“အချစ်ဆိုတာ ဆေးဆိုးထားတဲ့ နင့်ဆံပင်တွေလိုပဲ ဇင်ဇင်”

သူရႆဝါJanuary 28, 20111min1035

မထင်မှတ်တဲ့လမ်းတစ်နေရာမှာ လွန်ခဲ့ပြီးတဲ့နှစ်ကာလအချို့က ငါ့ကိုဆူးတွေလိုလာငြိတယ်
နင်တော်တော်ပိန်သွားတယ် ဇင်၊ နေရောကောင်းရဲ့လား၊ ဆံပင်တွေလည်း တိုသွားတယ်
ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ဖြစ်သွားတယ် ဇင်။
ကဗျာဆရာဆိုတာ ဖြစ်ရိုးဖြစ်စဉ်လူ့ဘဝဒုက္ခကို အဆပေါင်းများစွာ ကြီးကျယ်ကြောက်လန့်သွားအောင်
ပြောပြတတ်တဲ့သတ္တဝါတစ်မျိုးပဲ။
တကယ်ပါ ဇင် … ကျွန်တော်အခု ဒုက္ခရောက်နေတယ်
လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်းပဲ၊ မိုးရေတွေထဲမှာ မြုပ်နေခဲ့တဲ့ နင့်ခြေသန်းလေးကို ငါပြန်ရှာမရတော့သလိုပဲ
အခုလည်း ငါ့ရှေ့တည့်တည့်ကနင့်ကို ငါပြန်ရှာမရဘူး၊ ငါ့ကိုယ်ငါလည်း ရှာမရဘူး
ငါသိပ်ကြောက်ခဲ့တဲ့ မှော်ဆရာမ .. ဇင်၊ အခုထိလည်း နင့်ကိုငါ ကြောက်နေတုန်းပဲ
ငါ့စိတ်ကိုငါ ပျော်ရွှင်မှုထဲ ပို့ကြည့်တယ်၊ မရောက်ဖူးတဲ့ Disney Land ကို စိတ်နဲ့သွားကြည့်တယ်၊
ငါရုပ်ရှင်ဝင်ကြည့်တယ်၊ ငါသိပ်သွားချင်တဲ့ နယူးယော့ခ်ဆင်ခြေဖုံးရပ်ကွက်လေးဆီ စိတ်ကူးကြည့်တယ်၊
မရဘူး ဇင်၊ နောက်ဆုံးတော့ မိုးရေတွေပြည့်နေတဲ့ လမ်းကြားလေးတစ်ခုထဲကိုပဲ ငါပြန်ပြန်ရောက်သွားတယ်
ခေါင်းငိုက်စိုက်ကျနေတယ်၊ ဒေါသထွက်နေတယ်၊ လူသတ်ချင်စိတ်ပေါက်နေတယ်၊
စက်ဘီးတွန်းလာတဲ့ကောင်ကို ငါတွန်းထိုးပစ်လိုက်ချင်တယ်၊ ငါ့မိုးကာအကျီ င်္လေးကို ငါပြန်လိုချင်တယ်
ငါစိတ်ကူးနေတာက သိပ်စိတ်ပျက်စရာကောင်းတဲ့ကမ္ဘာအကြောင်း၊ သန်းချီနေတဲ့ဒုက္ခသည်တွေအကြောင်း၊
ငါနေရာထပ်ရွှေ့ကြည့်တယ်။ ငါ့မျက်လုံးတွေလွှဲပစ်မိတယ်။
လူဟာ သူ့ဖြစ်တည်မှုအတွက် တစ်စုံတစ်ရာရဲ့ စားသုံးမှုကိုခံနေရတဲ့အကြောင်း၊
Facebook ထဲက ရယ်စရာကောင်းတဲ့ မက်ဆေ့ချ်တွေအကြောင်း၊ ပျော်စရာညနေခင်းတွေအကြောင်း၊
မရဘူး ဇင်၊ ဘယ်လိုမှမရဘူး။ ငါရေးချင်တာတွေအစား နင့်နာမည်ကိုပဲ သတိလက်လွတ် ချရေးမိလျက်သားဖြစ်နေတယ်။
ငါ့စိတ်တွေလောင်ကျွမ်းမသွားခင် ငါ့ရှေ့ကထွက်သွားပေးပါလား ဇင်။ ဒါမှမဟုတ်ရင် ငါတစ်ခုခုကိုဆက်တွေးနေမိလိမ့်မယ်။
နင့်ကိုမှ မုန်းလို့မရတာ … အဲဒီ ညနေကို ငါမုန်းတယ် ဇင်
အောလ်ကတ္တီပါဖိနပ်လေး ငါ့ဆီမှာရှိသေးတယ်၊ သုံးနှစ်ကြာပြီ၊ သဲကြိုးလည်းပြတ်သွားပြီ
ဇင့်ကို အိပ်မက်မက်တယ်၊ ကျွန်တော် အမြန်ဆုံးပြန်ခဲ့မယ်၊ တောင်ပေါ်ဒေသမှာ ငါဟာပူလောင်နေခဲ့တယ်။
အအေးဆိုင်လေး တစ်ဆိုင်နဲ့ ှနှစ်ယောက်စီး စက်ဘီးတစ်စီးနဲ့ နင်နဲ့ .. ငါနဲ့ .. အဲဒီအရေးမပါတဲ့ ညနေတွေ
