မဲပေးခွင့်

ashinindakaJanuary 26, 20111min624

ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့
သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ
ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။

သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့
၁၉၉၉-၂၀၀ဝ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။
သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ
ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊
ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက်
လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။

၂၀၀၄ – ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။
အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ
ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး
သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။

အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ
ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ
ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။

၂၀၀၈ – ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။
သီဟိုဠ်ရဟန်းသံဃာတော်တွေက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာဒေသကို သွားပြီး
အိမ်တွေ တည်ဆောက်ပေးတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ
လိုအပ်တဲ့အရာတွေကို ထဲထဲဝင်ဝင်ဆောက်ရွက်ပေးတယ်လို့ သိရတယ်။
မေတ္တာတရား ကရုဏာတရားစတဲ့ဗြဟ္မစိုရ်တရားတွေကို
အလုပ်နဲ့သက်သေပြလိုက်တာပဲ။

မြန်မာဆရာတော်သံဃာတော်အများစုကတော့
မေတ္တာအကြောင်း၊ ကရုဏာအကြောင်း ရွှန်းရွှန်းဝေအောင်
ဟောလွန်း ပြောလွန်းလို့ သူတို့ဟောပြီး ပြောပြီးရင်
မိုက်ကိုတောင် နေပူပူမှာ နှစ်ရက်လောက် နေလှန်းလိုက်ရတယ်။

အပြောနောက်မှာ Action လိုက် မလာပါဘူး။
Action လိုက်ပါတယ်ဆိုရင်လဲ အတော်နည်းပါးတာကို တွေ့ရပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊  တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

ဒီနေ့ဒီအချိန်အခါမှာ သီဟိုဠ်ဘုန်းကြီးတွေ ရွေးကောက်ပွဲမှာတောင်
ဝင်ရောက်ယှဉ်ပြိုင်လို့ အနိုင်ရဘုန်းကြီးတွေ ပါလီမန်ထဲအထိ
ရောက်ကုန်ကြပြီတဲ့။

4 comments

  • bigbird

    January 26, 2011 at 3:07 pm

    မဲတော့ပေးသင့်ပါတယ်..ပါလီမန်ထဲရောက်တဲ့အထိတော့နိုင်ငံရေးနဲ ့မသင့်တော်ဘူးထင်ပါတယ်ဘုရား။

    • ashinindaka

      January 27, 2011 at 12:38 am

      ဒကာငှက်ကြီးပြောတာမှန်ပါတယ်။ မေးတော့ပေးသင့်တယ်။ ပါလီမန်ထဲရောက်ဖို့တော့ မသင့်လျှော်သေးဘူး။

  • bigcat

    January 27, 2011 at 1:56 am

    စစ်တပ်က တိုင်းပြည်အရေးကြုံရင် ကာကွယ်ဖို့ ပါလီမန်မှာ၂၅%ယူထားရပါတယ်ဆိုတဲ့ဆင်ခြေမျိုးနဲ့ သံဃာတွေလည်း သာသနာကာကွယ်ဖို့ ၂၅% ပါလီမန်ထိုင်ခုံရဖို့ တောင်းဆိုကြပါလား။ ဒါမှမဟုတ် ရှိပြီးသား၂၅%ကို တဝက်ဆီခွဲကြပေါ့။ ဒါဆိုစစ်တပ်အောက်ဆွဲတွေ ဘာပြောကြမလဲမသိဘူး။ ဆရာတော်ဘုရား ဦးစီးဦးရွက်ပြု တောင်းဆိုဖို့ လျောက်ထားပါတယ်။
    အလကားနောက်တာပါ (ကန်တော့ ကန်တော့)၊ တကယ်တော့ စစ်သား၊ ဘုန်းကြီး နိုင်ငံရေးနဲ့ မပတ်သက်သူတွေ ကိုယ့်ဖာသာကိုယ် အေးအေးနေတာပဲကောင်းပါတယ်။ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးနဲ့ ဘာသာရေး တလိုင်းစီသွားတဲ့ နာမည်ထွက်တာပေါ့။ တိုးတက်ကြီးပွားတဲ့ အရှေ့အနောက် ဘယ်နိုင်ငံမဆို ဒီလိုပဲသွားပါတယ်။ ဘာသာတရားထွန်းကားပေမဲ့ တိုင်းပြည်မချမ်းသာ မကြီးပွားရင် တချိန်မှာသူတပါး အနိုင်ကျင့်တာ ခံရတယ်၊ ခံရပြီးပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ဘုရားကျောင်းနဲ့ နိုင်ငံရေးခွဲထားတယ်ဆိုပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ လွှမ်းမိုးမှုရှိပါတယ်။ လူထုအခြေပြု ဒီမိုကရေစီစနစ်ကိုး။ ပိုသိမ်မွေ့ပါတယ်၊ လူတွေပိုလက်ခံနိုင်ပါတယ်။ ပြည့်စုံမျှတတဲ့စနစ် ဆိုတာကတော့ လူတွေမှာအတ္တရှိနေသ၍ မမျှော်လင့်စကောင်းသော အရာပါ။

    • ashinindaka

      January 27, 2011 at 4:25 am

      ဒကာကြောင်ကြီးက အလကားနောက်တာပါဆိုလို့တော်တော့တယ်။ တကယ်လုပ်ရမှာဆို ဒုက္ခ၊၊

Leave a Reply