ဒိုက်ဦးမြို့နယ်တွင် နှစ် ၄ဝ ကျော် ချုပ်နှောင် ခိုင်းစားခံရသူ အမျိုးသမီး ပြန်လွတ်ပြီ Domestic

domestic maid

သာမန်အားဖြင့်တော့ အခုလို သတင်းတပုဒ်လုံးကို ကျနော်ကူးယူဖော်ပြလေ့ မရှိပါဘူး။ မူရင်းတင်ပြသူရဲ့ ကြိုးစားမှုကို လေးစားသောအားဖြင့်ပါ။ ပြီးတော့ ခွင့်လည်းမတောင်းနိုင်လို့ပါ။ ဒါပေမဲ့ အခုသတင်းကတော့ မြန်မာပြည်၊ မြန်မာယဉ်ကျေးမှုသည် သူတကာထက် သာလွန်တယ်မြတ်တယ် ဆိုသူများ သတိချပ်ဖို့ပါ။ သိထားဖို့က လူတိုင်းဟာ အခြေခံအတူတူပဲမိုလို့ ငါတို့ဗီဇက သူများထက် ပိုသာပိုကောင်းတယ်ဆိုတဲ့ စိတ်မထားကြဖို့ပါ။ ပတ်ဝန်းကျင်အခြေအနေ၊ အုပ်ချုပ်မှုစနစ်၊ ပွင်လင်းလွတ်လပ်မှု စတာတွေက တိုးတက်ပြောင်းလဲမှု သာလွန်ထူးမြတ်မှုကို ပေးသွားတာပါ။
http://moemaka.com/index.php?option=com_content&task=view&id=8100&Itemid=1
မိုးမခမီဒီယာမှ တဆင့်ကူးယူပါသည်။ မူရင်းဇစ်မြစ်ကတော့ ဒီဗွီဘီကပါ။
အေးနိုင်/DVB
ဇန်နဝါရီ ၂၈၊ ၂ဝ၁၁

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က အိမ်ကြီးတလုံးထဲမှာ အပြင်ထွက်ခွင့် မရဘဲ ချုပ်နှောင် ခိုင်းစေခံရတာကို သူ့အကိုဝမ်းကွဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အသက် ၅ဝ ကျော်တန်းကို ရောက်နေပြီ ဖြစ်တဲ့ မတင်တင်အေးကို အဲဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခိုင်းစေ နေသူတွေဟာ အခုအခါ အသက် ၇ဝ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ ပဲခူးမြို့က ပူဇော်ခံ ကျောင်းဆရာမကြီးဟောင်း ဒေါ်ကျင်လွမ်တို့ ညီအမသုံးဦးလို့ ဆိုပါတယ်။

ဒီလို နှစ်ပေါင်းများစွာ ချုပ်ခြယ် ခိုင်းစေခဲ့တာကို တရားရုံး၊ ရဲနဲ့ အမျိုးသမီးရေးရာအဖွဲ့ စတဲ့ ဌာနဆိုင်ရာ အသီးသီးက တရားစွဲဆိုတာကို လက်မခံဘဲ အမျိုးသမီးရေးရာအဖွဲ့က ကြားဝင်ဆောင်ရွက်ညှိနှိုင်းမှုနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်နီးချင်းများ လုံးဝ သတိမပြုမိ

ပြန်လည်လွတ်မြောက်လာသူ ဒေါ်တင်တင်အေးဟာ ငယ်စဉ်ဘဝ ကိုးနှစ်သမီးအရွယ်ကစပြီး အဲဒီအိမ်အိုကြီးရဲ့ နောက်ဘက်ခြမ်းမှာပဲ နေထိုင်ခဲ့ရပြီး အိမ်ပြင်ထွက်ခွင့် မရှိ၊ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်း အသက် ၅ဝ ကျော်ကျမှ သူ ဒီအိမ်မှာ ရှိနေတယ် ဆိုတာ အကိုဝမ်းကွဲ ဦးလှမြင့်က ဦးဆောင် ဖော်ထုတ်နိုင်ပြီး မိသားစုဝင်တွေနဲ့ အတူ ပြန်နေခွင့်ရတာ ဖြစ်ပါတယ်။

