ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မလိုဘ ဝင်ငွေကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု မက်လုံးပေး စည်းရုံးခေါ်ဆိုမှုများ ရှိလာ

nyimalayJanuary 28, 20111min670

 

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မလိုဘဲ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့များတွင်သာ ဝင်ငွေကောင်းမွန်သော အလုပ်အကိုင်များ ရရှိမည်ဟု မက်လုံးပေး စည်းရုံးခေါ်ဆိုမှုများ ရှိလာသည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများ ရှိ နယ်စပ်မြို့အချို့နှင့် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်မြို့တို့တွင် ဝင်ငွေကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟုဆိုကာ ဝန်ဆောင်ခ ပေးဆောင်စရာမလိုဘဲ သွားရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများဖြင့် ဆွဲဆောင်စည်းရုံး ခေါ်ယူမှုများရှိလာသည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နယ်စပ်မြို့ များတွင် သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် အစပိုင်း၌ လစာငွေများ ပြန်လည်လွှဲအပ် ပေးပို့နိုင်ကြသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် မရရှိတော့သည်များ ရှိလာခြင်းကြောင့် သွားရောက်လုပ်ကိုင်မည့် သူများအတွက် သတိပြုဖွယ်ရာပင်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

“နယ်စပ်က ထမင်းဆိုင်၊ စားသောက်ဆိုင်တို့လို နေရာမျိုးမှာ အလုပ်လုပ်ရမယ်ဆိုပြီး ခေါ်တာတွေရှိပါတယ်။ လစာကလည်း ဒီမှာရတာထက် နှစ်ဆကျော်လောက် ပိုရမှာမို့ စိတ်ဝင်စားမှုတွေ ရှိကြပါတယ်။ နေစားအပြီး လစာကို အိမ်ကို ပြန်ပို့နိုင်မယ်ပေါ့။ နယ်စပ်မြို့မှာတင် လုပ်ရတဲ့အတွက် နိုင်ငံခြားမှာလို ဆက်သွယ်ရခက်၊ ပြန်လာရခက် မဖြစ်ဘူးပေါ့။ အချိန်မရွေး အိမ်ပြန်နိုင်တယ် ဆိုတာမျိုးတွေနဲ့ မက်လုံးပေး စည်းရုံးကြတော့ ယုံကြည်ပြီး စွန့်စားသွား လုပ်တာတွေ ရှိကြတယ်။ ပထမတော့ အိမ်ကို မှန်မှန်ငွေပို့ကြတယ်။ နောက်တော့ အဲဒီနယ်စပ်မြို့ကနေ တစ်ဖက်နိုင်ငံထဲက အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဝင်ငွေပိုရနိုင်တဲ့ အနေအထားတွေကို စည်းရုံးပြောဆိုပြီး မက်လုံးပေးကြတာပေါ့။ တစ်ဖက်နိုင်ငံထဲမှာ အလုပ်သွားလုပ်ချင်အောင် ခေါ်သွားပြီးမှ အိမ်ကို ငွေပြန် မပို့တော့တာ၊ အဆက်အသွယ် မလုပ်တော့တာတွေ ဖြစ်လာတော့တာပဲ။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့တာတွေလည်း ရှိခဲ့တယ်”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

“ထိုင်း၊ မလေးရှားမှာ အလုပ်သွားလုပ်ရမယ်ဆိုပြီး ခေါ်တာတွေကို လူတွေက သတိပြုမိလာကြတော့ အသေးစိတ် စုံစမ်းမေးမြန်းပြီးမှသာ သွားအလုပ်လုပ်ကြတယ်။ အဲဒါကြောင့် ရန်ကုန်မှာဆိုရင် မြို့သစ်မြို့နယ်တွေမှာ နေထိုင်သူတွေ၊ နယ်က ကျေးရွာတွေမှာ နေထိုင်သူတွေကို ပိုပြီး ပစ်မှတ်ထား စည်းရုံးလာကြတာကို တွေ့ရတယ်။ နိုင်ငံခြားအထိ သွားလုပ်စရာမလိုဘူး။ မြန်မာနိုင်ငံထဲမှာ ပဲ ဝင်ငွေကောင်းတဲ့အလုပ် လုပ်ရမယ်။ မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်မြို့မှာပဲ အလုပ်လုပ်ရမယ်ဆိုပြီး ပြောင်းလဲခေါ်ယူလာတွေ ရှိလာတယ်။ နယ်စပ်မြို့ဆိုတော့ အချိန်မရွေး ပြန်လာလို့ ရတာပဲဆိုပြီး စွန့်စားလုပ်ကိုင်ကြတယ်။ ရပ်တည်မှုတွေ ခက်ခဲကြတော့ ငွေများများရနိုင်မှုကိုကြည့် ပြီး စွန့်စားလုပ်ကိုင်ကြတာပေါ့။ အဲဒီနယ်စပ်မြို့တွေကတစ်ဆင့် တစ်ဖက် နိုင်ငံထဲအထိ ရောက်ရှိသွားပြီး ပြန်ဆက်သွယ်လို့ မရတော့တာဖြစ်မှပဲ အလိမ်ခံရတာ၊ လူကုန်ကူးခံရတာကို သိကြတော့တယ်”ဟု ပြည်ပလုပ်သားရေးရာ လေ့လာနေသူတစ်ဦးက ဆိုသည်။

Share By Eleven Media