“မေတ္တာဖြင့် စီးဆင်းသော…………………………………”(အပိုင်းလေး)(ဇာတ်သိမ်း)

“မေတ္တာဖြင့် စီးဆင်းသော…………………………………”(အပိုင်းလေး)(ဇာတ်သိမ်း)

အဲဒီအိမ်ရောက်တော့ စားပွဲပေါ်မှာ ပိန္နဲသီး အကျွတ်သီးတွေကို ပုဂံထဲမှာ ထည့်ထားပါတယ်။
အရောင်ဝင်းဝင်းဝါဝါလေးကနေ တသင်းသင်းလေးထွက်နေတဲ့ ပိန္နဲသီးနံ့လေးက ကျွန်တော်ကို သွားရေကျအောင်လုပ်နေတဲ့အချိန်၊
အိမ်ရှင် ကြီးကြီး က “ သား ကိုပေါက် ကြိုက်တယ်မလား …စားလေ“လို့ပြောလို့မဆုံးခင် အမှတ်တမဲ့နဲ့ ကျွန်တော်လက်ကမုန့်ပုဂံပေါ်ရောက်သွားပါတယ်။
ပါးစပ်ထဲကို ပိန္နဲသီးရောက်တဲ့အချိန် အဖွားမျက်စောင်းက ဒိုင်းကနဲ့ရောက်လာသလို ရင်တွေလဲ ဝုန်းကနဲခုန်သွားပါတယ်။
အိမ်လဲရောကရော စားတာနဲ့မကာမိအောင်နားပူတွေခံရပါတော့တယ်။ အလည်လိုက်ခွင့်လဲ ပိတ်သွားပါတယ်။
အဖွားကျွန်တော်တို့ကိုပြောခဲ့တာကတော့
“ဘယ်လောက်ခင်ခင် ကို်ယ့်အိမ်က လူကြီးခွင့်မပြုဘဲစားချင်စိတ်ပေါက်နေရင် ငတ်ရာကျတယ်။
ဒီလို အချိန်မှာတောင် မဆင်ခြင်နိုင်လို့ကတော့ ် ကို်ယ် လူကြီးဖြစ်တဲ့အချိန်ရောက်ရင် သူများမကြွေးခင်ကို
စားချင်တဲ့စိတ်တွေထိန်းမနိုင်သိမ်းမရတဖွားဖွားပေါ်နေမှာပေါ့တဲ့။”
အဲဒီအချိန်ကစလို့ ကျွန်တော်တို့ ညီအကိုမောင်နှမတတွေရဲ့ စိတ်ထဲမှာ အဖွားစကားလေးကစွဲသွားပါတယ်။
အဖွားအလေ့အကျင့်လုပ်ပေးခဲ့လိုလဲ သူများတွေကဧည့်ခံကျွေးမွေးတဲ့အခါမှာ အိန္ဒြေရရလေးစားတဲ့အကျင့်ကောင်းလေးရသွားပါတယ်။

ကျွန်တော်တို့ငယ်ငယ်က အဒေါ်တွေရဲ့ရင်ခွင်ထဲမှာ အဖွားရဲ့ရင်ခွင်ထဲမှာ ပုံပြင်ပေါင်းများစွာနားထောင်ခဲ့ရဘူးပါတယ်။
“ရွှေယုန်နဲ့ရွှေကျား သက်ကယ်ရိပ်သွားတဲ့ပုံပြင်”၊“ပိုနေမြဲကြားနေမြဲပုံပြင်”၊ ” ဘုရင်ကြီးငါးချဉ်စားတဲ့ပုံပြင်“
” ကျားကျားလို့ အော်စတတ်တဲ့မောင်ပုံရဲ့ပုံပြင် “၊” ထန်းသီးကြွေတာကိုမိုးပြိုပြီဆိုပြီးထွက်ပြေးတဲ့ပုံပြင်“အစရှိတဲ့
ပုံပြင်ပေါင်းများစွာကို တစ်ထောင့်တစ်ညပုံပြင်များ ထက်ရှည်အောင်ပြောပြခဲ့ကြပါတယ်။
ပူအိုက်တဲ့နွေညများမှာ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ အပူသက်သာအောင် ခြင်မကိုက်အောင် ယပ်တောင်တဖျပ်ဖျပ်ခပ်ရင်း၊
မိုးရာသီဆိုပြန်တော့ အိမ်ထဲက အဖွားရဲ့ကုတင်ပေါ်က စောင်ပုံကြီးထဲကို တိုးဝှေ့ဝင်ကြရင်း၊
ဆောင်းရာသီမှာတော့ အိမ်ရှေ့မှာ မီးဖိုလေးကို ဝိုင်းလို့ ထန်းပင်မြစ်တို့၊ပဲမြစ်တို့ကို စားကြရင်းလူကြီးတွေပြောပြတဲ့
ပုံပြင်တွေကိုနားထောင်ခဲ့ကြရပါတယ်။
ပုံပြင်ဆိုပေမယ့် ဒီပုံပြင်ထဲမှာပါတဲ့ ရီစရာလေးတွေ၊သနားစရာ၊မုန်းစရာ၊ ကြောက်စရာလေးတွေ၊ကြည်နူးစရာလေးတွေက
တစ်ဆင့်ရလာတဲ့ အသိတရားလေးတွေက ကလေးဘဝမှာမထူးခြားခဲ့ပေမယ့် နောင်ကြီးပြင်းလာတဲ့မှာတော့
ဘဝနဲ့ယှဉ်လို့ တွေးမိတဲ့အခါမှာ သင်္ခန်းစာယူစရာလေးတွေကို သွယ်ဝိုက်သောနည်းနဲ့သင်ပေးခဲ့တာကိုပြန်အောက်မေ့လို့
ကျေးဇူးတွေတင်ရပါတယ်။