သူဒီအိမ်မှာ ရှိနေတယ်ဆိုတာကို အိမ်ဘေးအိမ်တွေက လုံးဝ သတိမပြုမိကြဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ရပေမယ့် ဘာလျော်ကြေးမှလည်း မရဘူးလို့ ဆိုပါတယ်။

ဒေါ်တင်တင်အေးဟာ ပုံမှန် မဟုတ်တဲ့၊ လူမြင်ရင် ကြောက်ပြီး ပုန်းကွယ်တဲ့ အကျင့် ရှိနေတုန်းပဲ လို့ ဆိုပါတယ်။ သူ့ရဲ့ ညာဘက်မျက်စိ ကွယ်နေသလို နောက်တဖက်ကိုလည်း ကူးစက်ပြီး ကွယ်မဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဆရာဝန်နဲ့ ပြသဖို့ ငွေ ကြေးအကူအညီ အပူတပြင်း လိုနေပါတယ်။ သူဟာ ကလေးတယောက်လို အသိ ဉာဏ်မျိုးနဲ့ လူ့လောကကြီးရဲ့ ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ဘာမှ မသိတဲ့ပုံစံ ဖြစ်နေပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စတင် ပျောက်ဆုံးခြင်း

ဖြစ်ပွားပုံအစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်က ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာက ဦးညွန့်နဲ့ ဒေါ်လှမင်းတို့ရဲ့သမီး မတင်တင်အေးဟာ ၉ နှစ် သမီး အရွယ်မှာ ဖခင် ဆုံးပါးခဲ့သလို မိခင်က နောက်အိမ်ထောင်ပြုရင်း ဘောလယ်ရွာကို အပြောင်းမှာ ဦးအာဖျံရဲ့ ဇနီး ဒေါ်အုန်း ဆိုသူက သူနဲ့ ထည့်လိုက် ထောက်ပံ့မယ် ဆိုလို့ ထည့်လိုက်တာကနေ အဆက်အသွယ် မရတော့ဘဲ ပျောက်သွားတာလို့ ဆိုပါတယ်။

ဦးအာဖျံ-ဒေါ်အုန်းတို့ကနေ သူတို့လက်ထက်ထိ ပုံစံ သွင်းထားပြီး တောက်လျှောက် ခိုင်းနေတာလို့ ဆိုပါတယ်။ မတင်တင်အေးရဲ့မိခင် ဆုံးချိန်မှာ ဆွေမျိုးတွေက သွားမေးတော့ မရှိဘူးလို့ ဖြေပြီး အစရှာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

နှစ် ၄ဝ အကြာမှာ ပြန်လည်စုံစမ်း

ဒီလိုနဲ့ နှစ်ပေါင်းကြာလာပြီးတဲ့နောက် မတင်တင်အေးရဲ့ အကိုဝမ်းကွဲ ဦးလှမြင့်နဲ့ သူ့မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြန်လည် စုံစမ်းဖော်ထုတ်ခဲ့တာပါ။

အဲဒီအိမ်မှာ သံစည်ပိုင်းပြတ်တွေ၊ ဂုံနီအိတ်တွေ အရောင်းအဝယ် လုပ်တော့ အဝင်အထွက် လုပ်ပြီး စုံစမ်းခဲ့ပေမယ့် အိမ်အတွင်းပို်င်း ဝင်ခွင့် မသာသလို မတွေ့ခဲ့ပါဘူး။ ဦးလှမြင့်တို့က အသက် ၇ဝ ကျော် ကျောင်းဆရာမဟောင်းတွေ ဖြစ်တာကြောင့် တိုင်ကြားချက် မမှန်ရင် အသရေဖျက်မှုနဲ့ ပြန်အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ရဲကို မတိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ အဲဒီအိမ်က အငယ်ဆုံး ဆရာမ ဒေါ်နိုင်နိုင်ဆွေက အိမ်မှာ ကျူရှင်ဖွင့်တော့ ဦးလှမြင့်က သူ့သမီး ၉ တန်း ကျောင်းသူကို ကျောင်းတက်ခိုင်းပြီး ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

