အာရပ်တော်လှန်ရေးအတွက် မီးရှို့မှုနဲ့ ဖေ့စ်ဘွတ်

ၾကယ္ေလးJanuary 26, 20111min762

မောက္ခ မှ ကူး ယူဖော်ပြသည်

http://www.maukkha.org/index.php?option=com_content&view=article&id=1298:2011-01-26-05-56-29&catid=120:2010-10-11-07-37-22&Itemid=374

ခေတ်သစ်ကမ္ဘာကြီးကို  ဒို်င်းနမစ်ဖြစ် တဲ့ နေရာအများစုနဲ့ နိုးကြားထကြွမှု မရှိ အသေဖြစ်နေတဲ့ နေရာအချို့လို့ နှစ်ပိုင်းခွဲကြည့်ရင်၊  တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က ဒုတိယအထဲမှာ ပါဝင် သည်။ ထိုမြို့ကို တူနီရှား အသံလွှင့် ဌာနကပင် စိတ်မဝင်စား

လို့ မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြလေ့မရှိခဲ့။

တော်လှန်ရေးတစ်ခု ပေါ်ထွက်ဖို့ ဘယ်တုန်းကမှ စိတ်ကူးလို့ မရနိုင်တဲ့ အဲဒီမြို့မှာပဲ၊ ၂၀၁ဝ ဒီဇင်ဘာ၁ရ ရက်နေ့တွင်တော့ အာရပ်ကမ္ဘာကို ကိုင်လှုပ်မယ့် တော်လှန်ရေးကြီးတစ်ခု အစပျိုးခဲ့သည်။ အသက် ၂ရ နှစ်ရှိ ဘွဲ့ရလူငယ် မိုဟာမဒ်ဘိုအာဇီဇီ နဲ့  သူ့ထက် နည်းနည်းကြီးသူ တူနီရှားရဲမေ ဖာဒါဟမ်ဒီ တို့နှစ်ဦး ပြဿနာက စတင်လိုက် ခြင်း ဖြစ်သည်။ အချစ်ဇာတ်လမ်း မဟုတ်။  ဘွဲ့ရ အလုပ်မရှိ သစ်သီးရောင်းနေရတဲ့ ဘိုအာဇီဇီ ရဲ့ တွန်းလှည်းကို အလိုက်မသိ ရဲမေက ဖမ်းပြီး ပါးရိုက်လို့၊ ကိုယ့်လူက မြို့အုပ်ချုပ်ရေးရုံးရှေ့ ဆန္ဒပြရင်း သူ့ကိုယ်သူ မီးရှို့သတ်သေလိုက်ခြင်း ဖြစ်သည်။

သူ့ အာဂသတ္တိက ယခု အာရပ်တော်လှန်ရေးအတွက် ဒဏ္ဍာရီသူရဲကောင်းသဖွယ် ဖြစ်သွားရတော့သည်။ ဘိုအာဇီဇီ ရဲ့ လုပ်ချက်က ၅၃ နှစ်တာ အမြစ်ခိုင်နေတဲ့ တူနီးရှားအာဏာရှစ်စနစ်ကို ဖိမ့်ဖိမ့်တုန်သွားစေပြီး၊ နောက်တစ်လနီးပါး အကြာမှာ သမ္မတ ဘန်အလီ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေမှာပါ ဆန္ဒပြဖို့ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး တော်လှန်ရေးအတွက် မိမိကိုယ်ကို မီးရှို့စတေးဖို့ ပြင်ဆင်သူတွေ တစ်ဒါဇင်ကျော် ရှိလာသည်။

မိမိကိုယ်ကို မီးရှို့သတ်သေခြင်းမှာ ထိတ်လန့်ကြောက်မယ်ဖွယ်ရာ ကောင်းလှသည်။ ပျော့ပြောင်းတဲ့ ဘာသာရေးနဲ့ လူလိမ္မာများက မုချရှုတ်ချကြမည်။ ပသို့ဆိုစေ အရှေ့အလယ်ပိုင်းတွင်တော့ တော်လှန်ရေးစဖို့နဲ့ အာဇာနည်သူရဲကောင်း ဖြစ်ဖို့မှာ မိမိကိုယ်ကို မီးရှို့မယ့်သူတွေ လိုအပ်တဲ့ သဘောရှိသည်။ အရိုးရင့် အာဏာရှင်တွေ ပွဲသိမ်းနိုင်ဖို့ ဒီနည်းက အာရပ်ကမ္ဘာတွင် ဗားရှင်းအသစ် ဖြစ်လာသည်။

