naval vessel တစီးက ဝင်ရောက်မှု ဖြစ်ပွားခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်၊ မတ်လမှာတော့ တောင်ကိုးရီး ယား စစ်ရေယာဉ် Cheonan ကို မြောက်ကိုးရီးယား စစ်ရေယာဉ်က တော်ပီဒိုနဲ့ ပစ်ခတ်ပြီး နစ်မြှုပ်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ (၂၀၁၀)၊ နိုဝင်ဘာလမှာတော့ မြောက်ကိုးရီးယားတပ်တွေက တောင်ကိုးရီးယား Yeonpyeong island ကို လက် နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ရာက တောင်ကိုးရီးယားဘက်က ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်နိုင်ငံ အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး တောင်ကိုးရီးယားဘက်က K-9 155mm self-propelled howitzers တွေ အ သုံးပြုရုံမက လေတပ် F-16 jets တွေကို ပဋိပက္ခဖြစ်ပွားရာ ဒေသကို စေလွှတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ၂၁ရာစု၊ ကိုးရီးယားစစ်ပွဲကြီး ထပ်မံဖြစ်ပွားလာတော့မှာကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံက ရင်တမမနဲ့ စိုး ရိမ်ခဲ့ကြရပါတယ်။ ၂၁ ရာစုမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြားက စစ်ရေးအသွင်နဲ့ ထိပ်တိုက်ရင်ဆိုင် ထိတွေ့မှုကို အင်အားကြီးနိုင်ငံတွေက စစ်ခေါင်းဆောင်များအပါအဝင် မည်သူမျှ လိုလားခြင်း မရှိကြပါဘူး။ Character of war က ၂၁ ရာစုမှာ ပြောင်းလဲသွားခဲ့ပါပြီ။ Deterrence strategy ကို အသုံးပြုကြပေမယ့် conflict escalation ဆက်မဖြစ်သွား အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလက ဖြစ်ပွားခဲ့တဲ့ ကိုးရီးယား စစ်ပွဲဟာ လူမျိုးရေး၊ ဘာသာ ရေး၊ အိုင်ဒီရော်လော်ဂျီတွေပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံငယ်လေးတွေကို သင်ခန်းစာတွေ အများကြီး ပေးခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အရေးကို အဖြူ၊ အမည်း ကွဲပြားမှု လိုင်းတခုတည်းပေါ်ကနေ ဆုံးဖြတ်လို့ မရပါ ဘူး။ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေး အမြင်၊ နိုင်ငံတကာရေးရာ ရှုထောင့်တွေ အားလုံးကို ထည့်သွင်းတွက်ချက်ပြီး သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတခုရဲ့ နိုင်ငံရေးအကူးအပြောင်း ကာလတွေကိုလဲ အမြော်အ မြင်ကြီးစွာနဲ့ စနစ်တကျပြင်ဆင်စီမံကြဖို့ လိုအပ်ပါတယ်။ ကိုလိုနီစနစ် အဆောက်အအုံကြီးကို ဖြိုချမယ်၊ ဘုံရန်သူကို ဖြို မယ်ဆိုပြီး အကြမ်းမဖက်တော်လှန်ရေးလုပ်ခဲ့တဲ့ India နိုင်ငံကြီးလဲ လွတ်လပ်ရေးရတာမှ မကြာသေးခင် ခေါင်းဆောင်ပါ လုပ်ကြံခံရပြီး ပြည်တွင်းစစ်တွေနဲ့ နှစ်ခြမ်းစကွဲသွားခဲ့ရာက ထပ်ဆင့် ကွဲပြဲမှုတွေပါ ကြုံခဲ့ရဖူးပါတယ်။ လက်နက်ကိုင် တော်လှန်ရေးတွေ၊ လူထုတိုက်ပွဲတွေ ပေါင်းစပ်ပြီး ဖြိုခဲ့တဲ့ မြန်မာနိုင်ငံမှာလဲ လွတ်လပ်ရေး မရခင်ကတည်းက ခေါင်း ဆောင်တွေ လုပ်ကြံခံရပြီး ပြည်တွင်းစစ်တွေ ဖြစ်လိုက်တာ နောက်ဆုံးစစ်အာဏာရှင် စနစ်ဆိုးအောက်မှာ အဆုံးသတ်ခါ နီးဆဲဆဲပါပဲ။ ဒီလိုနိုင်ငံတွေ ကမ္ဘာတဝှမ်းလုံးမှာ အများကြီးရှိခဲ့ပါတယ်။