တွေ့ပြီ

ကလေးမလေးက ကျောင်းတက်ရင်း အိမ်နောက်ဘက်ကို သွားစုံစမ်းတဲ့အခါ ဒေါ်တင်တင်အေးကို မမျှော်လင့်တဲ့အချိန်မှာ အခန်းတခန်းထဲမှာ တွေ့လိုက်ရပြီး သူ့အဖေ သင်ကြားထားတဲ့အတိုင်း ငယ်နာမည် ခေါ်လိုက်ရာမှာ အဲဒီအမျိုးသမီးက သူ့ရင်ဘတ်လေး ပုတ်ပြပြီး ငါပါလို့ ဖြေတယ်လို့ ဆိုတယ်။

ဒီအကြောင်းကို ရွာသားတဦးက ခုလို ပြောပါတယ်။

“ဦးအဖြန် ဒေါ်အုန်း မိသားစု နေထိုင်ကြတဲ့ ဒေါ်ကြင်လွှမ်း၊ ဒေါ်ကြင်မြစိန်၊ ဒေါ်နိုင်နိုင်ဆွေတို့ အိမ်မှာတော့ ဒီကလေးမလေး ရှိတယ်ဆိုတာကို ထပ်မံပြီးတော့ သတင်းလေး နည်းနည်းပါးပါးပေါ့လေ တိတိကျကျလေး ရလာတယ်။ ကိုလှမြင့်ကနေပြီးတော့ အဲဒီအိမ်ကို သူ့သမီးကို ကျူရှင်တက်ခိုင်းတာ။ ကလေးမလေးက ကျောင်းသားဆိုတော့ နောက်ဖေးတွေ ဘာတွေ အပေါ့အပါး သွားတော့ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ သူတွေ့လိုက်တဲ့ အချိန်မှာ အခန်းတခန်းမှာ တွေ့လိုက်တော့မှ အဲဒီမှာ တင်တင်အေးဆိုတဲ့ နာမည်ကို ခေါ်လိုက်တယ်။ ခေါ်လိုက်တော့မှ သူက ရင်ဘတ်ကလေး ပုတ်ပြပြီး ငါပါဆိုတော့ ဒီကလေးမကလည်း သူ့အဖေကို နည်းပရိယာယ်နဲ့ပေါ့ ခေါင်းကိုက်လို့ ဗိုက်နာလို့ ဆိုပြီးတော့ ကျောင်းချိန်မပြီးခင်လေးမှာ ပြန်သွားပြီး သူ့အဖေကို ပြောပြတယ်”

နှစ် ၄ဝ ကျော် ကျွန်ပြု၊ အကျဉ်းချခံရသူ၏ လက်ရှိ အခြေအနေ

ဒေါ်တင်တင်အေးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့လည်း သူက ခုလို ပြောပါတယ်။

“ပေတရာလမ်းပေါ် ချထားရင် ဘယ်မှ မသွားတတ်ဘူး။ ၅ဝဝ တန် တခု လက်ထဲ ထည့်ပြီးတော့ ကဲ ညီး လွတ်လွတ် လပ်လပ် သွားဝယ်စား ဆိုပြီး လွှတ်လိုက်လဲ ဘာမှ ဝယ်မစားတတ်ဘူး။ နောက် တိုတို ပြောရရင်ဗျာ မြန်မာနိုင်ငံသား တယောက်ဖြစ်ပြီး ဘုရားစင် ဆိုတာလည်း သူ အခုမှ တွေ့ဖူးတယ်။ ရှစ်တောင် မခိုးတတ်ဘူး။ ငါးပါးသီလတို့၊ ဆွမ်းကပ်တာ၊ ရေကပ်တာ၊ ဆီမီးကပ်တာ ဘာမှ မသိဘူး။ အဲဒါ အခု ညီမလေးက သင်ပေးနေရတယ်။ နောက် သူ့ကြည့်ရတာ နောက်ဆုံး ပြောရရင် ဘယ်လောက် အဖိအနှိပ် အချုပ်အချယ် ခံရတယ် မသိဘူးခင်ဗျ လူတယောက်ကို တွေ့တာနဲ့ သူက သုတ်ဆို နောက်ဖေးသွားပြီး ဟိုး ချောင်ထဲမှာ သွားထိုင်နေတယ်။ သွားတဲ့အချိန်မှာလည်း သိမ်သိမ်မွေ့မွေ့လေး လက်ကလေး နှစ်ချောင်း ပေါင်ကြားထဲ ညှပ်ပြီး ကုန်းပြီးတော့ အဲဒီလို တော်တော်ကို နှိပ်ကွပ်ခံထားရတဲ့၊ အကျပ်ကိုင်ပြီး လုပ်ထားတဲ့ ပုံစံကတော့ အခုထက်ထိ မပျောက်သေးဘူး”

