အာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် “I will always love you” သီချင်းဖြင့် မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ်) ရရှိ

zaw mgJanuary 27, 20111min828

ဆုရရှိသူမောင်ကျော်ဇင်မင်း

အာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် “I will always love you” သီချင်းဖြင့်  မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ်) ရရှိခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၅  ရက်နှင့် ၈  ရက်နေ့ထိ  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ရိုးရာဂီတ နှင့် ပေါ့ပ်ဂီတ ကဏ္ဍ ၂ ခု ခွဲ၍ သီချင်းဆို ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဟိုချီမင်း ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသခဲ့ကြောင်းအင်တာနက်သတင်းများအရသိရသည်။

ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် စင်ကာပူနှင့် လာအိုနိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများမှ လူငယ်အဆိုတော် ၁၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု၍ ကိုကျော်ဇင်မင်း တဦးသာ ယှဉ်ပြိုင်သည်ဟု သိရသည်။

“၅ ရက်နေ့မှာလုပ်တဲ့ ရိုးရာသီချင်းပြိုင်ပွဲကို မမီလိုက်ဘူး ဖြစ်သွားတယ်။ ပြိုင်ပွဲနေ့က မနက် ၉ နာရီလောက် ဟိုချီမင်း ရုပ်သံလိုင်း သီရေတာကိုသွားပြီး သီချင်းတိုက်တယ်။ ည ၈ နာရီခွဲမှ ပွဲစတယ်။ မိတ်ကပ်၊ ဆံပင်ကအစ အကုန် တာဝန်ယူပြီး လုပ်ပေးတယ်” ဟု ကိုကျော်ဇင်မင်းက ဆိုသည်။

ကျင်းပပြီးခဲ့သည့် အာဆီယံ ရွှေရောင်သံစဉ် သီချင်းဆိုပြိုင်ပွဲ (ASEAN Gold Voice Festival 2011) သည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ၂၀၀၈ ခုနှစ်က တကြိမ် ကျင်းပခဲ့သည်။

“ပြိုင်ဘက်တွေ အကုန်လုံးက သူတို့နိုင်ငံမှာ အခွေ ၃၊ ၄ ခွေထုတ်ထားပြီးသား။ အဆိုတော်ကြီးတွေ ကြားထဲမှာ ပြိုင်ပြီး ဆုရ တာဆိုတော့ ပိုဝမ်းသာတယ်။ ကိုယ်က အတွေ့အကြုံလည်း မရှိဘူး။ တခြားသူတွေက Performance အပြည့်နဲ့ ပြိုင်သွားတာ ဆိုတော့ ဒီအချက်တွေကြောင့်လည်း သူတို့ သာသွားတာ ထင်တယ်” ဟု ကိုကျော်ဇင်မင်းက ဆက်ပြောသည်။

အဆိုပါ ပြိုင်ပွဲကို ဟိုချီမင်းရုပ်မြင်သံကြားဌာနနှင့် Cat Tien Sa ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး အာဆီယံ နိုင်ငံအချင်းချင်း ယဉ်ကျေးမှု ဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အဆိုပါပြိုင်ပွဲသို့ ကိုကျော်ဇင်မင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆက်သွယ်ပေးခဲ့သည့် အဆိုတော် မော်ဒယ်လ် ရေဗက္ကာဝင်းက “ပြီးခဲ့တဲ့နှစ် Miss Asean ပြိုင်ပွဲ အတွက် ဗီယက်နမ်ကို သွားခဲ့တုန်းက ရုပ်သံလိုင်းမှာ မိတ်ဆွေတယောက် ရခဲ့တယ်။ သူက ဟိုတလောက ဆက်သွယ်လာပြီး သီချင်းဆိုပြိုင်ပွဲရှိတယ်၊ မြန်မာပြည်က စိတ်ဝင်စားတဲ့ လူငယ်အဆိုတော်တွေ ရှိရင် ရှာပေးပါ ဆိုတာနဲ့ မယ်လိုဒီဝေါလ် သီချင်းဆို ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ လူတွေ ပြိုင်ချင်မလားဆိုပြီး အဲဒီထဲက တယောက်ကို ဆက်သွယ် ချိတ်ပေးခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ ပွဲများ သွားရောက်လေ့လာ ကြုံတွေ့ခဲ့ရပြီး နောက် ပြည်တွင်းပြည်ပ ပြန်လည် နှိုင်းယှဉ်ကြည့်ရာ မြန်မာနိုင်ငံ အနေနှင့် အာဆီယံအဆင့် အဆိုပြိုင်ပွဲများ မဆိုထားနှင့် ပြည်တွင်းတွင် ပြုလုပ်သည့် ရှိုးပွဲများတွင်ပင် ပွဲမစခင် ကြိုတင် ပြင်ဆင်မှု အားနည်းသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်လည်း ရလဒ်ကောင်းများ ထွက်မလာသေးခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