ဒါတွေကို ကိုလိုနီ အမွေဆိုးကြောင့်ဆိုပြီး ဒေါသထွက်ကြ၊ စိတ်နာကြနဲ့ အချိန်တွေ ကုန်လာကြရင်း၊ ကိုယ့်ဘက်က အား နည်းခဲ့ကြတဲ့ ညီညွတ်ရေးတည်ဆောက်မှု၊ နိုင်ငံရေးအတွေးအခေါ် အားနည်းမှု၊ မင်းလောင်းမျှော်မှု၊ ခေါင်းဆောင်ကိုး ကွယ်မှု၊ နောက်ကျောဓားထိုးမှု စတဲ့ အမွေဆိုးတွေကိုတော့ တယုတယ အမွေဆက်ခံလာကြတဲ့ နိုင်ငံလေးတွေလဲ အများ ကြီးရှိနေဆဲပါ။ စနစ်ဆိုတဲ့ အဆောက်အဦးတခုကို ဖြိုချရင်ပဲဖြစ်ဖြစ်၊ ပြုပြင်ရင်ပဲဖြစ်ဖြစ် ကြိုတင်တွက်ချက် စဉ်းစားထား ရမယ့် အချက်အလက်တွေ၊ ရှုမြင်သုံးသပ်ပြင်ဆင်ထားရမယ့် ကဏ္ဍတွေကလဲ အများအပြားပါ။ စဉ်းစားသုံးသပ်၊ ပြင်ဆင် ထားကြဖို့ လိုအပ်ပါတယ်။

ပိုပြီး အရေးကြီးတာက စနစ်တခုကို ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့၊ ပြုပြင်ဖို့ အခွင့်အာဏာကို လုကြရင်းနဲ့ တရားရုံးမှာ အ မွေတက်လုကြတဲ့ ညီအစ်ကိုတွေလို မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။ ညီအစ်ကိုချင်း ညှိနှိုင်းဆွေးနွေးလို့ ရပါရက်နဲ့ ရှေ့နေတွေ အပြန်အလှန်ငှားပြီး တရားရုံးမှာ ဦးတည်လျှောက်ကြတဲ့အခါ တော်တည့်ဖြောင့်မတ်တဲ့ ဥပဒေဘက်တော် သားတွေနဲ့တွေ့ရင်တော့ ကံကောင်းပါရဲ့။ အစကတည်းက ပြိုင်ဘက်ဖြစ်နေတဲ့ ရှေ့နေတွေ၊ နှစ်ဘက်ခွစားတဲ့ တရားသူ ကြီးတွေနဲ့ တွေ့လို့ကတော့ အမှုကြာပြီး ဟိုက စားလိုက်၊ ဒီက စားလိုက်နဲ့ ရှိသမျှအမွေတွေ ပြောင်သလင်းခါသွားနိုင်ပါ တယ်။ ဒီအချက်ကို နိုင်ငံတော်အနာဂတ်ကြီးကို ဦးဆောင်ဦးရွက်ပြုလိုကြတဲ့ စစ်အုပ်စု ခေါင်းဆောင်တွေ၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်လို့ မိမိကိုယ်ကို သတ်မှတ်နေကြသူများ အားလုံး သတိပြုကြဖို့ လိုအပ်ပါ တယ်။