ပြန်လွတ်လာတဲ့ ဒေါ်တင်တင်အေးရဲ့ ပြန်လည် ပြောဆိုချက်အရ သူ့ကို အိမ်နောက်မှာ မီးဖိုဆောင်၊ ထင်းတဲ၊ ရေတွင်း၊ အိမ်သာ အဲဒီပတ်ဝန်းကျင်မှာပဲ သူက ကြီးပြင်းလာရပြီး အပြင်ထွက်ခွင့် လုံးဝ မရှိဘူး လို့ ဆိုပါတယ်။ မနက်ကို သုံးနာရီခွဲ အိပ်ရာ ထရပြီး တနေ့ကို ပဲ ရှစ်ပြည် ပြုတ်ရတယ် လို့ ဆိုပါတယ်။ သူပြုတ်တဲ့ ပဲနဲ့ ပဲပုတ် လုပ်ပြီး ရောင်းချ စီးပွားလုပ်တာ လို့ ဆိုပါတယ်။

အကိုဦးလှမြင့်က သူ့ညီမ ဒီအိမ်မှာ ရှိမှန်းသိတဲ့အခါ ရယကရုံးကို တိုင်ကြားလို့ အဲဒီ ကျောင်းဆရာမကြီးတွေနဲ့ မတင်တင်အေးကို ရဝတ ရုံးမှာ ဆင့်ခေါ်ပြီး ဦးလှမြင့်တို့ကို ပေးတွေ့တာကြောင့် ဦးလှမြင့်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ညီမကို ပြန်တွေ့ပါတယ်။

စောင့်ရှောက်ထားတယ် ဟု ဆို

ဒီတွေ့ဆုံပွဲမှာ ဒေါ်တင်တင်အေးကို ငွေကြေးနဲ့ ဝယ်ထားတာ မဟုတ်ဘဲ မိသားစုလို ကျွေးမွေး စောင့်ရှောက်ထားတယ် ဆိုတဲ့ဘက်က ရပ်တည်ပြီး အိမ်ရှင်ဘက်က ပြောဆိုပါတယ်။

ဦးလှမြင့်ဘက်က သူ့ညီမ စာရေးစာဖတ် မတတ်ပုံ၊ မှတ်ပုံတင် လုံးဝ မရှိပုံ၊ အိမ်ထောင်စုဇယားထဲမှာ မပါပုံ၊ ပိုက်ဆံတွေကို ဘာတခုမှ မသိပုံ စတာတွေကို ထောက်ပြပြီး ကျွေးမွေး စောင့်ရှောက်တယ်လို့ ပြောတာကို လက်မခံကြောင်း ပြောဆိုပြီး တရားရုံးမှာ တရားစွဲဆိုပါတယ်။

ရဲစခန်းရဲ့ ပြောဆိုချက်

တရားရုံးမှာ ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃ ရက်နေ့မှာ ဦးတိုက် လျှောက်တဲ့အခါ ရဲအရေးပိုင်ကိစ္စ ဆိုပြီး လွဲခဲ့ပါတယ်။ အဲဒီနောက် ရဲက တာဝန်ယူ မဖြေရှင်းဘဲ အမှုတွဲကို မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက ကြားဝင် ကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနောက် မိသားစုချင်း ပြန်တွေ့ရတာ ဝမ်းသာတယ် ဆိုတဲ့ လက်မှတ် ထိုးခိုင်းပြီး ၈ လပိုင်း ၂၆ ရက်နေ့ ၂ဝ၁ဝ မှာ မိသားစုတွေ ပြန်လည် ပေါင်းစည်းမိပါတယ်။ အိမ်ရှင်ဆရာမကြီးတွေဘက်က နှစ်ပေါင်း ၄ဝ ကျော် ပြုကျင့်ခဲ့သမျှကို ဘာအရေးယူ ဆောင်ရွက်မှု၊ ဘာလျော်ကြေးမှ မပေးတော့ဘဲ ဆက်ဆံရေး ပြတ်တောက်သွားတယ် လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ အဲဒီကျောင်း ဆရာမဟောင်းကြီး နေအိမ်မှာ ဒေါ်တင်တင်အေး နှစ်ပေါင်း ၄ဝ ကျော်ကြာ ချုပ်နှောင် ခိုင်းစေခံရတယ် ဆိုတာကို လာတိုင်ပါကြောင်း၊ ဒီအမှုကို ရဲက အမှုမဖွင့်ဘဲ ဦးလှမြင့်ဘက်က ညီမလေး ပြန်ရရင် ကျေနပ်ပါပြီလို့ ပြောလာလို့ ပြန်အပ်လိုက်ပြီးပါပြီ၊ အမှု မဖွင့်ပါဘူးလို့ ပြောပါတယ်။ ဒိုက်ဦးရဲစခန်းမှူး ဒုရဲအုပ် ဦးလှမိုးအောင်က ဒီအမှုကိစ္စကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥစ္စာက ကျနော်တို့ဆီက သူတို့က လာဦးတိုက်လျှောက်တင်တော့ ဦးတိုက် လျှောက်ချက်က သူတို့က ဒီဥစ္စာဆိုရင် ကျနော်တို့က ကျေကျေနပ်နပ် အမှုမဖွင့်တော့ဘူး ဆိုတော့ သူညီမ ရရင် ပြီးပြီ ဆိုပြီး သူ့ကို နှစ်သိမ့်တယ်။ ထိန်းထားတဲ့ ဥစ္စာပေးလိုက်တယ် သူတို့ ညီမကို”

