ကိုရီးယားခေတ်ပြိုင်သမိုင်း(ကိုလူချစ်-ကိုရီးယား)အပိုင်း(၁)

ၾကယ္ေလးFebruary 7, 20111min882

စည်းလုံးညီညွတ်သော နိုင်ငံတော်သစ် ထူထောင်ရေးအတွက် (၁၉၄၅ မှ ၁၉၄၈) ကာလ

အိပ်မက်ဆန်ဆန်ရရှိခဲ့သော လွတ်လပ်ရေး
၁၉၄၅ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် လွတ်လပ်ရေးသည် အိပ်မက်ဆန်ဆန် ရရှိခဲ့ပေသည်။သို့သော် ထိုနေ့၌ လွတ်လပ် ရေးရခြင်းကို မသိသော ကိုရီးယားလူမျိုးများသည် ဒုနဲ့ဒေး ဖြစ်ပါသည်။ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဆိုးလ်မြို့ နေရာတော် တော်များများ၌ “ယနေ့ မနက် အထူးသတင်း၊ သန်း(၁၀၀) ရှိသော ပြည်သူလူထုကြီး မဖြစ်မနေဖတ်ကြရန်”ဆို၍ ရေးသား ထားသော နံရံကပ်ကြော်ငြာအား ကပ်ထားသော်လည်း ထိုကြော်ငြာအား

ဂရုတစိုက် ဖတ်သောသူသည် လူနည်းစုသာ ရှိခဲ့ပေသည်။ နေ့လည် ၁၂နာရီတွင် ထုတ်လွှင့်ခဲ့သော ဂျပန်ဘုရင့်အသံလွှင့်ဋ္ဌာန၏ အသံထုတ်လွှင့်ချက်သည်လည်း ဂျပန် ဘာသာနှင့် ထုတ်လွှင့်သည့်အတွက် နားလည်ရန် ခက်ခဲပြီး၊ ရေဒီယို ပိုင်ဆိုင်သည့် ကိုရီးယားလူမျိုးသည်လည်း လူနည်းစု သာရှိပေသည်။ ဆိုးလ်မြို့၏ လွတ်လပ်ရေးသည် ဩဂုတ်လ ၁၆ရက်နေ့တွင် ကျောင်းသားလူငယ်ထု ၅၀၀ဝခန့် ဟွီးမူး(န်) အလယ်တန်း ကျောင်း အားကစားကွင်း ထဲ၌ စုရုံး၍ ပြုလုပ်သော (နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှုကော်မတီ ဥက္ကဋ္ဌ) ယော် ဝူး(န်)ဟြောင်း၏ ဟောပြောပွဲမှ စတင် သိရှိခဲ့ကြပါသည်။ ထိုနေ့ နေ့လည်ပိုင်းတွင်လည်း (နိုင်ငံတော် ပြန်လည်ထူထောင် ရေး ပြင်ဆင်မှုကော်မတီ ဒု-ဥက္ကဋ္ဌ) အန်ဂျေဟုံး(င်) မှ နေရာ ၃နေရာခွဲ၍ ပြုလုပ်ခဲ့သော ဟောပြောပွဲမှ လွတ်လပ်ရေးသ တင်း နှင့်အတူ နိုင်ငံတော် ပြန်လည် ထူထောင်ရေး ပြင်ဆင်မှုကော်မတီသည် ဆိုးလ်မြို့မှ စတင်၍ နိုင်ငံအနှံ့အပြား တွင် နယ်မြေခံ ခရိုင်ကော်မတီများ တိုးချဲ့ဖွဲ့စည်းသွားမည် ဆိုသည့် သတင်းသည် နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့သွားပေသည်။ ထို့အပြင် ယော်ဝူး(န်)ဟြောင်း၏ တောင်းဆိုမှုဖြင့် နိုင်ငံအနှံ့အပြားတွင်ရှိသော အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်လာခဲ့ပါသည်။