ကျွန်တော်တို့လိုဘဲ အဖွားတွေ အဒေါ်တွေ ဦးလေးတွေဘကြီးတွေ ဒေါ်ကြီးတွေနဲ့တစ်စုတစ်ဝေးကြီးနေခဲ့ရတဲ့လူတွေ၊
အလိုလိုက်ခံရခဲ့ရတဲ့ ကလေးတွေ အများကြီးရှိမှာပါ။
ဒီလိုအလိုလိုက်ခံရလို့ ပျက်စီးသွားမယ်ဆိုတာကတော့ ရာနုန်းပြည့်မမှန်ဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
မိဘနဲ့ သားသမီး လွန်ဆွဲသလို ဘယ်သူတောင့်ခံနိုင်သလဲလို့ အားပြိုင်ပြီး ဆုံးမတဲ့ပုံစံမျုးိကိုလည်းကျွန်တော်ကတော့
အကောင်းမွန်ဆုံးသောနည်းလမ်းလို့ မယုံကြည်ပါဘူး။
ကလေးကို မိမိကိုယ် မိမိ ယုံကြည်စိတ်ရှိအောင်ဆိုတဲ့အတွေးနဲ့ မိဘနဲ့အတူမသိပ်ဘဲခွဲအိပ်ခိုင်းတာကိုလဲ
ကျွန်တော့်အမြင်အရ သိပ်တော့ လဲ ဘဝင်မကျပါဘူး။
ကလေးဆိုတာကလေးလိုဘဲတွေးတော့ အားငယ်စိတ်တွေ စိုးရွံ့စိတ်တွေ ရှိမှာအမှန်ပါဘဲ။
နောက်ကလေးကို သီးသန့်ဖြစ်အောင် ထားတာမျုးိကလည်း ကူညီရိုင်းပင်းစိတ်ကိုနည်းပါးစေပြီး အတ္တကိုပိုကြီးစေတယ်
လို့ ထင်မိပါတယ်။
ကောင်းသောလူ ဆိုးသောလူဆိုတာကတော့ ကမ္ဘာမှာရော မြန်မာမှာရော တောမှာရော မြို့မှာရော ကျောင်းမှာရော
အလုပ်တွေမှာရော လူရှိတဲ့နေရာမှန်သမျှမှာရှိနေမှာပါဘဲ။
ဒါပေမယ့် ငယ်စဉ်ကလေးဘဝက ပုံသွင်းခံရမူ့ အဆက်ဆံခံရမူ့အပေါ်မှာ မူတည်ပြီးတော့ပါတ်ဝန်းကျင်ကလူတွေအပေါ်မှာ
တုန့်ပြန်မှာက တော့ အသေအချာပါဘဲ။
ကျွန်တော် ညီဝမ်းကွဲလေး “ဖိုးတာ”ကတော့ သူ့အမေရဲ့ပုံသွင်းမူ့အတိုင်းတစ်ပုံစံတည်းဖြစ်လာပါတယ်။
ပြန်မပြောနားမထောင်ဆိုတဲ့ ဂျစ်ကပ်ကပ်ပုံစံလေးပေါ့။
သူကအောင်မြင်တဲ့ စီးပွားရေးသမားဖြစ်လာတာလဲ အမှန်ပါဘဲ။
ဒါပေမယ့် သူ့ကြည့်ရတာ ပျော်ရွှင်မူ့တွေပျောက်ဆုံးနေသလိုပါဘဲ။
သူများနဲ့လဲသိပ်မပါတ်သက်ဘူး။
အထီးကျန်နေသလိုပါဘဲ။