အဲဒီကိစ္စက အမျိုးသမီးရေးရာအဖွဲ့ကနေ ပြီးတော့ ကိုင်လိုက်တယ်ဆို ဟုတ်လား။

“ဟုတ်ကဲ့ — သူတို့က ဒီလိုပဲ ကျနော်တို့ စခန်းမှာ ဒီလိုပဲ ဖြစ်သွားတာ ကျနော်တို့ ဆီမှာက။ စခန်းမှူးလည်း ဒီဥစ္စာပဲ တွေ့ပေးလိုက်တာ ဒီဥစ္စာက သူတို့ဆီမှာ”

အဲဒီတုန်းက အခြေအနေအရ ဒိုက်ဦးရဲစခန်းမှူး ဦးလှမိုးအောင်ဟာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌထံ အမှုလွဲအပ်တာနဲ့ပတ်သက်လို့လည်း ဦးလှမြင့်တို့ဘက်က မကျေမချမ်း ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေါ်ကျင်လွမ်းတို့ တတွေဟာ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်။ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဟာ မယက ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းရဲ့ ဇနီးသည် ဒေါ်နွေမိုးအေး ဖြစ်ပြီး ဝ လူမျိုးဖြစ်တာကြောင့် တရုတ်သွေးစပ်တဲ့ ဆရာမကြီးတို့ ကိစ္စကို အရေးယူ ဆောင်ရွက်ချက်တွေ မလုပ်အောင် ဘက်လိုက် ဆောင်ရွက်တယ်လို့ ဦးလှမြင့်ဘက်က ယူဆပြီး တရားဥပဒေအတိုင်း ဖြေရှင်းစေချင်ကြပါတယ်။

အခုတော့ မယက ဥက္ကဌ ဦးထွန်းထွန်းဝင်း တာဝန် အပြောင်းအလဲနဲ့အတူ ဒီကိစ္စကို ကိုင်တွယ်ခဲ့တဲ့ဒေါ်နွေမိုးအေးလည်း ဒိုက်ဦးက အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တာဝန် မရှိတော့ပါဘူး။

ဆေးကုသရန် အကူအညီ လိုသည်
ဒေါ်တင်တင်အေးဟာ ဘာကြောင့်မှန်းမသိရဘဲ ညာဘက်မျက်စိ ကွယ်နေပြီး ဘယ်ဘက်မျက်စိပါ ကွယ်မယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဦးလှမြင့်က (မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့) ရဲမှူးကြီးစစ်အေးဆီ ကိုင်တွယ် အရေးယူဖို့ တိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွေ၊ ILO တွေကိုလည်း မိတ္တူ ပို့ခဲ့သလို ပြည်တွင်းက ဌာနဆိုင်ရာ ၁၈ ခုစလုံးကို လူသိရှင်ကြားဖြစ်အောင် မိတ္တူပေးထားပြီး ဒီကိစ္စကို သနပ်ပင်နဲ့ ဒိုက်ဦးမှာ နှစ်ကြိမ် စစ်ဆေး ကိုင်တွယ်မေးမြန်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်တင်တင်အေးရဲ့ လက်ရှိအခြေအနေကို အဲဒီ ရွာသားက ခုလို ပြောပါတယ်။

