ကျွန်တော်တို့မြို့မှာ လိုင်းရတာမကြာသေးတော့ ကျွန်တော်လည်း အင်တာနက်ဆိုတာကြီးကို အခုမှထိတွေ့ဖူးတယ်။ ညီဝမ်းကွဲက အင်တာနက်ဆိုင်ဖွင့်တော့ ကျွန်တော်က သူ့ဆီကလိုင်းခွဲယူတယ်လေ၊ သူကပဲ အစအဆုံးအကုန်လာလုပ်ပေးသွားတော့ ကျွန်တော်ကိုယ်တိုင် ဘာမှတတ်စရာမလိုဘဲ ကွန်ပြူတာဖွင့်တာနဲ့ အိုကေဖြစ်နေခဲ့တာ။ ကျွန်တော် စိတ်ကူးတစ်ခုပေါက်ပြီး ကလေးတွေကို အင်တာနက်နဲ့ ထိတွေ့ပေးချင်မိတယ်။
ကျွန်တော်တို့လမ်းက ဆင်းရဲသားအများစုနေတဲ့ သီးသန့်လမ်းကလေးပါ။ စုစုပေါင်း အိမ်၁၀လုံးပဲရှိတယ်။ မျိုးဆက်သစ်များရဲ့ အခြေအနေကိုပြောရရင် တစ်လမ်းလုံးမှာ ကျွန်တော့်သမီးအပါအ၀င် ကလေးပေါက်စနက သုံးယောက်။ ကလေးကြီးက ၄ယောက်။ ဒီကလေးကြီးတွေဟာ သူများကလေးကြီးတွေလို ဂိမ်းဆိုင်ထိုင်နိုင်တဲ့ ကလေးတွေမဟုတ်ပါဘူး။ ကွန်ပြူတာမှာ ကြွက်ခလုတ်ကိုတောင် မကိုင်တတ်တဲ့ကလေးတွေပါ။
ကျွန်တော်လည်း အင်တာနက်ဆိုင်ပိုင်ရှင် ညီဝမ်းကွဲရဲ့ အကူအညီနဲ့ အိမ်မှာ ကွန်ပြူတာ အစုတ်ကလေး ၂လုံးထပ်ဆင်ပြီး ကလေးတွေကို ကွန်ပြူတာလာကိုင်ကြဖို့ ဖိတ်ခေါ်တော့ ကလေးတွေက နေ့မဆိုင်းဘဲ ချက်ချင်းလာအားပေးကြတယ်လေ။ ကျွန်တော်က ပထမ ကြွက်ခလုတ်ကိုင်တတ်အောင် ဂိမ်းကစားခိုင်းတယ်။ အကြီးဆုံးကလေးကို အရင်သင်ပေးပြီး သူကမှတဆင့် အောက်အငယ်တွေကို သင်ပေးသွားအောင်လို့ပါ။ ကြွက်ခလုတ်ကိုင်တတ်အောင် တော်တော်သင်ရပါတယ်။ ရက်နည်းနည်းကြာတော့ ကျွန်တော်က ၀က်ဆိုက်တွေဖွင့်ပြပါတယ်။ မေးခွန်းတွေက ဒီမှာစတော့တာပါပဲ။
ကလေးတစ်ယောက်ရဲ့မေးခွန်းဟာ အမြဲတမ်း ထင်မထားတဲ့မေးခွန်းဖြစ်နေတယ်။ တစ်ပိဿာလို့ခေါ်တဲ့ ခလေးမက ဂူဂယ်ဆိုတာ ဘာလဲတဲ့။ တစ်ပိဿာလို့ခေါ်တာက သူ့အမေ အသုပ်ဆိုင်ပိုင်ရှင်က သူ့ကို အာလူးတစ်ပိဿာကြော်ကျွေးတာ ကုန်အောင် စားနိုင်လို့ပါ။ ကလေးကြီးတွေထဲမှာ အ၀ဆုံးကလေး၊ ကျွန်တော့် အိမ်ရှေ့က မာလကာပင်ကို အလွတ်မပေးတဲ့၊ ခြောက်တန်းကြီးများတောင်ရောက်နေပြီဖြစ်တဲ့ တကယ့်ဆတ်ဆတ်ကြဲ ကောင်မလေး။ ဒီခလေးမလေးမေးခွန်းကို အမှန်ပြောရရင် ကျွန်တော်မဖြေတတ်ဘူး။ ဒီတော့ ကျွန်တော်က “နောက်တော့သိမှာပေါ့၊ တစ်ပိဿာရယ်” လို့ ခပ်တည်တည်ရွှီးလိုက်ရတယ်။ နောက်တော်တော်ကြာတော့ ငမြွေထိုးက မေးတယ်ဗျ။ “အွန်လိုင်းဆိုတာ ဘာလဲ“ တဲ့။ ဒါလည်း ကျွန်တော်ဖြေတတ်ပါတယ်။ ၀ါယာလက်နဲ့ ဆက်သွယ်ထားတဲ့အဖြူရောင် ကြိုးကိုပြပြီး “အွန်ဆိုတာ အပေါ်မှာ လိုင်းဆိုတာက ဒီလိုင်းကိုပြောတာ။ မင်းတို့ကောင်တွေ စာသင်မယ်မကြံသေးဘူး။ အမေးအမြန်းကထူပြီ” ဆိုပြီး ခပ်တင်းတင်း ဖိန့်ထည့်လိုက်လို့ သူတို့ထပ်မမေးကြဘူး။ ဒါပေမယ့် ကျွန်တော်သိနေတယ်။ ကျွန်တော်ကိုယ်တိုင် တတ်မှဖြစ်တော့မယ်။ ၀က်ဆိုက်တွေကိုလည်း ကျွန်တော် သိပ်မသိဘူး။ ကျွန်တော်ဖွင့်ပြတဲ့ ၀က်ဆိုက်တွေက သူတို့အတွက် မြင့်နေသလား မသိဘူး။ သူတို့ ခဏတဖြုတ်ပဲ ကြည့်ကြတယ်။ ပြတိုက်လို ၀က်ဆိုက်မျိုးကိုတောင် သူတို့ သိပ်မဖတ်တတ်ကြဘူး။ ပြီးတော့ ကွန်ပြူတာက ခဏခဏပျက်တယ်။ ကျွန်တော်ကလည်း မပြင်တတ်၊ ညီဝမ်းကွဲကိုပဲ အမြဲအားကိုးနေရတယ်။ သူကလည်း သူ့အလုပ်နဲ့သူ၊ အချိန်ပြည့် ကျွန်တော့်ကိုကူနိုင်မှာမဟုတ်ဘူးလေ။ ကျွန်တော်ကိုယ်တိုင် ဒါတွေကိုနည်းနည်းလေ့ လာမှဖြစ်တော့မယ်လို့ မနည်းကြီး မိမိကိုယ်ကို ဆုံးမရတယ်။ လူ့ဦးနှောက်ဆိုတာကလည်း ခက်သားကလား၊ အသက်ကြီးလာလေ၊ အသစ်အဆန်း မသင်ယူချင်လေ။
အခု ကလေးတွေ စာမေးပွဲနီးပြီ။ ခုတလော သူတို့လေးတွေ ကျောင်းနဲ့ကျူရှင်ပြေးနေကြတော့ မအားကြဘူး။ စာမေးပွဲကြီးပြီးရင် ကျွန်တော့် အိမ်လာပြီး ဆော့ကြတော့မှာ။ ဒီကြားထဲမှာ ကျွန်တော် တစ်လလောက်အချိန်ရသေးတယ်။ ကျွန်တော် ရန်ကုန်တက်ပြီး ကွန်ပြူတာနဲ့ ပတ်သက်တဲ့စာအုပ်ရှာရတော့မယ်။ ၆ တန်း ၇ တန်း အရွယ်ကလေးတွေဟာ ဘယ်လိုဝက်ဆိုက်တွေနဲ့မှ အဆင်ပြေမလဲမသိဘူး။ သိတဲ့လူများရှိရင် ပြောကြပါလို့ အကူအညီတောင်းပါတယ်။

About တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။

has written 9 post in this Website..