ကျွန်တော်တို့ငယ်ငယ်ကဆိုရင် ဆွေမျုးိတွေရှိတဲ့အရပ်က ဘုရားပွဲတို့အလှူတို့ရှိရင် အရမ်းပျော်စရာကောင်းပါတယ်။
ဆွေမျုးိတော်စပ်သမျှညီအကိုမောင်နှမတွေ စားကြသောက်ကြ ပျော်ကြပါးကြ တရုန်းရုန်းနဲ့ပါ။
အဲဒီအချိန်ကတည်းက ဖိုးတာတို့မိသားစုကဖိတ်ရင်တော့ လာပါတယ်။
ဒါပေမယ့် ဧည့်သွားဧည့်လာ စားပြီးရင်ပြန်ပါဘဲ။
အခုလည်း ဖိုးတာလေးကြီးလာတော့ လည်း ဒီအတိုင်းပါဘဲ။
ကျွန်တော့်တို့ညီအကိုဝမ်းကွဲတွေနဲ့ တသီးတခြားစီဖြစ်သွားသလိုဝေးကွာသွားသလိုပါဘဲ။
ကျွန်တော်တို့ မြန်မာပြည်မှာတော့ နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ကြီးပြင်းလာခဲ့ရတာများပါတယ်။
ဒီတော့လဲ အရေးဟဲ့ဆိုရင် တိုင်ပင်စရာ အားကိုးစရာ ဖေးမမယ့်သူတွေရှိတယ်။
နုှတ်၏စောင်မခြင်းလက်၏စောင်မခြင်းဆိုတာတွေက အလကားထားခဲ့တဲ့စကားတော့ မဟုတ်ပါဘူး။
ကိစ္စရယ်ပေါ်လာရင် ဝိုင်းကြဝန်းကြနဲ့ဆိုတော့ လဲ တော်ရုံလောက်က ပြီးပြီးပျောက်ပျောက်နဲ့ ဖြစ်သွားတာ
ပါဘဲ။စိတ်ထဲမှာပြောစရာတွေ သိမ်းဆည်းထားရတာများနေပြန်ပြီဆိုရင်လဲ ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေ
ကိုဖွင့်ပြောလို့တိုင်ပင်လိုက်ပြန်ရင်လဲ ပေ့ါသွားတတ်ပါတယ်။
ဒီတော့လဲ သိပ်အထီးကျန်တယ်ဆိုတာမရှိပြန်ပါဘူး။

