သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရကလွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း

cherrywineJanuary 24, 20111min885

ရန်ကုန်မြို့ရှိ သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံပိုင်ဟိုတယ်ကြီးများကို IGE ကုမ္ပဏီအား လွန်ခဲ့သည့် ၃ လခန့်မှ စတင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန က အငှားစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်နဲ့ တွင်း(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ဆီက တောင်းယူတာ၊ လုပ်ခွင့်ရတာ ၃လ ကျော်နေပြီ ဘာမှ မလုပ်လို့ မယူဖြစ်ဘူးတောင် ထင်နေတာ၊ ဘယ်နာမည်နဲ့ လုပ်မယ်တော့မသိဘူး”ဟု ၎င်းက ဆိုသည်။

ယခုအခါ ယင်းဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီ ရုံးခန်းများကို ဖယ်ရှားပေးရန် သတိပေးအကြောင်းကြားစာ ပို့ထားကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

ဦးနေအောင်၏ ဖခင် ဝန်ကြီး ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြိီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE ၊ MRT ၊ ယူနိုက်တက် အမရ စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ် ငန်း များ၊ သစ်ထုတ်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အားလိုင်းများ တွင် အသုံး ပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက်  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။

ရန်ကုန်မြို့ခံ စီးပွားရေး သမားတဦးက ဦးနေအောင်နှင့် ၎င်း၏ အစ်ကို ဗိုလ်မှူးပြည်အောင်တို့သည် စီးပွားရေးလောကသို့ ဝင်ရောက် လာသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို တိတ်တဆိတ်လုပ်ကိုင်လေ့ ရှိကြောင်း ပြောသည်။

IGE ကုမ္ပဏီလုပ်ကိုင်မည့် သမ္မတ ဟိုတယ်မှာ ယခင်တရုတ်လူမျိုး ဦးကျောက်စိမ်းက ပိုင်ဆိုင်ခဲ့ပြီး ဟိုတယ်အပြင် သမ္မတ ရုပ်ရှင်ရုံ ကိုပါ တွဲဖက် တည်ဆောက်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခြင်း ခံရသည်။

လက်ရှိ အနေအထားအရ သမ္မတ ဟိုတယ်သည် ကြယ်သုံးပွင့် ဟိုတယ်အဆင့်တွင်ရှိပြီး စကော့ဈေးဟု လူသိများသည့် ဗိုလ်ချုပ် အောင်ဆန်းဈေး ၊ ရန်ကုန်ဘူတာကြီး နှင့် ဆူးလေဘုရား အနီးတွင် တည်ရှိသည်။

အင်းလျားလိပ် ဟိုတယ်မှာ ကြယ်လေးပွင့်အဆင့် သတ်မှတ်ခံထားရပြီး အင်းလျားကန် အနီး ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည် ရှိသည်။

နှစ်တရာကျော် သက်တမ်းရှိသည့် စထရင်း(Strand) ဟိုတယ်မှာ ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ကြယ် ငါးပွင့် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ်(Trader Hotel)၊ ဆီဒိုးနား(Sedona Hotel) Summit Parkview ၊ Micasa စသည့် ဟိုတယ်ကြီးများ အပါအဝင် အဆင့်မြင့် ဟိုတယ် ၂၈ ခုခန့် ရှိသည်။

ကန်တော်ကြီးအနီးရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ကိုမူ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လွှဲပြောင်းရောင်းချခဲ့သည်။

ယခုကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ ဝင်ရောက် ရင်းနှီးမြုပ်နှံလာခြင်းသည် စစ်အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းမှ လွှတ်ပေးပြိီးနောက် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်၊ အစိုးရအသစ် ဖွဲစည်းပြီးနောက် နိုင်ငံတကာဆက်ဆံမှု ပိုမိုကျယ်ပြန့်လာမည်ဟူသော မျှော်မှန်းချက်ဖြင့် ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

http://www.thettantvillage.com/talks/5693338

5 comments

  • nigimi77

    January 24, 2011 at 10:48 am

    ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက်နဲ ့။ ဟုတ်နေတာပဲ။

  • လင်းဝေကျော်

    January 24, 2011 at 11:10 am

    မှားနေတာလေးတွေ ပြင်ပေးပါရစေ။
    စစ်အစိုးရဆီက တောင်းယူလို့မရပါဘူး။ Dusit ကရောင်းချင်နေတာပါ။
    ဒီသုံးခုကို Dusit Hotels Group ကနေ IGE ကို မလုပ်ချင်တော့လို့ရောင်းတာပါ။
    အဲဒီဟိုတယ် သုံးခုကို BOT စနစ်နဲ့ပြင်ပြီး လုပ်ခွင့်ပေးထားတာကို ကျန်တဲ့ ၁၅နှစ်စာရောင်းပြီး ပြန်တာပါ။ ရန်ကုန်မှာရှိသမျှ BOT ဟိုတယ်တွေမကိုက်(အရင်းကျေသွားပြီး ရောင်းရသမျှ အမြတ်လုပ်ဖို့) ပြန်ရောင်းချင်နေတာများပါတယ်။ ဈေးမတည့်ကြသေးလို့ပါ။
    နောက်တစ်ခုက ပြည်အောင်က နေအောင်ရဲ့ ညီဖြစ်ပါတယ်။

  • cherrywine

    January 25, 2011 at 3:10 am

    ကျေးဇူးတင်ပါတယ် ကိုလင်းဝေကျော်။ နောက်တင်မယ့် ပိုစ့်တွေမှာလည်း ဝင်ဖတ်ပေးပါအုံးနော် ။ မှားတာရှိရင်လည်း ထောက်ပြပေးပါ ။

  • yuyu

    January 25, 2011 at 5:21 am

    မြို့ထဲလမ်းမပေါ်ကားရောင်စုံများ တစ်စီးမှတို့မပိုင်ပါ
    သီချင်းဆိုတာနော်

  • လင်းဝေကျော်

    January 25, 2011 at 8:11 am

    ချယ်ရီဝိုင် ရေ ( သောက်ချင်တယ် )
    အခုလို စိတ်ထားကြီးစွာနဲ့ အမှားထောက်ချက်ကို လက်ခံတာလေး
    အသိအမှတ်ပြုပါတယ်။

Leave a Reply