တကယ်တော့ နိုင်ငံရေးဆန္ဒပြဖို့ မိမိကိုယ်ကို မီးရှို့ခြင်းက အခုမှ အသစ်မဟုတ်။ ၁၉၆၃ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ရဲ့ ကျူးကျော်မှုကို ကန့်ကွတ်တဲ့အနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး သစ်ကွမ်ဒတ်ခ်က သူ့ကိုယ်သူ မီးရှို့ခဲ့ သည်။ မီးတောက်မီးလျံတွေကြား ပျံလွန်တော်မူတဲ့အထိ တည်တည်ငြိမ်ငြိမ် ထိုင်သမာဓိယူသွားတဲ့ ကိုယ်တော့် ဓါတ်ပုံက အမေရိကန်အစိုးရအဆက်ဆက်ကို ခြောက်ခြားစေသည်။ အမေရိကန် ဆန့်ကျင်ရေးတိုးမြှင့်ဖို့  အခြားဗီယက်နမ် ဘုန်းကြီး တွေကလည်း ဆက်ပြီး မီးရှို့ပြခဲ့ကြသည်။

၁၉၆၉ ခုနှစ် ဥရောပတွင် ဆိုဗီယက်ကျူးကျော်မှုကို ဆန္ဒပြတဲ့အနေနဲ့ အသက် ၂ဝ ရှိ ချက်လူငယ် ဂျန်ပလချ်က မီးရှို့ သတ်သေခဲ့သည်။ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ သူရဲကောင်းအဖြစ် ဥရောပတွင် အမှတ်ရစရာ ဖြစ်နေသည်။ တိဗက်၊ အိန္ဒိယ၊ တူရကီတို့မှာလည်း အလျှံညီးညီး မီးတောက်ကြားထဲ အုပ်ချုပ်သူကို ဆန္ဒပြရင်း လူမသိသူမသိ သေဆုံးသွားသူတွေ ရှိသည်။

နိုင်ငံရေး ရည်ရွယ်ချက်အတွက် မိမိကိုယ်ကို မီးရှို့ဆန္ဒပြမှုကို လက်ခံဖို့ခက်သော်လည်း ဘိုအူဇာဇာရဲ့ လုပ်ရပ်က ခြစားနေတဲ့ အာရပ်ကမ္ဘာတွင်တော့ ထိရောက်ပုံ ပေါ်ခဲ့သည်။ ၂၃ နှစ်ကြာ အာဏာချုပ်ကိုင်ထားတဲ့ သမ္မတဘန်အလီ ကို ဖြုတ်ချနိုင်ခဲ့ပြီး အုပ်ချုပ်ရေးကျင့်ဝတ်သီလ ယိုယွင်းပျက်စီးနေတဲ့ အခြား အာရပ်တိုင်းပြည်များကို တော်လှန်ရေးမီး ကူးစက် ဖို့ မျှော်လင့်ချက်တွေ ပေးသွားသည်။

ဘိုအူဇာဇာနဲ့ အသက်ရွယ်တူ မခ်ဇာကာဘဂ်မှာ ဖေ့စ်ဘွတ် တည်ထောင်သူဖြစ်သည်။ သူတီထွင်တဲ့ ဖေ့စ်ဘွတ်ယာဉ်ကို အမေရိကနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ တူနီရှားလူငယ်တွေ အသုံးပြုနေကြသည်။ ရဲမေက ဘိုအူဇာဇာ ကို  ပါးဆင့်ရိုက်တာ ဘယ်ကမ္ဘာ့မီဒီယာမှ စိတ်မဝင်စားပေမယ့် လူငယ်ထုက ချက်ချင်းပြန့် ဆိုက်ဘာ ဖေ့စ်ဘွတ်ကနေ အာရပ်ကမ္ဘာကို ဖြန့်ထားပြီးပြီ။ အနောက် သတင်းဌာနတွေ ခရစ္စမတ်နဲ့ အလုပ်ရှုပ်နေချိန်မို့ ဘိုအူဇာဇာ သူ့ကိုယ်သူ မီးရှို့တာ မသိလိုက်ကြ။ သို့သော် တူနီရှား လူငယ်အချို့က မိုဘိုင်းဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ် ချက်ချင်းပစ်တင်လိုက်သည်။

