ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

zaw mgJanuary 27, 20111min520

ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း အင်တာနက်သတင်းများအရသိရသည်။မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အဝတ်အစားများ ဝတ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရကြောင်းဇရာဝတီသတင်းဌာနအင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားကြောင်းသိရသည်။

“ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ဝတ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

The First ဂျာနယ်၏ အယ်ဒီတာကိုလည်း ထိုကဲ့သို့ ပုံများ ထည့်သွင်း ဖော်ပြသည့် အတွက် ခေါ်ယူကာ ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အထက်ပါ ဂျာနယ်များမှာ သတင်းဓာတ်ပုံများကို စာပေစိစစ်ရေးသို့ ကြိုမတင်ဘဲ ထုတ်ခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“နောက်တခါ ဒီလိုမျိုးဖြစ်လာရင် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ အရေးယူသွားမယ်။ သူတို့ ပြောနေကျ မလိုက်နာရင် အနားပေးမယ်၊ ထုတ်ဝေခွင့်ပိတ်မယ် ဆိုတာတွေပြောပြီး The First ဂျာနယ် အယ်ဒီတာတွေကို စိစစ်ရေးက ဆူပါတယ်” ဟု ၎င်းကပြောသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ ၆ ပွဲဆက် ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် မင်္ဂလာဆောင် အခမ်းအနားများကို နေပြည်တော်ရှိ  ဗိုလ်ချုပ်မှူးကြီး မိသားစုက ဘဝင်မကျ ဖြစ်နေသည် ဟုလည်း နေပြည်တော် အသိုင်းအဝန်းမှ သိရသည်။

ထိုမင်္ဂလာပွဲကြောင့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်း ဖြစ်သည်ဟုလည်း ရုပ်ရှင် အစည်းအရုံးနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။

မြန်မာနိုင်ငံတွင်လက်ရှိအချိန်အထိ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ပြုထားသည်။