နောက်တချက်က ၂၁ရာစုရဲ့ စစ်ပွဲသဏ္ဍာန်တွေဟာ ပြောင်းလဲနေပြီဆိုတာကို ကမ္ဘာ့နိုင်ငံရေး ရေချိန်နဲ့ အညီ ရှုမြင်တတ် ဖို့ လိုပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်မှာ ဘက်တဘက်က နိုင်ငံတကာကို ကူပါကယ်ပါဦး အော်လိုက်ကြ၊ တောင်းဆိုလိုက်ကြ၊ အမေရိကန်ကူပါဝင်ပါဦးလို့ လုပ်ကြ၊ တခြားဘက်တဘက်က အမေရိကန် ဝင်လာရင် တွန်းလှန်ဖို့ ဆိုပြီး စစ်အင်အားတိုးချဲ့လိုက်ကြနဲ့  ၂ဝ ရာစုက Cold War Dilemma လေးကိုပဲ ဦးနှောက်ထဲ ထည့်ထားကြရင်တော့ ၂၁ ရာစုမှာ အသွင်အမျိုးမျိုးနဲ့ ပေါ်ပေါက်နေတဲ့ တခြားစစ်ပွဲတွေရဲ့ သားကောင်ဘဝကို ကျရောက်သွားပါလိမ့်မယ်။ တ ဘက်နဲ့တဘက် အနိုင်တိုက်ဖို့ ကြိုးစားကြရင်း  အမျိုးသားအကျိုးစီးပွားကို အမှန်တကယ် ခြိမ်းချောက်လာတဲ့ အန္တရာယ် တွေကို ဥပေက္ခာ ပြုထားကြမယ်ဆိုရင် ဒါတွေရဲ့ ဆိုးကျိုးအမွေတွေကို နောင်လာနောက်သား မျိုးဆက်တွေ ခံစားကြရ ပါလိမ့်မယ်။

ကိုးရီးယားစစ်ပွဲကြီး ဖြစ်ပွားခဲ့ရတာဟာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်က ကိုးရီးယားခေါင်းဆောင်တွေရဲ့ ဆင်ခြင်တုံ တရား နည်းပါးမှု၊ အာဏာ မက်မောမှု၊ အမြော်အမြင်နည်းမှု၊ ကျွန်စော်နံမှု၊ သူတပါးကြိုးဆွဲသမျှ ရုတ်သေးက လိုက်ကမှု၊ အင်အားကြီးနိုင်ငံတွေ ဝင်ရောက်ခြယ်လှယ်တာကို တဘက်နဲ့ တဘက် အပြန်အလှန် လက်ခံစွပ်စွဲကြရင်း မိမိတို့ အချင်း ချင်းကြားက အမျိုးသားသွေးစည်းညီညွတ်ရေးကို မတည်ဆောက်နိုင်မှု၊ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတာကို အ ဟုတ်မှတ်ပြီး အသေခံ ခွပ်လိုမှု၊ နိုင်ငံရေးအစွန်းရောက်မှု၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို တန်ဖိုး မထားပဲ ပေးတာယူကျွေးတာစားရရေးအတွက် နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုတွေကို လက်ခံမှု စတာတွေကြောင့်ပဲ ဖြစ် ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပြည်သူလူထုကြီး အနေနဲ့ ကိုးရီးယားစစ်ပွဲက သင်ခန်း စာများကို ဆင်ခြင်သုံးသပ်ရင်း၊ ၂၁ ရာစုမှာ ပြောင်းလဲလာတဲ့ စစ်ပွဲသဏ္ဍာန်တွေ ကိုလဲ မျက်ခြေမပြတ် အကဲခတ်ရင်း နိုင် ငံတော်အနာဂတ်အတွက် အရေးကြီးတဲ့ သုံးသပ်ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက် များကို လုပ်ဆောင်ကြဖို့ လိုအပ်ပါ ကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။   ။

Catchpole, B. (2001) The Korean War 1950-53, Constable Robinson

Chant, C. (1992)  The Military History of the United States. Vol. 11, The Korean War, New York, Marshall Cavendish

Grant, R. (2004) Atlas of Conflicts: The Korean War, WAL, Milwaukee

Malkasian, C. (2001) The Korean War 1950-1953, Essential History Series, Fitzroy Dearborn

ROK Ministry of Defence, “Response to ‘Rush to judgement’”, 27 July 2010

Summers, H. (1990) Korean War Almanac, New York: Facts on File

12 comments

  • bigbird

    January 23, 2011 at 4:43 pm

    ကောင်းလိုက်တာ။ အခုမှပဲအသေးစိတ်သိရတော့တယ်။ကျေးဇူးပါ။
    ဗီယက်နမ်စစ်ပွဲလည်း ရှိရင် တင်ပေးပါဗျို ့…