မျှော်လင့်ချက်ဆိုတာကို ကျွန်တော် စာလုံးပေါင်းတတ်သွားပြီထင်တယ် ဇင်
“ဇင်ဇင် ဝက်ကလေး” လို့ ရေးထားခဲ့တဲ့ စာရွက်လေးလေ
ဇင်တို့ခဏလောက် ခွဲနေရအောင်နော် .. ခဏလေးပါ၊ ငါ့ကိုတိုက်စားသွားတယ်။
ငါ့ရှေ့တည့်တည့်မှာ … နင် .. ငရဲမီး … မိုးရေစက်တွေ .. ညရှစ်နာရီ … ငါနဲ့မသိတဲ့ ငါသိပ်မုန်းတဲ့ကောင်တစ်ကောင်
ဟင့်အင်း … ငါ ဘယ်ရောက်သွားတာလဲ
“နင် … အရမ်း … ရက် … စက်” အရူးတစ်ယောက်လိုပဲ တောင်စဉ်ရေမရတွေ ရေးခဲ့တယ်
ဇင် …. နင်ကတော့ ဘယ်သိမလဲ၊ တစ်စစီစုတ်ဖြဲပစ်ပြီးမှ အဲဒီပုံတူလေးကို ကျွန်တော်ပြန်ဆွဲနေမိတယ်
နင်သိလား၊ ငါ့ကိုယ်ငါ သိပ်မုန်းတယ် ဇင်။
၂ ဝ ဝ ရ ၊ မေ လ (၇) ရက် ကိုငါ့စိတ်ထဲမှာ တက်တူးတစ်ခုလို ရေးထိုးထားခဲ့တယ် ဇင်။
ငါ့တစ်ကိုယ်လုံးကို စိုရွှဲစေတာ အဲဒီအတိတ်က မိုးရေစက်တွေပဲ၊ ငါသေဆုံးခဲ့ရတာ …. ။
အခု လပြည့်ညက ကိုယ်ပိုင်သိမ်းထားချင်လောက်အောင် လှနေတယ်
အခု နင်နဲ့ငါနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးရဲ့ လမ်းသွယ်လေးတစ်ခုထဲမှာ၊ အခု နင်နဲ့ငါ မိုးကောင်းမှတ်တိုင်မှာ၊
အခု နင်နဲ့ငါ အမြန်ကားတစ်စီးပေါ်မှာ၊ အခု နင်နဲ့ငါ ထိုင်နေကျရှမ်းခေါက်ဆွဲဆိုင်မှာ၊ အခု နင်နဲ့ငါ ၄၉ လမ်းထိပ်မှာ၊
အနီးကပ်ဆုံးအခြေအနေပဲ၊ အဝေးကွာဆုံးကျောခိုင်းနေမှုပဲ။
ဆွံ့အနေရတယ်၊ တုန်တုန်ရီရီဖြစ်ရတယ်၊ ကျွန်တော့်ကို တစ်ခုခုလောက် ပြောပါလား ဇင်
ပရီးမီးယားကော်ဖီနှစ်ခွက်နဲ့၊ အေးစက်မာကျောနေတဲ့ ဆက်ဆံမှုနဲ့၊ မဟာပုရိသဝါဒနဲ့၊
နင့်လက်စားချေမှုကို တစ်စုံတစ်ယောက်ကိုယ်စား ငါလည်စင်းခံနေရတာဆိုတဲ့ ခံစားချက်နဲ့
လိင်ဆက်ဆံမှုမပါရင် အချစ်ဆိုတာ အငွေ့သက်သက်ပဲ ဆိုတဲ့ ထိတ်လန့်ခြောက်ခြားစရာ အယူအဆနဲ့
ဧပရယ်လ်မှာ လွမ်းဖျားလွမ်းနာကျနေတယ်၊ မေလတစ်လလုံးဟာ ငါ့ကိုသတ်ပစ်ဖို့ကြိုးစားနေတယ်
နာရီလက်တံတွေဟာ ငါ့ကိုအလာ့ဂျစ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေပဲ
ဒိုင်ယာရီစာအုပ်တစ်အုပ်ရယ်၊ ငွေလက်စွပ်တစ်ကွင်းရယ်၊ စက္ကူငှက်ရုပ်တွေရယ်၊ ကတ္တီပါဖိနပ်တစ်ရံရယ်
အဲဒါတွေက ငါ့လက်ရှိဘဝကို အချိန်မရွေးဒုက္ခရောက်စေနိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေပဲ။
ကံတရားက ငါ့ရှေ့တည့်တည့်အရောက် နင့်ကိုသယ်လာပေးတဲ့အတွက် ကျေးဇူးတင်တယ်၊
စိတ်ရှုပ်တယ်၊ မကျေမနပ်ဖြစ်တယ်၊ ခဏလေးပျော်စရာကောင်းသွားတယ်၊ ငါ လေးလံထိုင်းမှိုင်းသွားတယ်။
ဟောဒီ လပြည့်ညက သိပ်လှတာပဲ ဇင်။ ငါ စိတ်လိုလက်ရ ပြောမိတယ်။