“လတ်တလောမှာတော့ ဒေါ်ကျင်လွမ်းတို့ကို အရေးယူခြင်း မယူခြင်းထက် ဒေါ်တင်တင်အေးရဲ့ ဘယ်ဘက်မျက်လုံး ကုသနိုင်အောင် ငွေကြေး အကူအညီ ဦးလှမြင့်တို့မှာ အထူး လိုအပ်နေပါတယ်။ နှစ် ၄ဝ ကျော်ကြာ နေအိမ်တွင်း ချုပ်နှောင် ခိုင်းစေတဲ့ လုပ်ရပ်အပေါ် ရဲမှုူးကြီး စစ်အေး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ် ဆိုတာကလည်း စောင့်ကြည့်ရမှာပါဗျာ”

မူရင်း – DVB အသံလွှင့်ဌာန www.dvb.no

13 comments

  • မျက်မှန်

    January 28, 2011 at 3:15 am

    စိတ်မကောင်းစရာပါပဲဗျာ..။ ကြားရတာ မသက်သာ လိုက်တာ။
    ညှင်းပမ်း နှိပ်စက် ခံရသူ အနေနဲ့ မျှတတဲ့ တရားစီရင်မှုမျိုး မရနိုင်တာ ဝမ်းနည်း စရာ အကောင်းဆုံး ပဲ။ ကမ္ဘာကြီးပေါ်မှာ လူ့တရိစ္ဆာန်တွေ အရှိန်အဟုန်နဲ့ ပွားများ လာနေပြီလား မသိ။

  • ယောလေး

    January 28, 2011 at 3:23 am

    ကျောင်းဆရာမဟောင်းမို့ အဲ့လောက်ရက်စက်တာ…
    ကျောင်းဆရာမ မဟုတ်ခဲ့ရင် ဘယ်လောက်ရက်စက်မလဲမသိဘူး…

  • yuyu

    January 28, 2011 at 3:47 am

    လူလူချင်းမစာနာ၊ မထောက်ထားလိုက်တာ
    လုပ်နေတော့ ကျောင်းဆရာမ သူများတွေ့ရဲ့အပူဇော်ခံထိုက်သူတွေ
    လုပ်ရပ်ကတော့ ဩချလောက်ပေတယ်
    အဲဒီသတင်းနောက်ဆက်တွဲလေးလဲ ထပ်တင်ပေးပါဦးနော် ကိုကြောင်ကြီး

  • လင်းဝေကျော်

    January 28, 2011 at 4:07 am

    ကြားရတာ တော်တော်စိတ်ထဲမချိသလို ဒေါသလည်းထွက်မိပါတယ်။
    ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။
    ဒီဟာကို ထိထိရောက်ရောက်အရေးမယူရင် နောင်မှာ ဒီလိုမျိုးတွေဆက်ပြီးဖြစ်လာနိုင်ပါတယ်။
    အဲဒီကျောင်းဆရာမဆိုတာတွေကို ထောင်ထဲ နှစ်ရှည်ပြန်ထည့်လိုက်ပါ။
    သူတို့ စီးပွားဥစ္စာတွေကို အဓမ္မစေခိုင်းမှုအတွက်လျော်ကြေးအနေနဲ့ ဒေါ်တင်တင်အေးကို ပေးရပါမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 4:14 am