“ပြည်ပမှာ လုပ်တဲ့ပွဲတွေ သွားပြီးတဲ့အချိန်မှာ ကိုယ့်နိုင်ငံနဲ့ ဘာကွာသလဲဆိုတာတွေ ပိုမြင်လာတယ်။ သူတို့နိုင်ငံမှာ ခေတ်စား နေတဲ့ သီချင်းပုံစံ၊ သူတို့ရဲ့ လေ့လာအားထုတ်မှု၊ အနုပညာဝမ်းစာတွေကို မြင်တွေ့ရတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ပိုကြိုးစားရမယ်၊ အားထုတ်ရဦးမယ် ဆိုတာကိုလည်း သိလာရတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေတာ” ဟု ရေဗက္ကာဝင်းကပြောသည်။

ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး ဆုရသူများက သီချင်းများနှင့် ထပ်မံဖျော်ဖြေရာတွင် ကိုကျော်ဇင်မင်းက “You Raise Me Up” သီချင်းနှင့် ဖျော်ဖြေခဲ့သည်။

“ကျနော် ပြည်ပပွဲ အတွေ့အကြုံ ဝင်ပြီးနောက်မှာ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးနိုင်ဖို့ အရေးကြီးတယ်ဆိုတာ သိလာတယ်။ ကမ္ဘောဒီးယားဆို ရိုးရာ သီချင်းရော ပေါ့ပ်သီချင်းတွေပါ အကုန် ကိုယ်ပိုင် ဖန်တီးလာတာ။ မြန်မာပြည် ဈေးကွက်အရ အဆိုတော်သစ်တွေက ကိုယ်ပိုင်သံစဉ်တွေ ထုတ်ဖို့ဆိုတာ မလွယ်ပါဘူး။ မြန်မာပြည်က အဆို ဝါသနာပါတဲ့ လူငယ်တွေ အနေနဲ့ ကိုယ်တိုင် အခွင့်အရေးတွေ လိုက်ရှာပြီး ပြိုင်မှရမယ့် အနေအထားမျိုးမှာ ရှိတယ်” ဟု ကိုကျော်ဇင်မင်းက ပြောသည်။

ပြိုင်ပွဲတခုစီကို ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ပေးခဲ့ရာ ကိုကျော်ဇင်မင်းနှင့်အတူ ထိုင်း အဆိုတော် တဦးလည်း ကြေးတံဆိပ်ရခဲ့သည်။

ကိုကျော်ဇင်မင်းသည် ၂၀၀၈ ခုနှစ်တွင် မြဝတီရုပ်သံက စီစဉ်သော ‘မယ်လိုဒီဝေါလ်’ သီချင်းဆိုပြိုင်ပွဲ၌ စတုတ္ထဆုရရှိ ခဲ့သူ ဖြစ်သည်။

8 comments

  • ဆူး

    January 27, 2011 at 3:21 pm

    ဂုဏ်ယူပါတယ်။ မြန်မာ တယောက် အနေနဲ့ ဝမ်းမြောက်ပါကြောင်း

  • mG

    January 27, 2011 at 5:31 pm

    အော်….ငါတို့မြန်မာရဲက အစွမ်းက တော်တော်ထူးနေပါကောလား…မြန်မာမှာ ပြိုင်တော့ အဆင့်က (၄) တဲ့။။။ တခြားနိုင်ငံတကာ လူတွေနဲ့ သွားပြိုင်တော့… အဆင့်က (၃) တဲ့…ဒါကြောင့် လူကြီးတွေကပြောတာ
    နိုင်ငံခြားမှာပဲ သွားနေတဲ့လေ….။

  • :)

    January 27, 2011 at 10:10 pm

    congratulations ပါ ^__^
    သူ့ကို melody world မှာကတည်းက ဆိုဟန်ဆိုပေါက်ထူးခြားလို့ ကြိုက်တယ်
    သူ့ဆိုဟန်က Korean အဆိုတော်တွေလိုမျိူးဘဲ နားထဲမှာအေးပြီးဆန်းသွားစေတယ်
    နောက်ထပ်လဲ နိုင်ငံဂုဏ်ဆောင်နိုင်ပါစေ

  • etone

    January 28, 2011 at 5:16 am

    သူ့အသံကောင်းပါတယ် ။ မြန်မာတစ်ယောက ်ဒီလို ထွန်းပေါက်တယ် ဆိုတော့လည်း ဂုဏ်ယူရပါတယ်။

  • yuyu

    January 28, 2011 at 9:07 am

    ဂုဏ်ယူပါတယ် ဆက်လက်ပြီးတော့လဲ ကြိုးစားသွားပါလို့ လိုအပ်ချက်တွေကြားထဲကနေ တတိယဆုကိုဆွတ်ခူးနိုင်တာအင်မတန်မှ ဝမ်းမြောက်ပါကြောင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 11:22 am

    ဆိုသွားလိုက်တာ အင်္ဂလိပ်များ အောင်မေ့ရတယ်
    ပြီးသွားလို ့
    သိုင်းကယူးဘဲဒီးမတ်
    လို ့ပြောလိုက်တဲ့အခါကျမှ ငပိသံအမှန်အကန်ထွက်လာတယ်
    ဘာဖြစ်ဖြစ် ဆုရတယ်ဆိုတော့
    ဂုဏ်ယူပါတယ် မြေတောင်မြှောက်ပေးတဲ့သူနဲ ့တွေ ့ပါစေဗျာ

Leave a Reply