ဖေ့စ်ဘွတ်ကောင်းမှုကြောင့် ဒေသထွက်နေတဲ့ တူနီရှားမြို့တော် လူထုက နောက် ၂၈ ရက်အကြာတွင် သမ္မတကို မောင်းထုတ်နိုင်ခဲ့သည်။ အာဏာရှင် ဘန်အလီကိုယ်တိုင် ဇန်နဝါရီ ၁၃ ရက်နေ့ မပြေးမီ တိုင်းပြည်မိန့်ခွန်းပြောရာတွင် ဖေ့စ်ဘွတ် ဒုက္ခပေးနေကြောင်း သုံးကြိမ်ထည့်ပြောသွားသည်။ ဘန်အလီရဲ့ ရုပ်သေးပါတီတွင် သူ့ကို အကာအကွယ် ပေးမယ့် လက်မရွံ့အဖွဲ့ဝင် ၁.၅ သန်း ရှိသည်။ ဒါပေမဲ့ ဖေ့စ်ဘွတ်သုံးသူ လူ ၂ သန်း ရဲ့ နှိပ်စက်မှုကြောင့် ထွက်ပြေးခဲ့ ရသည်။

အာရပ်တိုင်းပြည်တွေက လူငယ်ထု အားသာချက်မှာ မိုလ်ဘိုင်းဖုန်းနဲ့ အွန်လိုင်းကို တွင်တွင်ကျယ်ကျယ် သုံးနိုင်ခြင်း ဖြစ်သည်။ ဒါကြောင့် သတင်းပျံ့နှံရေးနဲ့ ဆက်ဖွဖို့က သူတို့တာဝန်ထား။ အဓိကလိုနေတာက ဘိုအူဇူဇူလို ပြဿနာနဲ့ မီးစမွှေးမယ့်သူ ဖြစ်သည်။ ယခု အာရပ်နို်င်ငံတိုင်းက ဘိုအူဇူဇူလို သူရဲကောင်း စောင့်ဆိုင်းနေကြသည်။ ဘယ်သူ သူရဲကောင်း လုပ်မလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေသည်။

တူနီရှား စံပယ်ဖူးတော်လှန်ရေးကို ခြုံကြည့်ရင်

(၁) ပြဿနာကြီးကြီးတစ်ခု အရင်းခံပြုပြီးနောက် အွန်လိုင် လူမှု့ကွန်ယက်က သယ်ဆောင်သွားသည်။

(၂) အာရပ်ကမ္ဘာမှ အာဏာရှင်များ၊ အစ္စလမ် အခြေခံဝါဒီများမှာ လူထုကို တင်းတင်းကျပ်ကျပ် ဖိထားတဲ့ အဖွဲ့အစည်းပုံစံမျိုး ရှိသည်။ တစ်ဖက် အွန်လိုင်းလူမှုကွန်ယက်ကလည်း ကိုယ်ပျောက် စုစည်းမိပြီး တွန်းလှန်ဖြိုချနေသည်။

(၃) အွန်လိုင်း ကိုယ်ပျောက် လူမှု့ကွန်ယက်တွင် အစိုးရကဲ့သို့ ပုံစံသေ အိုင်ဒီယိုလော်ဂျီ မရှိ။ ဒါပေမဲ့ သူ့တို့ရဲ့ နေ့တစ်ဓူဝ စော်ကားခံရမှုများကို ရေငုံမနေ။ တစ်ဦးချင်းတန်ဖိုးနဲ့ ဂုဏ်သိက္ခာအတွက် ဖေ့စ်ဘွတ်ကို အသုံးချသည်။