    မယုံနိုင်စရာဘာပဲနော
    ဒီနေရာမှာ ကျွန်တော်တို ့နားလည်သင့်တာက အကျင့်စရိုက်နဲ ့စိတ်နေစိတ်ထားပါ
    ဆိုခြင်တာက ဆဲရေးတိုင်းထွာတတ်တဲ့သူနဲ ့
    စိတ်သဘောထားညံ့ဖျင်းတဲ့သူဆိုတာကိုပါ
    ခုဘဲကြည့် အပြင်ပန်းမှာ ရာထူးဂုဏ်ရှိန်နဲ ့ဟန်ဆောင်နေပေမယ့်
    လုပ်ရပ်ကတော့ တွေးကြည့်နိုင်ပါတယ်
    ဒါက အခြေနေတစ်ခုပေါ်မှာ သာမန်ဆုံးဖြတ်ကြရမှာပါ
    ဟုတ်ပါပြီ
    လက်ရှိမှာ ဒီလောက်ဆိုးရွားရုပ်ညံ့တဲ့လုပ်ရပ်ကြီးကို
    ဘယ်လို ဖြေရှင်း ဆောင်ရွက်သင့်သလဲဆိုတာက အရေးကြီးဆုံးလို ့ဘဲဆိုခြင်ပါတယ်
    ဟာ ရုပ်မာလိုက်တာ ရိုင်းဆိုင်းလိုက်တာဆိုပြီး ပြောနေယုံနဲ ့ပြီးမလား
    ဒီကိစ္စကို အလျှော့ပေးရင်တော့မကောင်းဘူးထင်ပါတယ်
    ကာယကံရှင်က ကျေနပ်သည်တောင်
    လူ ့စည်းမျဉ်း စည်းကမ်းတွေအရ ထိထိရောက်ရောက် အရေးယူသင့်ပါတာ်
    အရေးယူခံရအောင် ဝိုင်းဝန်းဆောင်ရွက်သင့်ပါတယ်
    ဒါက
    ဘာအာဃာတ တရားနဲ ့မှ မဟုတ်ဘူးနော်
    လုပ်သင့်တာကို လုပ်မှ လုပ်ထားမှ
    နောင်မဖြစ်ပေါ်ရေးပါ

  • shwe

    January 28, 2011 at 7:31 am

    တစ်ခါတစ်ရံ သင်ညာရှိများ ရဲ. စိတ်ရိုုင်းက ပိုပြီးကြောက်စရာကောင်းတယ်နော် ။

  • char too lan

    January 28, 2011 at 7:43 am

    ွှအဲ့ဒါဆို ကျနော်ကကူးယူပီး ပဲခူးမြို ့နယ်အပါအဝင် ကျန်အနယ်နယ်အရပ်ရပ်ကို မျှဝေလိုက်ပါအုံးမယ်ဗျာ…………….

  • etone

    January 28, 2011 at 8:40 am

    ဖတ်ရတာ စိတ်မကောင်းစရာပါပဲ ။ လူတစ်ယောက်ကို ဒီလောက်လုပ်ထားတာ ပြင်းပြင်းထန်ထန်အရေးယူ သင့်တယ် ။

    ရဲကလည်း လည်လည်ဝယ်ဝယ် ဤ သို့ဖြေသွားပါသည် ။

    “ဟုတ်ကဲ့ — သူတို့က ဒီလိုပဲ ကျနော်တို့ စခန်းမှာ ဒီလိုပဲ ဖြစ်သွားတာ ကျနော်တို့ ဆီမှာက။ စခန်းမှူးလည်း ဒီဥစ္စာပဲ တွေ့ပေးလိုက်တာ ဒီဥစ္စာက သူတို့ဆီမှာ”

    ဘယ်ဥစ္စာမှန်းကို မသိဘူး ။

  • etone

    January 28, 2011 at 10:17 am

    nyinekhine79@gmail.com က ကိုကြောင်ကြီး ရေးထားတဲ့ သာမန်ကနေစပြီး အစဆုံးလိုက်ကူးပြီး ဖြန့်နေပါတယ် ဗျို့ … ။

  • zaw min

    January 28, 2011 at 2:13 pm

    အင်း…မြန်မာပြည်ကြီးရဲ့ အပြောင်းအလဲတွေ၊မြန်မာပြည်ကြီးကိုချစ်တယ်၊မချစ်ဘူးဆိုတာတွေရဲ့ အဖြေဟာ အဲဒီမှာပဲ။အဓိကက လူတွေရဲ့စိတ်တွေ၊သဘောထားတွေပဲ။ဒါတွေမပြောင်းသေးပဲနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူး။
    အခုဒီနေရာမှာ ညီအကိုမောင်နှမတွေ မန်းထားလေးတွေကိုကြည့်ရင် မြန်မာပြည်ကို ချစ်တဲ့စိတ်လေးတွေ ပေါ်လွင်နေတာတွေရတယ်။ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ချစ်ကြတဲ့သူတွေကြီးပါပဲ။
    ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ယုံကြည်ချက်တွေကိုတော့ ဘယ်သူမှ ရိုက်ချိုး ဖျက်စီးပြစ်လို့မရပါဘူး။
    နောက်တစ်ခု အကူအညီပေးနိုင်အောင်ဝိုင်းဝန်း ပံ့ပိုးပေးဖို့အကြံပြုပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2011 at 2:46 pm