လွတ်လပ်ရေးသတင်းသည် ၁ရရက်၊၁၈ရက် နောက်ပိုင်းမှစတင်၍ နိုင်ငံအနှံ့သို့ ပျံ့နှံ့သွားခဲ့ပါသည်။ မြို့ပေါ်နေ လူထုများ က လက်ကိုင်ဆိုင်းဘုတ်များကိုင်ဆောင်၍ လမ်းပေါ်ထွက် စုရုံးကာ အောင်ပွဲခံခဲ့ကြသလို တောနယ်မှ လူထုကလည်းအလံ များ ဝှေ့ယမ်းပြီး ရိုးရာအတီးအမှုတ်များနှင့် အောင်ပွဲခံခဲ့ကြပါသည်။ နိုင်ငံတော်အလံ ကိုလည်း ပစ္စည်းပေါင်းစုံနှင့် ပြုလုပ် ကြပြီး မိမိတို့ အိမ်များတွင် လွှင့်ထူခဲ့ကြပေသည်။ နိုင်ငံတော်သီချင်းကိုလည်း ခံစားမှု အပြည့်နှင့် သံပြိုင်သီဆို ခဲ့ ကြသည်။ သို့သော်လည်း လွတ်လပ်ရေးသတင်းသည် လူတိုင်းအား ပျော်ရွင်မှု ပေးခဲ့ခြင်း မဟုတ်ပေ။ ဂျပန်၏ စစ်ရှုံးမှုသတင်းကို သိရှိပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်နေသော ဂျပန်နိုင်ငံသားများ နည်းတူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည့် ကိုရီး ယား လူမျိုးများလည်း ရှိပေသည်။ထိုသူများမှာ ဂျပန်၏ ကျုးကျော်စစ်အား ချီးကျုးထောက်ခံ၊ လူမျိုးရေးစိတ်ဓါတ်ကို စွန့် လွတ်၍ ဘုရင့်နိုင်ငံတော်မှ ပြည်သူလူထုအဖြစ် နေထိုင်သွားမည်ဟု