  • char too lan

    January 24, 2011 at 9:22 am

    ကျေးဇူးတင်ပါတယ် ကိုကြယ်လေးရေ…………..
    ကူးယူထားလိုက်တယ် နော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 24, 2011 at 3:43 pm

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 24, 2011 at 4:16 pm

    ခင်မမမျိုးက နေ ့သစ်မှာ တင်ထားတာကို
    တစ်ဆင့်ပြန်လည် ဖောက်သည်ချပေးတဲ့
    ကြယ်သားသားလေးကို ကျေးဇူးပါ
    ဒီပို့စ်ကို ဖတ်ရှုပြီးနောက် စစ်သွေးစစ်မာန်များတက်ကြွလာကာ
    ရွာထန်းတောမှ ခြောက်ပြားထန်းရည်ကို မူးအောင်သောက်ပြီးနောက်
    ချစ်ဆရာ တို ့ရွာဘက်သို ့လှည့်၍ ရှူရှူးပန်းလိုက်ခြင်းဖြင့်
    ချစ်ဆရာအား မိုက်ကယ်ဂျော်နီအောင်ပုမှ ရန်စလိုက်လေတော့၏
    ဒရန်တန်တန်

  • chitsayar

    January 24, 2011 at 4:22 pm

    ကျူးကျော်လာသူများကို သီးခံလေ့မရှိသော ချစ်ဆရာမှ
    အထက်ပါ ဂျပုလူရမ်းကား၏ လုပ်ရပ်ကို
    အောင်ပုဂျီးဒေါ်ကြီး အသုဘတွင် အပီဝါးပြီးနောက်
    အောင်ပုတို ့ရွာ အရှေ ့ဘက် သင်္ချိုင်းကုန်းတွင်ရှိသော
    အောင်ပု၏ အဖိုးအုတ်ဂူပေါ်တွင် ချီးပါခဲ့ခြင်းဖြင့် လက်စားပြန်လည်ချေလိုက်ပါတော့၏။
    ဒရန်တန်တန်

  • phothutaw

    January 24, 2011 at 4:29 pm

    ဤကပင်
    မိုက်ကယ်ဂျော်နီအောင်ပု နှင့် ချစ်ဆရာ တို ့၏ ရန်ပွဲမှသည်
    တတိယ ကမ္ဘာစစ်မီးကြီး ဟုန်းဟုန်းတောက်လောင်ခဲ့ရခြင်းဖြစ်ပေတော့ဟု
    ကျွန်ုပ် ဖိုးသူတော်စံကျော် မှ နောင်လာနောင်သားများ
    မှတ်သားကြစေရန်အလို ့ငှာ
    မှတ်တမ်းတင်ခဲ့ပါသည်
    တတူနယ်တဲနယ်
    တတူနယ်တဲနယ်
    ( ကျုပ်က ဖိုးသူတော်ဆိုတော့ ဒီနှစ်ကောင်လို တီးလုံးကြမ်းလို ့မရဘူး ငြိမ့်ငြိမ့်လေးပေါ့ )
    တတူနယ်တဲနယ်

  • kai

    January 24, 2011 at 6:45 pm

    တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား – အပိုင်း (၂)
    ဘိုဘိုကျော်ငြိမ်း |

    အမေရိကန်ရေတပ် တည်ဆောက်ပုံ

    အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

    ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိ သလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေ ရောက်ကုန်ပါပြီ။
    တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

    အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
    အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

    အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

    လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

    ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

    ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။

    ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင်(စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။
    စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပို်င်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

    အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

    လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

    ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

    လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

    ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နို်င်ရင် အစောကြီး ကို်ယ်ကပစ်ချနို်င်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နို်င်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

    အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိ်ုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနို်င်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး ဩတေးလျားလို မိတ်ဆွေနို်င်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

    ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက်ရှိပါတယ်။

    အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။

    တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှု မရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေဟာ သတ္တိမရှိတာလို့စွပ်စွဲကြမှာပေါ့။
    ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ – အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

    အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

    ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command – NSW – Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထို်င်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

    တရုပ်ဗိုလ်ချုပ်ယောက်က အကယ်၍များ မင်းတို့ရဲ့ ဖလော်ရီဒါ ကမ်းခြေအလွန်မှာ ငါတို့ တရုတ်လေယာဉ်တွေ ကင်းလှည့်နေရင် မင်းတို့ ဘယ်လိုခံစားရမလဲလို့ အမေရိကန် ဗိုလ်ချုပ်တယောက်ကို မေးဖူးတယ်။ ဂျော့ဘုရှ်တက်ခါစက ပထမဦးဆုံးတွေ့ကြုံရတဲ့ နိုင်ငံတကာပြဿနာဟာ ဟိုင်နန်ကျွန်း အဖြစ်အပျက်လို့ တွင်ကျန်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်ရေတပ်ရဲ့ လျှပ်စစ်အချက်ပြချက်တွေကို ထောက်လှမ်းတဲ့ EP-3E ARIES II နဲ့ တရုတ်ရေတပ်မတော်ရဲ့ J-8 II တိုက်လေယာဉ်တို့ တိုက်မိကြရာ အမေရိကန်ရေတပ် လေယာဉ်ဟာ ဟိုင်နန်ကျွန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်။ တရုတ်လေယာဉ်သမားက မခံချင်စိတ်ပြင်းထန်ပြီး အနီးကပ်ခြိမ်းခြောက်ရာက တိုက်မိကြတယ်။ တရုတ်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး အသက်ဆုံးခဲ့တယ်။

    တရုတ်တွေ ဘယ်လောက်ခံပြင်းကြတယ် ဆိုတာကိုတွေးကြည့်နိုင်တယ်။

    မကြာသေးခင်ကလဲ ဂျပန် အလွန်မှာ အမေရိကန် ထောက်လှမ်းရေးသင်္ဘော (၂) စင်းကို တရုတ်ရေတပ်က လိုက်နှောင့်ယှက်တယ်လို့ အမေရိကန်ရေတပ်က စွပ်စွဲထားတယ်။

    အင်အားရှိလာတော့ ပြိုင်အမောက် ထောင်ရဲလာတာပေါ့။

    ဆိုဗီယက်ခေတ်က စစ်အင်အားကိုသာ အလွန်အကျွံ မြှင့်ခဲ့ပေမယ့် စီးပွားရေးမှာ မလိုက်နိုင်၊ ကွန်မြူနစ် စီးပွားရေးစနစ် ကျေးဇူးကြောင့် ချွတ်ခြုံကျဆင်း။ အပြင်မှာ ဟန်ဆောင်နေရပေမယ့် အလယ်မှာ ဟောင်းလောင်းကြီး။ တရုတ်ခေတ်ရောက်တော့ တရုတ်ကြီးက လူလည်။ အာဏာကိုသာ ကွန်မြူနစ်ပါတီက ကိုင်ထားတယ်။ စီးပွားရေးမှာ အရင်းရှင်စံနစ်။ တကမ္ဘာလုံးကို တရုတ်ပစ္စည်းတွေ ဈေးချိုချိုနဲ့ရောင်းပြီး စက်ရုံနဲ့၊ အလုပ်တွေ တရုတ်ပြည်ရောက်ကုန်တော့ ငွေထုတ်ပိုက်ပြီး တကမ္ဘာလုံးက သယံဇာတတွေလိုက်ဝယ်။ ငွေချေး၊ အကူအညီပေး အင်အားဖြန့်နိုင်ရုံမက (ငွေ)ရှိတော့ စစ်တပ်ကို ထူထောင်နိုင်တာပေါ့။ အမှန်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပါပဲ။ ဒါ တိန်လျောက်ပိန်လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေ ပြန်တက်လာလို့ပါ။ ဝါဒစွဲကြီးတဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ပြောင်းဖူးစေ့ လိုက်ကောက် စားနေရမှာပါ။ တိုင်းပြည်ထူထောင်တဲ့အခါမှာ ဉာဏ်ရှိတဲ့၊ ပညာတတ်တဲ့ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။