(၄) ဆိုက်ဘာနဲ့ ပုန်ကန်မှုကို အမြဲပွဲသိမ်းဟု မတွက်နိုင်။ ၂၀၀၉ အီရန်တွင် မအောင်မြင်ဘဲ၊ ၂၀၁၁ တူနီရှားတွင် အစိုးရပြုတ်ကျသွားသည်။ ထိုနိုင်ငံနှစ်ခုစလုံးတွင် အာဏာရှင်များနှင့် အွန်လိုင်းလူမှုကွန်ယက်ဖွဲ့ လူငယ်ထုအကြား အားပြိုင်ခဲ့ကြသည်။ ခြားနားချက်က လှုပ်ရှားမှုကာလအတွင်း အစိုးရရဲ့ တန်ပြန်ရက်စက်မှုကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲအပေါ် မူတည်မည်။

(၅) အင်တာနက် အသုံးပြုမှုမှာ ကိုးဆယ့်ခြောက်ပါး ပျောက်ဆေးမဟုတ်။ အာဏာရှင်ကလည်း အတိုက်အခံကို ဖြိုခွဲဖို့ အင်တာနက် သုံးမှာပင် ဖြစ်သည်။ ဖေ့စ်ဘွတ်ကိုလည်း ထိန်းချုပ်မှာပင် ဖြစ်သည်။ သို့သော် အင်တာနက်က အဖိနှိပ်ခံ လူထုအတွက် လက်နက်အင်အားဖြစ်လာသည်။ မပြောင်းလဲဘဲ နေမြဲနေလိုတဲ့ အာဏာရှင်များအတွက် ခြိမ်းခြောက်မှု အသစ် ဖြစ်လာသည်။

(၆) တူနီရှားတော်လှန်ရေးမှာ ဖေ့စ်ဘွတ်တော်လှန်ရေး ဖြစ်သည်။ အာဏာရှင်ရဲ့ အမျိုးမျိုး ဖိနှိပ်စော်ကားမှုအတွက် လူတစ်ဦးချင်း တာဝန်ယူမှုနဲ့ အာရပ်လူမျိုး ဂုဏ်သိက္ခာ ပြသတဲ့ တော်လှန်ရေး ဖြစ်သည်။

ရဲမြင့်ကျော်

ရည်ညွှန်း

How a Single Match Can Ignite a Revolution by Robert F. Worth

Facebook and Arab Dignity by Roger Cohen

2 comments

  • kai

    January 26, 2011 at 9:56 pm

    ဆူဒန်။ တူနီးရှား..အခု..အီဂျစ်…။
    အစ္စလမ်မစ်နိုင်ငံတွေချည်းပဲ..။
    ယူအက်စ်ကတော့ နောက်ကတခုခုကြံနေပြီ ထင်မိပါတယ်..။

  • bigcat

    January 27, 2011 at 2:09 am

    ယူအက်စ်အစိုးရလည်း ကျဉ်းထဲကျပ်ထဲမှာပဲလို့ထင်တယ်။ အစ္စလာမ်မစ်ကမာ္ဘမှာ လက်တဆုပ်စာ နိုင်ငံတွေလောက်ပဲ (ဥပမာ တူရကီ) ဒီမိုကရေစီရှိတယ်။ ကျန်တာတွေက မိတ်ဆွေ အာဏာရှင် (ဥပမာ ဆော်ဒီ) နဲ့ ရန်သူအာဏာရှင် (ဥပမာ အီရန်) နိုင်ငံတွေချည်ပဲ။ မိတ်ဖက်အာဏာရှင်တွေကို ဖြုတ်ချတာကို အားပေး၊ မသိကျိုးကျွံပြုလိုက်ပြန်ရင်လည်း ပိုဆိုးတဲ့ အစွန်းရောက်ဘာသာရေး ကောင်တွေတက်လာမှာဆိုတော့။ တဖက်ကလည်း ရန်သူအာဏာရှင်တွေကိုချည်ပဲ အပြောင်းအလဲ အတွက် နင်းကန်ဖိအားပေးနေလို့ မရဘူးလေ။

Leave a Reply