ကြွေးကြော်ခဲ့ကြသော ဂျပန်သစ္စာတော်ခံ အလိုတော် ရိများ ဖြစ်ပေသည်။ အထူးသဖြင့် ဂျပန်အလိုတော်ရိ ပုလိပ်များသည် ထွက်ပြေးတိမ်းရှောင် နေကြရသဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရုံးတက်နိုင်သောသူသည် ၂ဝရာခိုင်နှုံးပင် မပြည့်ချေ။ကိုရီးယားဘုရင်ခံအဖွဲ့နှင့် ကိုရီးယား စစ်ဋ္ဌာန ချုပ် အပါအဝင် ဂျပန်လက်အောက်ခံ ဋ္ဌာနဆိုင်ရာများတွင် ကိုရီးယားလူမျိုးများ အပေါ် ရိုင်းစိုင်းယုတ်မာမှုများအား မှတ် တမ်း တင်ထားသော အထောက်အထား စာရွက်စာတမ်း ပေါင်းစုံအား မီးရှို့ဖျက်ဆီး နေသည့်အတွက် မည်းမှောင်နေ သော မီးခိုးလုံးများသည် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေပေသည်။ထိုအချိန်က အထောက်အထား မှတ်တမ်းများ မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် အတင်းအကြပ် စစ်အင်အားစုဆောင်းခံရမှု၊ ဂျပန်စစ်သားများ၏ လိင်စော်ကားမှုများ အပါအဝင် ဂျပန်စစ်တပ်၏ မတရားပြုမှုများအား ပြန်လည်လေ့လာ ဖော်ထုတ်နိုင်ရန် အခက်အခဲများစွာ ရှိနေပေသည်။
ဂျပန်လက်အောက်မှ ရရှိခဲ့သော လွတ်လပ်ရေးသည် ကိုရီးယားလူမျိုးများ စိတ်တိုင်းကျ လွတ်လပ်စွာကိုရီးယားစကားပြော နိုင်၊ ကိုရီးယားစာပေ ရေးသားနိုင်သော ခေတ်ကို ရောက်စေခဲ့ပေသည်။ ကိုရီးယား သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် သတင်းလွတ်လပ်ခွင့်၊ ဆန္ဒပြပိုင်ခွင့် စသည့် လွတ်လပ်စွာ လှုပ်ရှားနိုင်မှုများသည်လည်း လွတ်လပ်ရေးက ပေးသော လက် ဆောင်တစ်ခုသာ ဖြစ်သည်။ ဒီမိုကရေစီ ဆိုသည့် အသုံးအနှုံးအား ဦးစားပေး သုံးစွဲလာကြပြီး စီးပွားရေးပိုင်ဆိုင်မှု များတွင် လည်း ကိုရီးယားလူမျိုးများ နေရာယူနိုင်လာကြပေသည်။ ကိုရီးယားလူမျိုး အားလုံးနီးပါးသည် ဂျပန်အလိုတော်ရ ိများ ပိုင် ဆိုင်သော စီးပွားရေးများကို စွန့်လွှတ်စေသည့် လှုပ်ရှားမှုနှင့်အတူ လယ်လုပ်သူလယ်ပိုင်ဆိုင်ရမည် ဆိုသည့်အချက်အား အကောင်အထည်ဖော်ရန်အတွက် မြေယာများ ဖော်ထုတ်ခြင်း မလုပ်လျှင်မဖြစ်နိုင်ဆိုသည့် အချက်အား လက်ခံလာကြ ပေသည်။ လွတ်လပ်ရေးသည် မည်သို့ပင်ဆိုစေ သာတူညီမျှမှုအား လက်တွေ့ အကောင်အထည် ဖော်ရန် တောင်းဆိုခဲ့ သည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပေ။ ရှည်လျားပြီး ဒုက္ခပေါင်းစုံ ကြုံတွေ့ခဲ့ရသော တော်လှန်ရေးကြီး ဖြစ်ပေါ်နေချိန် ကတည်းက မျှော်လင့် တောင်းတခဲ့ကြသော လွတ်လပ်မှု၊သာတူညီမျှရှိမှု များသည် လွတ်လပ်ရေး နှင့်အတူ မွေးဖွားလာခဲ့ သည်ဟု ဆိုနိုင်ပေသည်။
သို့သော် အရာအားလုံးသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာပေ။ အဓိက အကြီးမားဆုံး ပြဿနာမှာကိုရီးယားလူမျိုး များသည် မိမိကိုယ်ပိုင် အင်အားဖြင့် အမျိုးသားနိုင်ငံတော်သစ် ထူထောင်နိုင်မှုဆိုသည့် ပြဿနာ ဖြစ်ပေသည်။ လွတ်လပ် ရေးရပြီး နောက်ပိုင်း ကိုရီးယားလူမျိုး တော်တော်များများသည် တောင်နဲ့မြောက် ကွဲ၍ နိုင်ငံများထူထောင်ကြမည်ဆိုသည် ကို အိပ်မက်တောင်မမက်ခဲ့ကြပေ။ သို့သော် အမေရိကန်နှင့် ဆိုဗီယက်တပ်များမှ လတ္တီတွဒ် ၃၈ဒီဂရီမျဉ်းအား နယ်ခြား စည်း အဖြစ် သတ်မှတ်၍ တောင်နဲ့မြောက် ခွဲခြားလိုက်သည့် အချိန်မှစတင်၍ အမှန်တကယ် ကွဲသည်ဟု လက်ခံလာ ခဲ့ကြ ရပေသည်။ ကိုရီးယား၏ လွတ်လပ်ရေး ပြဿနာအား ဒုတိယကမ္ဘာစစ် အတွင်းက အင်အားကြီးနိုင်ငံများမှ ဆွေးနွေး ခဲ့ဘူးပေသည်။ ၁၉၄၃ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ၌ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး မှနေ၍ အမေရိကန် သမ္မ တ ရုစဗဲ့( Franklin Delano Roosevelt) ၊အင်္ဂလန် ဝန်ကြီးချုပ် ချာဂျီလ်(Winston Leonard Spencer Churchill)၊တရုတ် နိုင်ငံခေါင်းဆောင် ချန်ကေရှိတ်(Chiang Kai Shek) တို့က ကိုရီးယားနိုင်ငံအား သင့်တော်သည့် အချိန်၌ လွတ်လပ်ရေး ပေးမည်ဟု သဘောတူခဲ့ကြသည်။ထိုအနက် ပြဿနာရှိသည်မှာ သင့်တော်သည့်အချိန်ဟု ဆိုခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ရုစဗဲ့မှ ကိုရီးယားနိုင်ငံအား ဆယ်စုနှစ်ခန့် စီးပွားရေးဆိုင်ရာများကို ထိန်းသိမ်း စောင့်ရှောက်ပြီးမှလွတ် လပ်ရေးပေးရန် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု အဆိုကိုတင်သွင်းခဲ့သည်။ ကိုင်ရို အစည်းအဝေးကာလ အတွင်းမှာပင် အီရန် နိုင်ငံ တီဟီယန်(Teheran)မြို့သို့ သွား၍ ဆိုဗီယက်ခေါင်းဆောင် စတာလင် နှင့်တွေ့ဆုံပြီး ကိုရီးယားနိုင်ငံအား ပြန်လည် ထူထောင်ရန် နှစ်၄ဝခန့် လိုအပ်မည်ဟု ပြောဆိုခဲ့ပေသည်။ ၁၉၄၅ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံ ယာလ်ထာမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ရုစဗဲ့မှ စတာလင်အား “ကိုရီးယားနိုင်ငံကို နှစ်(၂၀-၃၀)လောက် စီးပွားရေးဆိုင်ရာတွေကို ထိန်းသိမ်း စောင့်ရှောက် ထားရရင် ကောင်းမှာပဲ” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။ စတာလင်မှ “နှစ်တိုလေ ကောင်းလေပဲ” ဟု ပြန်လည်ပြောဆိုခဲ့သည်။ ၁၉၄၅ခုနှစ် ဇူလိုင်လတွင် ဂျာမဏီနိုင်ငံ ပို့စ်ဒမ်(Potsdam) မြို့၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင်မူ ကိုင်ရိုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးချက်များအား ပြန်လည်စစ်ဆေးရုံမျှသာ ပြုလုပ်ခဲ့၍ ကိုရီးယားပြဿနာအား အသေးစိတ် မဆွေးနွေးခဲ့ပေ။ အမေရိကန်သည် အဏုမြူဗုံး အား ပိုင်ဆိုင် ထားသည့်အတွက် ကိုရီးယားပြဿနာအား ဦးဆောင်ဖြေရှင်းရန် မကြိုးစားခဲ့ပေ။ ဆိုဗီယက်သည်လည်း ထိုနည်းတူပင်ဖြစ်ပေသည်။ နောက်ဆုံး အဆုံးသတ်မှာမူ လွတ်လပ်ရေးရသည့် အချိန်ထိ မဟာမိတ်နိုင်ငံများသည် ကိုရီး ယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာများအား ထိန်းသိမ်း စောင့်ရှောက်ထားကြမည် ဆိုသည့် အချက်တစ်ခုသာ အဖြေထွက်လာ ပါသည်။လတ္တီတွဒ် ၃၈ဒီဂရီ မျဉ်းအား နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့သော အမေရိကန်နှင့် ဆိုဗီယက် ၂နိုင်ငံမှ ကိုရီးယား ကျွှန်းဆွယ်သို့ ဝင်ရောက်ရန် ဂျပန်မှ ပို့စ်ဒမ် ကြေငြာချက်အား လက်ခံပြီးနောက်ပိုင်း အမေရိကန်မှ အဆိုပြု မူကြမ်းရေး ဆွဲခဲ့သည်။ထိုမူကြမ်းအား ဆိုဗီယက်ကလည်း လက်ခံခဲ့ပေသည်။ အမေရိကန်တပ်များနှင့် ဆိုဗီယက်တပ်များသည် ကိုရီးယားကျွှန်းဆွယ်သို့ ဝင်ရောက်လာသည့် ရည်ရွယ်ချက်မှာ ဂျပန်တပ် များ၏ လက်နက်ရုပ်သိမ်းရေး အတွက် ဖြစ်သော်လည်း အမှန်တကယ်မှာမှု မိမိတို့၂နိုင်ငံ၏ ဝါဒဖြန့်နိုင်မှု ပိုမိုမြှင့်တင်ရန် အ တွက်သာ ဖြစ်သည်။ ကိုရီးယား