    ကျနော်တို့အရပ်သားတွေရဲ့ အားနဲချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင် (စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။ အမှန်က နိုင်ငံရေး (တိုက်ပွဲ) ဆိုတာလဲ စစ်ပွဲနဲ့မခြားနားတွေ အများကြီးရှိပါတယ်။ ဆွန်ဇူးက မိမိ၏ရန်သူနှင့် မိမိကိုယ် မိမိသိပါစေ၊ စစ်ပွဲတရာရဲ့ ရလဒ်ကို ကြောက်စရာမလိုဘူး If you know the enemy and know yourself you need not fear the results of a hundred battles လို့ပြောခဲ့တယ် မဟုတ်ပါလား။

    ရေတပ်ဗိုလ်ချုပ်တွေမှာ အတွေးအခေါ်တခုရှိပါတယ်။ ဒီကနေ့တိုက်ပွဲမှာ မိမိဘက်က အရေး မသာခဲ့ရင် ပြန်ဆုတ်၊ ပြန်စု၊ ပြန်ဖြည့်ပြီး နောက်နေ့စစ်ပွဲအတွက်ပြင်ဆင်ရပါတယ်။ သူသေကိုယ်သေ မတိုက်ကြပါ။ စစ်သူကြီးဟန်နီဘောကို ရောမတွေ ရင်ဆိုင်တိုက်ပွဲ အကြိမ်ကြိမ် ရှုံးပြီးတော့ ရင်ဆိုင်မတိုက်တော့ဘူး။ ရှောင်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖျက်ဆီး၊ လက်ပန်းကျအောင် ဖြေးဖြေး အမှည့်ခြွေပြီးမှ အနိုင်တိုက်တာ။ တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှုမရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေကဟာ သတ္တိ မရှိတာလို့ စွပ်စွဲကြမှာပေါ့။ အသိချင်း မတူရင် အတွေးချင်း မတူနို်င်ကြပါ။

    ဆွန်ဇူးရဲ့စကားကိုပဲ စဉ်းစားစေချင်ပါတယ်။

    All men can see these tactics whereby I conquer, but what none can see is the strategy out of which victory is evolved.

    ဗျူဟာအရေးကြီးတာကို သိစေချင်လို့ပါ။

    စစ်ဗိုလ်ဆိုတာ စစ်ကိုချက်ချင်း ထတိုက်လို့မရပါ။ ဖြစ်နိုင်ခြေတွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ရပါတယ်။ ဗျူဟာ ကြိုစဉ်းစားထားရပါတယ်။

    စစ်တပ်ကြီးစိုးတဲ့နိုင်ငံမှာ စစ်တပ်နဲ့ ဗျူဟာကို မလေ့လာဘဲ ဘယ်လိုရင်ဆိုင်ကြမှာလဲ။

    စေတနာရှေ့ရှုလျက်

    ဘိုကျော်ငြိမ်း
    ခေတ္တ ဇင်းမယ်
    ဇန္နဝါရီလ ၂ဝ၁၁

    ဆက်လက်ဖေါ်ပြပါမည်။

    တရုတ်ရေတပ်နှင့် 5th Generation Fighter Bomber J20 ကိုဆွေးနွေးတင်ပြပါမယ်။

    ရေတပ်စစ်ဗိုလ် အခေါ်အဝေါ် ဟာ ကြည်းတပ်စစ်ဗိုလ် အခေါ်အဝေါ်နဲ့ ကွာခြားတာကြောင့် အများသိစေရန် ဖေါ်ပြခွင့်ပြုပါ။

    ရေတပ် ကြည်းတပ် ဗမာ
    Fleet Admiral Marshal (or) 5 stars Gen. ဗိုလ်ချုပ်မှူးကြီး
    Admiral Full Gen. (or) 4 stars Gen. ဗိုလ်ချုပ်ကြီး
    Vice Admiral Lt. Gen. (or) 3 Stars Gen. ဒု ဗိုလ်ချုပ်ကြီး
    Rear Admiral Maj. Gen. (or) 2 stars Gen. ဗိုလ်ချုပ်
    Commodore (or) Rear Brig. Gen. (or) 1 star Gen. ဗိုလ်မှူးချုပ်
    Admiral (lower half) (US) – –
    Captain Colonel ဗိုလ်မှူးကြီး
    Commander Lt. Colonel ဒု ဗိုလ်မှူးကြီး
    Lt. Commander Major ဗိုလ်မှူး
    Lieutenant Captain ဗိုလ်ကြီး
    Lieutenant, junior grade Lieutenant ဗိုလ်
    Ensign Second Lieutenant ဒု ဗိုလ်
    Midshipman Officer Cadet ဗိုလ်လောင်း

