နိုင်ငံရပ်ခြား တွင် အခြေချ နေထိုင်သွားကြသူများ

nyimalayJanuary 28, 20111min450

နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် စွန့်ခွာသွားကြသူများထဲတွင် အလုပ်ဖြင့်ထွက်ခွာသွားကြသူများထက် ပညာသင်ဖြင့် ထွက်ခွာသွားကြသူအများစုမှာ နိုင်ငံရပ်ခြား တွင် အခြေချ နေထိုင်သွားကြသူများ ဖြစ်ကြောင်း နိုင်ငံတကာရေးရာ လေ့လာထားသူအချို့က ဆိုပါသည်။

    အကြောင်းမှာ ပညာသင်ရန် ထွက်ခွာကြသူများမှာ ဘွဲ့ရပြီးပါက မိမိဘွဲ့ဖြင့် ကိုက်ညီသော ရာထူး၊ နေရာများအား နိုင်ငံရပ်ခြားတွင် ပြန်လည်ရှာဖွေကာ နေထိုင်သွားကြခြင်း ဖြစ်ကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ဆိုပါသည်။

    “စင်ကာပူကို ပညာသင်သွားတဲ့သူတွေဟာ ကျောင်းပြီးတာနဲ့ ဟိုမှာအလုပ်တန်းလုပ်၊ ဒါမှမဟုတ်ရင် Internship ဆင်းပြီး ဟိုမှာအခြေချ နေထိုင်သွားကြတာများတယ်။ အလုပ်နဲ့သွားတဲ့သူတွေကျတော့ သူက နှစ်ပြည့်လို့ အလုပ်ရှင်ကမကြိုက်ရင်သော် လည်းကောင်း၊ သူကိုယ်တိုင် က မလုပ်ချင်ရင်သော်လည်းကောင်း ပြန်လာကြတာများတယ်”ဟု ၎င်းက ဆိုပါသည်။

    ယခုအခါ နိုင်ငံရပ်ခြားမှမြန်မာ ကျောင်းသားများအား ပညာသင်ဆု ဖြင့်ဖြစ်စေ၊ အဆိုပါကျောင်းများမှ အခကြေးငွေယူကာ ကျောင်းသား ခေါ်ယူခြင်းဖြစ်စေ နိုင်ငံမှ ပြည်ပကျောင်းများသို့ ထွက်ခွာသွားကြသူမှာ သောင်းဂဏန်းမက ရှိနေခဲ့ပြီး အလုပ်ဖြင့်ထွက်ခွာသူဦးရေ စုစုပေါင်း ပါဝင်မည်ဆိုပါက ဆယ်စုနှစ်ကာလအတွင်း ပြည်ပထွက်ခွာခဲ့သူမှာ သန်းချီရှိခဲ့ပြီဟု သိရသည်။
“အဓိကက အလုပ်အကိုင် အခွင့်အလမ်းပါပဲ။ ဒီမှာအလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှိလာမယ်ဆိုရင် သူတို့လည်း ဘယ်နိုင်ငံမှာမှ အခြေချချင်မှာ မဟုတ်ပါဘူး။ များမကြာမီကာလမှာတော့ ဒီလိုအလုပ်အကိုင်ကောင်းတွေ သူတို့အတွက်ဖြစ်လာလိမ့်မယ် ထင်ပါတယ်”ဟု ဒဂုံတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခတစ်ဦး က ပြောပြခဲ့သည်။

    မြန်မာနိုင်ငံမှစင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများသို့ အလုပ်အကိုင် အဓိကဖြင့် ပိုမိုထွက်ခွာကြပြီး ယင်းနိုင်ငံများ၌ ရောက်ရှိနေကြသူများမှာ စာချုပ်များဖြင့် လုပ်ကိုင်နေကြသူများ ဖြစ်ကြကာ သက်တမ်းကုန်ပါက အချို့မှာ ပြန်လာကြသည်။

    “မလေးရှားမှာ နှစ်ကြီးသမားတွေကတော့ အဆင်ပြေကြတယ်။ အလုပ်ရှင်တွေကလည်း လူဟောင်းတွေကိုပဲ လစာတိုးပေးပြီး အသစ်ခေါ်ယူမှု မရှိသလောက်ပဲ။ ဝန်ထမ်းဟောင်းတွေကတော့ စာချုပ်သက်တမ်းပြည့်လည်းပြန်ချုပ်ပြီး လုပ်ကိုင် ကြရတယ်။ မလေးရှားမှာ အလုပ်မလုပ်ချင်ရင်တော့ ကိုယ့်နိုင်ငံ ပြန်လာကြတာပဲများတယ်”ဟု မလေးရှား လျှပ်စစ်ပစ္စည်းစက်ရုံတွင် လုပ်ကိုင်နေသော မသန်းသန်းဝင်းက ပြော ကြားခဲ့သည်။

    ပြည်ပနိုင်ငံများသို့ ပညာသင်ရန် ထွက်ခွာကြသူများမှာ ယင်းနိုင်ငံများ၌ အခြေချနေထိုင်ပြီး ယင်းနိုင်ငံ၏ အမြဲတမ်းနေထိုင်ခွင့်လျှောက်ကြသည်။ ထိုနိုင်ငံသားများသည်ပင် ၎င်းတို့နိုင်ငံ၌ နေထိုင်ခြင်းထက် ပညာတတ် လူတန်းစားများမှာ အခြားနိုင်ငံများသို့ ကူးပြောင်းအခြေချရန် ထွက်ခွာသွားကြသူများဖြစ်သည်ဟု စင်ကာပူ၌ရောက်ရှိနေသူ မြန်မာအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
“ပညာသင်ဖို့ ထွက်ခွာတာ ပုံမှန်ပဲ။ သူတို့က ပညာရေးကိုရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ယူဆထားသလို  ဒီမှာသာ သူတို့အတွက်အခွင့်အလမ်းကောင်းတွေ အများကြီးရှိလာရင် အကုန်ပြန်လာကြမှာပါ”ဟု Crown Education မှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားသည်။

   ထို့ပြင် အလုပ်အကိုင်ဖြင့် ယခုနှစ်အတွင်း စတင်ခေါ်ယူမှုနည်းလျက် ရှိနေသေးသော်လည်း နောက်လများတွင် အလုပ်အကိုင်ပြန်လည် ကောင်းမွန်လာရန်ရှိသည်ကို Royal Four အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ မန်နေဂျာက ပြောပြခဲ့သည်။

 Share By Eleven Media