ဒါကြောင့်လဲ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံတယ်ဆိုတာနည်းပါးပါတယ်။
(အဖန်ငါးရာ ငါးကမ္ဘာကြောက်လို့မဟုတ်ဘူး သတ်သေလောက်အောင်စိတ်ထဲမှာ မနာကျည်းကြလို့ပါ။)
နောက်စိတ်ရူးပေါက်ပြီးကိုယ်နဲ့ ဘာမှ မဖြစ်ခဲ့တဲ့လူတွေကို အစုလိုက်အပြုံလိုက်သေနတ်နဲ့ပစ်သတ်တယ်ဆိုတာလဲ မရှိပါဘူး။
(လက်နက်အလွယ်တကူ ဝယ်မရလို့ လို့ ပြောချင်ရင် ပြောနိုင်ပါတယ်။ဝယ်ရတယ်ဆိုရင်လဲမဖြစ်လောက်ပါဘူး၊)
မိအိုဘအိုကို ပစ်ထား အိမ်မှာထားရင်ရသားနဲ့ လူအိုရုံပို့ဆိုတာတွေကလဲ ရှားပါတယ်။
ချမ်းသာတာ မချမ်းသာတာအပထား အဖိုးအိုအဖွားအို မိအိုဖအိုတွေကို တတ်နိုင်သလောက်ပြုစုစောင့်ရှောက်ကြတာများပါတယ်။
မျက်ကွယ်ပြုထား ဂရုမစိုက်ဘဲ ပစ်ထားသူတွေရှိရင်လဲရှိပါမယ်။
အရေအတွက်နည်းလို့ ရှားမယ်ထင်ပါတယ်။
အိုကြီးအိုမဆိုရင် အမျိုးတော်တော် မတော်တော် ကူညီရိုင်းပင်းတတ်ကြတာလဲ မြန်မာ့သဘာဝလို့ထင်ပါတယ်။
နောက်တစ်ခုကလည်း ကျွန်တော်တို့မိသားစုပုံစံမှာ အသက်ပြည့်ရင်အိမ်ကဆင်း”မင်းထမင်း မင်းရှာစား”ဆိုတာမျိုးလဲ
မရှိပါဘူး။(အဲဒီရဲ့နောက်ဆက်တွဲမကောင်းတာလေးက တချို့သောလူများက အသက်ကြီးတာတောင်ဘာအလုပ်မှ
မလုပ်ဘဲ ရေသာခိုလို့ ထိုင်စားသူတွေရှိနေတာပါဘဲ။)
နောက်သားသမီးဘက်ကလဲ ကျွန်တော် ကျွန်မအသက်ပြည့်ပြီလာပြောစရာမလိုဘူးဆိုတဲ့အတွေးမျုးိလဲစိတ်ထဲမှာ
နည်းနည်းလေးမှ မရှိတာလဲအမှန်ပါဘဲ။မိဘကို ပြန်တရားစွဲမယ်ပြုမယ်ဆိုတာကတော့ ဝေလာဝေးပါ။
ကျွန်တော်တို့အတော်များများ က အသက်ဘယ်လောက်ကြီးကြီး ကိုယ်တိုင်က သားသမီးဘယ်နှစ်ယောက်ရ ရ မိဘ
က ဆုံးမရင် နားထောင်မြဲလေးစားမြဲပါ၊(လောကသဘာဝအရ ဆိုဆုံးမတာကို မနာခံတဲ့ သားသမီးအချို့လည်း ရှိမှာကလဲ
သေချာပေါက်ပါဘဲ။)
အသက်အရွယ်ဘယ်လောက်ရောက်ရောက် မိဘအိမ်ရောက်တာနဲ့ ကလေးပြန်ဖြစ်ပြီး အမေအဖေရင်ခွင်ထဲကို
ကလေးလိုတိုးဝင်ကြတဲ့သားသမီးများလည်းရှိနေဆဲပါဘဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လူ့မူ့ဆက်ဆံရေးဖွဲ့စည်းပုံလေးက နွေးထွေးတဲ့မေတ္တာတရားနဲ့ဆောက်တည်ထားလို့ပါဘဲ။
ဒီတော့လဲ ခေတ်မီတယ် ခေတ်နဲ့အညီလိုက်တယ် ဆိုတဲ့အတွေးလေးလောက်နဲ့တော့ အခြားသူတွေရဲ့ပုံစံကို လိုက်ပြီး ကျွန်တော်တို့ရဲ့နွေးထွေးတဲ့ မိသားစုအုပ်ချုပ်ပုံစံနစ်ကိုလဲ ပြောင်းလဲဘို့ မလိုအပ်ဘူးလို့ထင်ပါတယ်။
သူ့မြေ သူ့ရေ သူ့နိုင်ငံသူ့အတွေး နဲ့သူနေ။
ကိူယ်ကလဲ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်သဘာဝနဲ့ကိုက်ညီတဲ့ပုံစံနဲ့နေထိုင်တာ အကောင်းဆုံးလို့ဘဲယူဆ ယုံကြည်ပါတယ်။

ကမ္ဘာကြီး ဟာရွာကြီးဖြစ်လာပြီလို့အားလုံးကပြောနေကြပါတယ်။
ဒါပေမယ် ရွာကြီးကို နွေးထွေးတဲ့ အိ်မ်လေးမှာနေထိုင်ကြတဲ့ လူတွေနဲ့သာ တည်ဆောက်ကြစေချင်ပါတယ်။
တိုက်ခန်းတွေမှာနေကြသူတွေလို့ သူ့ကိုယ်မသိ ကိုယ့်သူမသိ တစိမ်းတွေလိုနေကြတဲ့ အိမ်တွေလူတွေနဲ့တည်ဆောက်ထားတဲ့
ရွာကြီးတော့ မဖြစ်စေချင်ပါဘူး။
ကျွန်တော်ကတော့ ဖြစ်များဖြစ်နိုင်ရင်ပေါ့လေ အရာရာတိုင်းမှာ ဆင်းရဲချမ်းသာ ဘာသာမရွေး လူမျုးိမရွေး နိုင်ငံမရွေး
တစ်ဦးနဲ့တစ်ဦးရဲ့ပေါင်းသင်းဆက်ဆံရေး မှန်သမျှကို မေတ္တာနဲ့သာ စီးဆင်းစေချင်ပါတယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး