ကျောက်ဖြူတွင် တည်ဆောက်မည့် ဘိုးဘွားရိပ်သာ အကူအညီများ လိုအပ်နေ

zaw mgJanuary 25, 20111min570

ကျောက်ဖြူတွင် တည်ဆောက်မည့် ဘိုးဘွားရိပ်သာ အကူအညီများ လိုအပ်နေ

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ဘိုးဘွားရိပ်သာတခုကို ထူထောင်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဘိုးဘွားရိပ်သာအတွက် အကူအညီများ လိုအပ်နေကြောင်း သတင်း ရရှိသည်။

ဒေသအတွင်း စေတနာရှင်များက ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကော်မတီတခုကို ဖွဲ့စည်းပြီး ယခုအခါ ဘိုးဘွားရိပ်သာအား စတင် အကောင်အထည်ဖေါ် ဆောင်ရွက် နေကြောင်းနှင့် အဆောက်အဦး ပြီးမြောက်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူ ဘိုးဘွားရိပ်သာ အဆောက်အအုံကို ကျောက်ဖြူမြို့ ဥပစာ ကောလိပ်ဟောင်း အနီး မြေဧက ၅ ဒသမ ၂ ဧကရှိမြေပေါ်တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူမြို့မှာ ရခိုင်ပြည်နယ်မှ ဒုတိယ အကြီးဆုံး ခရိုင်မြို့ကြီး တမြို့ဖြစ်သော်လည်း ဘိုးဘွားရိပ်သာ မရှိသေးသဖြင့် အသက် အရွယ် ကြီးမြင့်ပြီး ခိုကိုးရာမဲ့ နေသူ အဘိုးအဘွားများအား ကူညီစောင့်ရှောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ခိုကိုးရာမဲ့ သက်ကြီးအဘိုးအဘွားများအား စစ်တွေမြို့ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ၊ တောင်ကုတ်မြို့ ဘိုးဘွားရိပ်သာ၊ သံတွဲမြို့ ဘိုးဘွားရိပ်သာ များ ထူထောင် ထားရှိပြီး ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းများ ပြုလုပ်နေကြသည်။ ကျောက်ဖြူမြို့တွင် သက်ကြီးရွယ်အိုများ နားနားနေနေ လာရောက်တရားသီလ ဆောက်တည်နိုင်သည့် တရားစခန်းအသွင် ရိပ်သာတစ်ခုသာ ရှိပြီး တခြား စောင့်ရှောက်မည့် နေရာ မရှိသဖြင့် ဘိုးဘွားရိပ်သာ တစ်ခု ပေါ်ပေါက်လာမည်ဆိုပါ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ အတွက် အထူး ကျေးဇူးရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလိုသူများ အနေဖြင့် ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး ကော်မတီ (ဖုန်း-၀၃၄-၄၆၈၅၇) သို့ ဆက်သွယ် ကူညီ လှူဒါန်းနိုင်ပါသည်။

ကိုးကား းwww.narinjara.com