    မှတ်ချက်။ ။ အမေရိကန်က ဒုတိယကမ္ဘာစစ်အတွင်းမှာသာ 5 Stars Generals – Fleet Admiral ဆိုတာတွေကို ပေးပါတယ်။ တခြားကာလတွေမှာ 4 Stars Generals & Admiral အဆင့်တွေ ပဲရှိပါတယ်။ ထို့နည်းတူ တရုတ်စစ်တပ်မှာလဲ တော်လှန်ရေးအတွင်းက ပါဝင်ခဲတဲ့ စစ်ဗိုလ်ချုပ် (၁ဝ) ဦးကို ၁၉၅၅ မှာ မာရှယ် (Yuan Shuai (元帥) ) ပေးပြီးကထဲက ဒီရာထူးကို မထားတော့ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2011 at 2:28 am

    ( တရုတ်ရေတပ်နှင့် 5th Generation Fighter Bomber J20 ကိုဆွေးနွေးတင်ပြပါမယ်။ )
    မျှော်နေမယ်နော် ကိုကို
    ခြေတစ်ဖက်ပြတ်ပြီး ပြန်လာလည်းကိစ္စမရှိဘူး
    ခြေထောက်မရှိလဲ ခြေထောက်ရှိရင်ပြီးတာဘဲ

  • bigcat

    January 25, 2011 at 2:47 am

    ဆရာဘိုဘိုကျော်ငြိမ်းကလူတော်ဗျ၊ စာရေးကောင်းတယ်။ ပညာတတ် လစ်ဘရယ်ဆိုတာ သူရေးတဲ့စာတွေ ဖတ်လိုက်ရင် သိသာတယ်။ သူ့အဖေအငြိုးနဲ့ မုန်းနေသူတွေလည်း အများကြီးပဲ။ ကွန်မြူနစ်လက်ကျန်တွေများတယ်။
    ဒါထက် မြန်မာပြည်က ချုပ်ကြီးကိုရော five star marshal or field marshal လို့ခေါ်လို့ရမယ် ထင်တယ်နော်။ အင်္ဂုလိလိုတော့ မသေချာဘူး၊ မြန်မာလိုတိုက်ရိုက်ပြန်အသံထွက် ဖီးမာရှယ်ကတော့ ဟုတ်တယ်၊ ဝဖီးနေလို့လေ။

  • နေနော် ပဲခူး

    September 28, 2012 at 11:30 pm

    အခုလိုပြည့်ပြည့်စုံစုံတင်ပေးထားလို့ ကျေးဇူးတင်ပါတယ်။
    နောက်လဲအားရင်ဒီလိုလေးတွေ တင်ပေးပါအုန်းနော်။ကျေးဇူးတင်ပါတယ်။

  • နေနော် ပဲခူး

    September 28, 2012 at 11:34 pm

    kai ရေခင်ဗျားပြောထားတဲ့ရေတပ်အရာရှိတွေရဲ့ အဆင့်တွေကအကုန်လုံးမမှန်ဘူးဗျ၊လွဲနေတာလေးတွေရှိ
    နေသေးတယ်ဗျ။

    • kai

      September 29, 2012 at 3:45 am

      အဲဒါက ဦးကျော်ငြိ်မ်းသား.. ဦးဘိုဘိုကျော်ငြိမ်းစာကို ကူးတင်ထားတာပါ..။
      အမှားကိုထောက်ပြပါလားခင်ဗျား..
      နောက်စာဖတ်သူတွေသိတာပေါ့…

      ကျေးဇူးကြိုတင်လျှက်…

Leave a Reply