နင်နဲ့ စကားတွေအများကြီးထိုင်ပြောချင်တယ်။ နင့်ကို စကားတစ်ခွန်းမှမပြောချင်တာ နင်သိစေချင်တယ်။
ဘယ်အချိန်မှာပဲဖြစ်ဖြစ် နင်ကသိပ်ချစ်စရာကောင်းတယ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါသိပ်မုန်းတယ်။
မအံ့ဩပါနဲ့ ဇင်။ ဒါစိတ္တဇ မဟုတ်ဘူး။ ငါ “လွတ်” နေတာမဟုတ်ဘူး။
ငါ့မျက်လုံးတွေက နင့်ဆီမှာပဲ မလွှဲတမ်းရှိနေတယ်။ ငါ့မျက်လုံးတွေ နင်နဲ့ဝေးသွားရင်ပြီးရော လွှဲပစ်မိတယ်။
ငါအခု ပထမနှစ် နည်းပညာတက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပြန်ဖြစ်နေတယ်၊
နင့်ကိုသိပ်ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ပြန်ဖြစ်နေတယ်။ ဒီညဟာ ၂၀၀ရ ခုနှစ်ထဲ ပြန်ရောက်သွားတယ်။
ဇင် … အရမ်းပိန်သွားတယ်၊ နေကောင်းပုံမရဘူး၊ ဆေးလိပ်တွေသိပ်သောက်လို့ ငါ့ရုပ်တွေရင့်သွားတယ်၊
ကျွန်တော်အခုလူပျိုပေါက်ကလေးမဟုတ်တော့ဘူး၊ သရော်တော်တော်ရယ်တတ်နေပြီ၊ ဇင် .. ဆံပင်တွေတိုသွားတယ်၊
အခုအချိန်မှာ နင်စိတ်ဆိုးမှာကို ငါမကြောက်တတ်တော့ဘူး၊
နင့်ရှေ့မှာ အကျီ င်္ကြယ်သီးတွေဖြုတ်ထားဖို့ ဝန်မလေးတော့ဘူး။ အရာရာပြောင်းလဲကုန်ပြီ ဇင်။
နင်သိပ်လှနေတုန်းပဲဆိုတာကလွဲရင် ငါရောနင်ရော ပြောင်းလဲနေပြီ။
အချစ်ဆိုတာ ဆေးဆိုးထားတဲ့ နင့်ဆံပင်တွေပဲ။ ကြာလာရင်အရောင်လွင့်သွားတဲ့ ဂျင်းဘောင်းဘီတစ်ထည်ပဲ။
အချစ်ကဗျာတွေဖတ်ရတာ သိပ်ပျင်းဖို့ကောင်းတာပဲဆိုတာ ငါသဘောကျတဲ့ စကားတစ်ခွန်းပဲ။
အလုပ်ကိစ္စရှိဦးမှာပေါ့ .. သွားတော့လေ၊ လမ်းကြုံရင် ထပ်ဆုံဦးမှာပါ၊
စိတ်မရှိပါနဲ့ … နင့်ကို အိမ်ပြန်လိုက်ပို့ချင်စိတ်မရှိဘူး ဇင်။
ဆေးမှန်မှန်သောက်နော် .. နေကောင်းအောင်နေနော်လို့ ဝတ်ကျေတမ်းကျေလည်း မပြောတော့ဘူး။
နင့်ကိုငါ သိပ်မုန်းတယ်လေ ဇင်ရဲ့။ နင်မကြားလိုက်ဘူးမဟုတ်လား။
နင့်ကိုငါ သိပ်ချစ်တုန်းပဲလို့ ပြောလိုက်တာကို နင်မကြားမိဘူးမဟုတ်လား။ ထားလိုက်ပါ ဇင်။
တစ်ခါတလေ အကြာကြီးသိမ်းထားရတဲ့ စကားတွေဟာ ပေါ့ပျက်ပျက်နိုင်ပါတယ်။
အခု .. နင်ငါ့ရှေ့က ထွက်သွားပြန်ပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်း ငါ့ကိုချန်ထားခဲ့ပြန်ပြီ။ ငါ့ကိုနှုတ်ဆက်သွားပြီ။
ကိစ္စမရှိဘူး ဇင်၊ ငါ ကျေနပ်ပါတယ်။ ငါ့ကိုနင် မြင်သွားပြီမဟုတ်လား။ ငါဘာပြောချင်လဲဆိုတာ နင်သိသွားပြီမဟုတ်လား။
ဒီနေ့ လပြည့်ညက သိမ်းထားချင်စရာကောင်းလောက်အောင် လှနေတယ်ဆိုတာ … နောက်ပြီး
ဒီသုံးနှစ်လုံးလုံး နင့်ကိုငါ မုန်းစရာကောင်းလောက်အောင် မုန်းနေခဲ့တယ်ဆိုတာ …. ။               ။

သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
ဇန်နဝါရီလ ၂၈ ရက် ၊ ၂၀၁၁ ခုနှစ်

5 comments

  • kopauk mandalay

    January 28, 2011 at 11:40 am

    ရှင့်ရှေ့ ကျမ အစဉ်ရပ်ပြပေမယ့်
    မမြင်တာတော့ခက်တယ်ရှင်။

    သိမ်းထားလို့ နှစ်ချို့
    ဟောင်းရင်ပယ်ရတဲ့စာရင်းထဲမှာ
    ပရုပ်လုံးရယ် အချစ်ရယ်
    တကယ်ဘဲစာရင်းဝင်ပါတယ်။

    နှစ်များစွာကြာမှ
    ကြားလိုက်တဲ့အလွမ်းစာများ
    နောက်များမှဖတ်မယ်
    သားသားလေး ကိုအရင်
    နို့ချိုကျွေးရအုံးမယ်ရှင်။
    အော် ကျမလား မခင် သဇင်ပါရှင်။

  • အာဖျံ ကွီး

    February 1, 2011 at 6:35 am

    ဟဲ့ … ဒီ ပီကေ ….
    ဖိနပ်မှာတော်တော်လိုက်ကပ် …
    ကောက်စားမရ်ဆိုတော့လဲ စားလို.မရ …. ဟီးးး
    (ဒီပေါက်ကွဲသံစဉ်ကိုဖတ်ရတာ ကျောတောင် တော်တော်ချမ်းတရ်)

  • etone

    February 1, 2011 at 8:11 am

    တကယ့်ကို ခံစားချက် အစစ်မှန်တွေနဲ့ ဖဲ့ထားပါလား ။ အားပေးပါတယ် ဆက်ရေးပေးပါဦးနော် ။

  • Yin Nyine Nway

    February 1, 2011 at 9:52 am

    ကောင်းတယ်ဝေ့…ကောင်းဒယ်

  • manawphyulay

    February 1, 2011 at 12:52 pm

    ဝါဝါရေ………….. ဇင်နဲ့ ထပ်တွေ့ရင် ဘာပြောပေးရမလားဟင်…………. ပြန်လာခိုင်းလိုက်ရမလား ဆံပင်တွေ ဆေးမဆိုးနဲ့တော့လို့ ပြောလိုက်ရမလား…………

Leave a Reply