    အသုံးမကျတဲ့ ဂတုံးမ ဟုတ်ပါဘူး မှားသွားလို ့
    ချာတူးလန်ပြောတာကို ဆန်ပို ့ပါတယ်
    ဒီလိုလေ
    သက်ဆိုင်ရာဒေသမှာရှိတဲ့လူက
    အသိပေးစာရွက်စာတမ်းတွေကို ဖြန် ့ဝေရမှာပါ
    ဆိုလိုတာက
    တောသူတောင်သားတွေဗျ
    ဒီလိုအကြောင်းမျိုးဖြစ်လာပြီဆိုရင် တိုးတိုးပြောတတ်ကြတာ သဘာဝပါ
    အဲ့လိုအချိန်မျိုးမှာ သူတို ့လက်ထဲကို
    ပညာပေးစာရွက်လေးတစ်ရွက်လောက်ရောက်သွားရင်
    ပုံစံက နည်းနည်းလေးပြောင်းသွားတယ်
    လူအင်အားဆိုတာ အမှတ်သားရှိလာမယ်
    ခေါင်းလေးမသိမသာထောင်လာမယ်
    ဆိုတော့ကာ
    ဒီနေရာမှာလဲ သတိထားတတ်ရပါမယ်
    ထုံးစံအတိုင်း ဘယ်သူလဲ ဘယ်ကလာတဲ့စာရွက်လဲ
    ဒါကြောင့် စာရွက်ဝေငှခြင်းကို တတ်နိုင်သလောက်
    လျှို ့ဝှက်ရပါမယ်
    ဘာအကျိုးသက်ရောက်မှုရှိလာမလဲဆိုတော့ကာ
    စာရွက်တွေသူတို ့မှာရှိနေတဲ့အတွက်
    ဒီအကြောင်းက လွယ်လွယ်လေးမပျောက်သွားပါဘူး
    တစ်ကယ့်တန်ဖိုးအရှိဆုံးက အကြောင်းရင်းတစ်ခုမှာ
    ခေါင်းဆောင်ဆိုတာမလိုဘဲ လှုပ်လှုပ်ရှားရှားရှိလာမှာပါ
    ခေါင်းသွားထောင်လို ့လဲမရဘူးလေ ဟိုက ထုမှာ
    စာရွက်ဝေငှတဲ့လူကလဲ လုံးဝ လုံးဝ ခေါင်းထောင်လို ့မရဘူး
    ကျွန်တော်တို ့လဲ ကျွန်တော်တို ့နေတဲ့ဒေသမှာဒီလိုဘဲလုပ်ပါတယ်
    အကြောင်းရာ တစ်ခုမှာ အလိုလိုချိတ်ဆက်မိလာပါတယ်

    • char too lan

      January 29, 2011 at 6:23 am

      အခုလိုပြောပြတဲ့အတွက် ကျေးဇူးပါ အဘပုရေ……….
      ကျနော်က သိပ်မသိဘူးဗျ ဒီလိုမတရားတာတွေ ထူးဆန်းတာတွေဆို ပြန်ဝေခဲ့တာပဲ နောက်ဆိုဒီ့ထက်အကျိုးရှိတာကိုလုပ်ပါ့မယ်ဗျာ………

  • Gipsy

    January 28, 2011 at 5:33 pm

    ကျုပ်မှာ နှလုံးအားနည်းရောဂါရှိနေလို့ ဒီလိုရက်စက်လွန်းတာတွေ ကြားရရင် ကိုယ်ချင်းစာစိတ်နဲ့
    ရက်ပေါင်းများစွာ ဝမ်းနည်းနေရတော့မှာ….အဲဒီယုတ်မာတဲ့သူ တွေကို အနေနီးခဲ့ရင် တခုခုတော့
    လုပ်ကြစမ်းပါ….မိုက်ကယ်ပြောသလိုပါ…ဒေသတွင်းမှာဆိုရင် ကျုပ်က လက်မနှေးတတ်ဘူး..
    တခုခုတော့ လုပ်ပီးသား..

Leave a Reply