ပြဿနာသည် အရင်းရှင်ဝါဒ၏ ခေါင်းဆောင် အမေရိကန်နှင့် ဆိုရှယ်လစ်ဝါဒ၏ ခေါင်း ဆောင် ဆိုဗီယက်တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်ပါသည်။သို့သော် အမေရိကန်နှင့် ဆိုဗီယက်တပ်များသည် ပေါင်းစည်းရေး တပ်များဖွဲ့စည်းခြင်း၊ အချင်းချင်းအပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ မရှိခဲ့ပေ။ အမေရိကန်နှင့် ဆိုဗီယက်တပ်များသည် ကိုရီးယားကျွန်းဆွယ်အား မဝင်ရောက်မီ အချိန်မှစ၍ ကိုရီးယား လူမျိုးများနှင့် လက်တွဲကာ “နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှုကော်မတီ” အား ဗဟိုပြု၍ နိုင်ငံတော်ထူထောင်ရေး လုပ်ငန်း များ စတင် ဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေး မရမီ အချိန်ကတည်းက နိုင်ငံတော်ထူထောင်ရေး အဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်၍ လျှို့ဝှက် မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သော ယော်ဝူး(န်)ဟြောင်း သည် ဩဂုတ်လ ၁၅ရက်နေ့ မနက်ပိုင်းတွင် ကိုရီးယားကျွန်းဆွယ် အုပ်ချုပ်ရေးဘုရင်ခံ အယ်န်ဒို နှင့်တွေ့ဆုံ၍ (၁)နိုင်ငံရေး အကျဉ်းသားများအား ချက် ခြင်း လွှတ်ပေးရေး၊ (၂)ဆိုးလ်မြို့သူ မြို့သားများအား စားနပ်ရိက္ခာများ တိုးမြှင့်ပေးရေး၊ (၃)ပြည်သူလူထု လုံခြုံရေးနှင့် နိုင်ငံ တော် ထူထောင်ရေး တို့တွင် ဝင်ရောက် နှောင့်ယှက်ခြင်းမပြုရန်၊ (၄)ကျောင်းသားနှင့် လူငယ်ထု လှုပ်ရှားမှုများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ (၅)အလုပ်သမားထုကြီး၏ နိုင်ငံတော် ထူထောင်ရေး လှုပ်ရှားမှုများတွင် ဝင်ရောက်စွက် ဖက်ခြင်း မပြုရန် စသည်တို့ကို တောင်းဆို၍ “ကိုရီးယား လူမျိုးများအား ဗဟိုပြုကာ ပြည်သူလူထု လုံခြုံရေးကို တာဝန်ယူ ပြီး နိုင်ငံတော်ပြန်လည် ထူထောင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်မည်”ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ဩဂုတ်လ ၁၅ရက်နေ့မှ စတင်၍ လှုပ်ရှားခဲ့သော “နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီ”တွင် ဘက်မ လိုက် လက်ဝဲဝါဒီတဦးဖြစ်သော ယော်ဝူး(န်)ဟြောင်း(ဥက္ကဋ္ဌ)နှင့် လက်ယာဝါဒီ တဦးဖြစ်သော အန်ဂျေဟုံး(င်) (ဒု-ဥက္ကဋ္ဌ) တို့ အပါအဝင် လက်ဝဲလက်ယာသမားများ စုပေါင်း ပါဝင်ကြပါ သည်။ ယော်ဝူး(န်)ဟြောင်းသည် လက်ယာဂိုဏ်း၏ ခေါင်း ဆောင်ဖြစ်သော ဆုံး(င်)ဂျီ(န်)ဝူး ကိုပါ ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သော်လည်းငြင်းဆန်ခဲ့သည်။(နိုင်ငံတော် ပြန် လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီ) ခရိုင်ကော်မတီများ၏ တက်ကြွသည့် စည်းရုံးလှုပ်ရှားမှုများကြောင့်ဩဂုတ်လ လကုန်ခါနီးတွင် ခရိုင်ကော်မတီပေါင်း ၁၄၅ခုအထိ တိုးပွားလာပါသည်။ တောင်ပိုင်း ခရိုင်ကော်မတီများတွင် လက်ဝဲ လက် ယာ သမားများပေါင်းစည်းလှုပ်ရှားခဲ့ကြသော်လည်း မြောက်ပိုင်း ခရိုင်ကော်မတီများတွင်မှု လက်ယာသမား အင်အားစုက ပိုမိုများပြားပါသည်။သို့သော် အမေရိကန်တပ်မှ ဆုံး(င်)ဂျီ(န်)ဝူး ပါဝင်သည့် အရေးပေါ် ယာယီအစိုးရ ဖွဲ့စည်းလိုက်သည့် အချိန်တွင်မှု အန်ဂျေဟုံး(င်) အပါအဝင် လက်ယာသမားများသည် ကော်မတီမှ နှုတ်ထွက်လိုက်ကြသည်။

နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီသည် လွတ်လပ်ရေး ကာလအတွင်း၌ အရေးကြီးသည့် အခန်း ကဏ္ဍတွင် ပါဝင်ခဲ့ပါသည်။လွတ်လပ်ရေး ရသည့်အချိန်တွင် ပြည်ပရောက် တော်လှန်ရေး အင်အားစုများသည် အလှမ်းဝေးနေပြီး မဟာမိတ်တပ် များ ၏ စနက်ဖြင့် စောစီးစွာ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် ခက်ခဲခဲ့ကြပါသည်။ ကင်(မ်)ဂု နှင့် ကင်(မ်)ဂြူးရှစ် တို့ ဦးဆောင် သော တောင်ကိုရီးယား အဝေးရောက်ယာယီအစိုးရ အဖွဲ့သည် တရုတ်နိုင်ငံ ဂျူ(င်)ဂြောင်းမြို့တွင် ရုံးစိုက်နေ၍ ကင်(မ်) ဒူဘုံး(င်) ဦးဆောင်သော မြောက်ကိုရီးယား လွတ်လပ်ရေးအဖွဲ့ချုပ်သည် တရုတ်နိုင်ငံ ယော်(န်)အန်(န်) မြို့တွင် ရုံးစိုက် နေပါသည်။ မန်ဂျူးလီယား နယ်မြေတွင် လှုပ်ရှားသော မျိုးချစ်တော်လှန်ရေးသမား များသည်လည်း ဆိုဗီယက်နိုင်ငံ၊ကာ ဗာလိုစခ်(Khabarousk) နယ်မြေတွင် ရောက်ရှိနေကြပါသည်။ အကယ်၍ နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီ ဖွဲ့စည်းပြီး နိုင်ငံအနှံ့အပြား စည်းရုံးလှုပ်ရှားမှုများ မပြုလုပ်နိုင်ခဲ့ပါက ကိုရီးယားနိုင်ငံသည် အမေရိကန်၏ စီးပွား ရေးဆိုင်ရာအုပ်ချုပ်မှု မူကြမ်းအား လက်ခံဆွေးနွေး၍ အဖြေပေးရန် ခက်ခဲခဲ့ပေလိမ့်မည်။ ၁၉၄၅ခုနှစ် ဩဂုတ်လ ၁၆ရက်မှ စတင်၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီ၏ ပြည်သူလူထု လုံခြုံရေးအဖွဲ့ဝင်များသည် နိုင်ငံအနှံ့အပြားတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်း မငြိမ်မသက် ဖြစ်နေသော ဒေသများ၏ ပြည်သူလူထု လုံခြုံရေးနှင့် စည်းကမ်းလိုက်နာမှုများ ရှိရန် အလေးပေး လှုပ်ရှားဆောင် ရွက်ခဲ့ ကြသည်။ ထိုအဖွဲ့ဝင်များ၏ တက်ကြွသည့် လှုပ်ရှားမှုများကြောင့် ပြည်သူလူထုကြီးသည် နိုင်ငံတော်သစ်တစ်ရပ် ပြန် လည်ပေါ်ပေါက် လာပြီဟူသည့် ယုံကြည်မှုများ ဖြစ်ပေါ်လာပြီး လွတ်လပ်ရေး၏ အရသာကို ခံစားခဲ့ကြရပါသည်။

နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီသည် ပြည်သူလူထု လုံခြုံရေး လှုပ်ရှားမှုများကို ကျယ်ပြန့်စွာ လှုပ် ရှားသည်နှင့် တပြိုင်နက် အဆောက်အဦးများ၊ စက်ပစ္စည်းကိရိယာများ၊ ကုန်ထုတ်လုပ်မှုပစ္စည်းများ အစရှိသည်တို့ကိုစည်း ကမ်းမဲ့ စွန့်ပြစ်မှုများနှင့် ဂျပန်နိုင်ငံသားများမှ ယူဆောင် သွားခြင်းကို ပိတ်ပင်တားဆီးပြီး ထိုပစ္စည်းများအား ပြန် လည် နေရာချထားခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် ကြီးမားသည့် လုပ်ငန်းဆောင်တာများအား တာဝန်ယူ ဆောင်ရွက် ခဲ့ကြသည်။ သို့သော်လည်း ဆိုးလ်မြို့တွင်မူ မြောက်ကိုရီးယား စစ်ဋ္ဌာနချုပ်၏ နှောက်ယှက်မှုဖြင့် နိုင်ငံတစ်နိုင်ငံထဲတွင် အစိုးရ ၂ဖွဲ့ အုပ်ချုပ်နေသည့် သဖွယ် မငြိမ်သက်မှုများ ဖြစ်စေရန် အကြောင်းများ ဖြစ်ပေါ်လာပါသည်။ နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီသည် ကော်မတီ၏ အမည်အတိုင်း လွတ်လပ်သည့် နိုင်ငံတော် သစ် တည်ဆောက်ရေး အတွက် အခြေခံလူထုလှုပ်ရှားမှု များကို ဆောင်ရွက်ခြင်းသည် ကော်မတီ၏ အခြေခံတာဝန် ဖြစ် သည်။ သို့ဖြစ်၍ နိုင်ငံတော် ပြန်လည်ထူထောင်ရေးပြင်ဆင်မှု ကော်မတီ၏ အခြေခံတာဝန်များ ပြီးဆုံးပါက တဆင့်တိုး၍ ပိုမိုကျစ်လစ်ခိုင်မာသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေးသည် သဘာဝ ကျပေသည်။သို့သော် စက်တင်ဘာလ ၆ရက် နေ့က ကိုရီးယားကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော်မတီကို တိုးချဲ့ပြင် ဆင်သည့် အနေဖြင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ ဟု ဖွဲ့စည်းလိုက်ခြင်းသည် အလျင်စလို ပြုလုပ်လိုက်သည့် လှုပ်ရှားမှု ဖြစ်ပေသည်။ နိုင်ငံအနှံ့ရှိ ပြည်သူ့ကိုယ်စားလှယ်များ စုစည်းမှု မရှိသေးသည့် အပြင် လက်ယာသမားများ ပါဝင်မှု မရှိခြင်း သည် ချွတ်ယွင်းချက် ဖြစ်သည်။ အမေရိကန်တပ်များ မဝင်ရောက်မီ ကိုရီးယားလူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေး အဖွဲ့အစည်း ဖွဲ့စည်းရန် လိုအပ်၍ ဖွဲ့စည်းလိုက်သော်လည်း တဖက်တွင်မူ ဆုံး(င်)ဂျီ(န်)ဝူး၏ ယာယီအစိုးရအဖွဲ့အား စင်ပြိုင် ဖွဲ့စည်းလိုသည့် အကြောင်းလည်း ပါပေသည်။
ကိုရီးယားပြည်သူ့သမ္မတနိုင်ငံဟု ပြင်ဆင်ဖွဲ့စည်း လိုက်သည့်အတွက် နိုင်ငံတော်ပြန်လည်ထူထောင်ရေး ပြင်ဆင်မှု ကော် မတီ၏ နယ်မြေခံ အဖွဲ့များအား ပြည်သူ့ကိုယ်စားပြုကောင်စီ အဖြစ် ပြင်ဆင်လိုက်သည်။ ပြည်သူ့ကိုယ်စားပြုကောင်စီသည် အမေရိကန်တပ်များ ဝင်ရောက်သိမ်းပိုက်ပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာ နယ် မြေမှ နယ်မြေခံ ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ပြည်သူ့လုံခြုံရေး စသည့် နယ်မြေခံအစိုးရ အဖြစ် လှုပ်ရှားမှုများသည် မနည်းလှပေ။အမေရိကန် နိုင်ငံသား (Bruce Cumings)၏ အသေးစိတ် သုတေသနပြုချက်တွင် လတ္တီတွဒ် ၃၈ဒီဂရီမျဉ်း တောင်ဖက်(ယခု တောင်ကိုရီးယား)၏ မြို့နယ်ပေါင်း ၁၃၈မြို့နယ်တွင် ၁၂၈မြို့နယ်သည် ပြည်သူ့ကိုယ်စားပြုကောင်စီ ဖွဲ့စည်းထားပြီး၊ထိုအနက်မှ ၆၉မြို့နယ်ရှိ ပြည်သူ့ကိုယ်စားပြု ကောင်စီသည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို သုံးစွဲခဲ့သည်ဟု ဖော်ပြထားသည်။

