မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

zaw mgJanuary 28, 20111min782

မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။

နေပြည်တော်၌ မကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် မီဒီယာများကို ခွင့်ပြုရန်၊ ခွင့်မပြုရန် နှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ၏ မေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်ဟု ပြန်ကြား ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦး ကပြောပြသည်။

“ကျနော်တို့ ဝန်ကြီးဌာနကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော် တက်ခွင့်ရ၊ မရ မေးကြတယ်။ အဲဒါ နဲ့ ဝန်ကြီးက ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တုန်း ပြောပြတော့ မီဒီယာ ဆိုတာ ခွင့်ပြုရတာ လွယ်တယ်၊ ထိန်းချုပ်ဖို့ ခက်တယ် လို့ပဲ မှတ်ချက်ပြုတယ်။ ကျန်တာ ဘာမှ ပြန်မပြောဘူးလို့ ဝန်ကြီးက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်၊ သမ္မတအိမ်တော်နှင့် ဒု သမ္မတ အိမ်တော် ဝန်ထမ်းများနှင့် သတင်းရယူကြမည့် မြန် မာ အစိုးရပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းတချို့ဆေးစစ်ခဲ့ကြရကြောင်း စုံစမ်းသိရသည်။

“ဝန်ထမ်းတွေကော ၊ သတင်းစဉ်ကလူတွေကော ဆေးစစ်ကြရတယ်။ ဆေးအောင်တဲ့သူမှ ဝင်ခွင့်ရမယ်ပြောတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းက ဆေးမစစ်ရသေးတဲ့ သတင်းသမားတွေကို ဝင်ခွင့်မပေးသေးဘူးလို့ ယူဆလို့ ရပါတယ်”ဟု သတင်းစဉ် ဝန်ထမ်း တဦးက ပြောသည်။

လွှတ်တော် သတင်း ယူလိုသော ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက“ကျနော်ကတော့ စာပေစိစစ်ရေးကော ပြန်ကြားရေး ကိုကော ဝင်ခွင့်အတွက် မေးကြည့်တယ်။ ဘာညွှန်ကြားချက်မှ မလာသေးဘူးလို့ ပြန်ပြောကြတယ်”ဟု ပြောဆိုသည်။

ယခုလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ အနေဖြင့် ယင်းကိစ္စကို တာဝန်ယူ ဆောင်ရွက်နိုင်ပါက များစွာအဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီအဖွဲ့က တစုံတရာစီစဉ်ပေးနိုင်ရင် ကောင်းမယ်။ အဲဒီလို မဟုတ်ရင် ဒီအဖွဲ့ဖွဲ့တာ အလကားပဲ”ဟု ဂျာနယ် သတင်း ထောက် တဦးက ပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် လွှတ်တော် အစည်းအဝေး သတင်းယူရန် အလှမ်းဝေးဖွယ် ရှိနေကြောင်း ပြည်တွင်း မီဒီယာ များက ပြောဆိုကြသည်။

“ကိုယ်စားလှယ်တွေတောင် လွှတ်တော်တွင်းကို အသံဖမ်းစက်၊ ကင်မရာ၊ နောက်ဆုံး ခေါင်းပေါင်းထုပ်တဲ့ ဟာတောင် မယူရတာ။ မီဒီယာကို ခွင့်ပြုဖို့ လိုဦးမယ် ထင်တယ်”ဟု အထက်ပါ ဂျာနယ် အယ်ဒီတာက ဆက်လက်ပြောကြားသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ဝတ်စား ဆင်ယင်မှု အပါအဝင် တယ်လီဖုန်း၊ အသံဖမ်း စက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု ကန့်သတ်ထားပြီး လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ကန့်သတ်ချက် ဥပဒေများကို စာအုပ် ၁ရ အုပ်ဖြင့် ထုတ်ပြန်ထားသည်။

ဝါရင့် သတင်း အယ်ဒီတာတဦးက“ဒီမိုကရေစီ နိုင်ငံအစစ်ကို သွားမယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကို တန်ဖိုးထားရပါတယ်”ဟု ဆို သည်။

လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံတဝန်း တပြိုင်တည်း လွှတ်တော် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ က ထုတ်ပြန် ကြေညာထားသည်။

2 comments

  • လင်းဝေကျော်

    January 28, 2011 at 8:00 am

    ခွင့်ပြုရတာလွယ်တယ်။ ထိမ်းချုပ်ဖို့ခက်တယ်။
    ဘာကို ထိမ်းချုပ်ချင်တာတုန်း။
    မှန်တဲ့သူဆိုရင် အမှန်အတိုင်း လွပ်လပ်စွာရေးပါစေလား။
    မမှန်တဲ့ကောင်ဆိုတော့ ပြောရတာပေါ့။

  • zaw min

    January 28, 2011 at 8:37 am

    သေနတ်ကို မကြောက် ကလောင်ကို ကြောက်၏၊
    မွန်ကို မကြောက် ကရင်ကို ကြောက်၏
    ရှမ်းကို မကြောက် “၀”ကို ကြောက်၏
    ချင်းကို မကြောက် ကချင်ကို ကြောက်၏
    အမေရိကန်ကို မကြောက် တရုပ်ကို ကြောက်၏
    ဗိုလ်ချုပ်တွေကို မကြောက် ”အမေစု” ကို ကြောက်၏
    ငရဲကို မကြောက် ကွိုင်ကွိုင် ကို ကြောက်၏
    ပြည်သူတွေကို မကြောက် ကျောင်းသားတွေ ကို ကြောက်၏
    ဤသည်ကား ဗိုလ်ချုပ်မှူးကြီး၏ အကြောက် တရားများတည်း။
    ရှိသေးရင် ထပ်ဖြည့်လို့ ရပါသေးသည်။
    မှားသည် မှန်သည် ထိုနှစ်လီ ထိုသူမသိပါ။
    “အာဏာတည်ရေး ထိုအရေး အရေးကြီးလှစွာ၊
    ထိုင်ခုံ လုသူ တို့ရန်သူ မြန်စွာရှင်းပြစ်မှာ၊
    ငရဲကိုပင် သူမမြင်၊ ပျော်ပျော်သွားမည်သာ”။ ။

Leave a Reply