ဗဟို ပြည်သူ့ကိုယ်စားပြုကောင်စီမှ ဆုံးဖြတ်ကျင့်သုံးလိုက်သည့် သီးစားခ ၃အချိုးရ စနစ်(လယ်ပိုင်ရှင် ၃ဆလယ်လုပ်သူ ရဆ) အား လယ်သမားထုမှ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြသည်။သူ့ကျွန်ဘဝတွင် ပေးဆပ်ခဲ့ရသော သီးစားခအနည်းဆုံး ၅ဆ မှ အများဆုံး၈ဆ အထိပေးအပ်ခဲ့ကြ၍ ဆင်းရဲမှုများကြားတွင် ညည်းညူနေခဲ့ကြရသော လယ်သမားထုသည် သီးစား ခ ၃ဆသာ ပေးဆောင်ရမည်ဆိုသည့် စနစ် ထွက်ပေါ်လာသည့်အခါ အမှန်တကယ် လွတ်လပ်ရေး ရပါလားဟုဆိုကြပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ကြသည်။အမေရိကန် စစ်အုပ်ချုပ်ရေးအဖွဲ့မှ အောက်တိုဘာလ ၅ရက်နေ့က သတ်မှတ်လိုက်သော စစ်အုပ်ချုပ်ရေး ဥပဒေ အပိုဒ်၅အဖြစ် သီးစားခအား စိုက်ပျိုးထုတ်လုပ်မှု၏ ၃ပုံလျှင် ၁ပုံသာ ပေးဆပ်ရန် ၃အချိုး၁ စနစ် အား ပြဋ္ဌာန်းလိုက်ခြင်းသည်လည်း ၃အချိုးရ စနစ်အား လယ်သမားထုမှ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြခြင်းကြောင့်ဖြစ် ပေသည်။

ဆက်လက်ဖော်ပြပါအုံးမည်။
ကိုလူချစ်(ကိုရီးယား)

2 comments

  • nigimi77

    May 16, 2011 at 1:10 pm

    ကိုကြယ်။ ဈေးဦး မပေါက် ပါလား။ ထပ်ရေးပါဦး။ အားပေးမဲ ့လူ ကျုပ် တစ်ယောက်လုံးရှိပါတယ်။

  • eros

    May 16, 2011 at 1:30 pm

    ကိုကြယ်လေးရေ မူရင်းလင့်လေးတင်ပေးရင် ပို အဆင်ပြေမယ်ထင်ပါတယ်။

Leave a Reply