အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်ရှိကြောင်းပြော

zaw mgJanuary 29, 20111min764

ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က လမ်းကြောင်းဖွင့်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် အခြေအနေအရ မကြာခင် အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ ပေါ်လာတဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ သူမဘက်က အဆင်သင့်ရှိတဲ့ အကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တချို့ကိုတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံသားတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ တိုင်းပြည်အတွင်း အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ထိုင်းနိုင်ငံ အနေနဲ့ ပူးပေါင်း လုပ်ဆောင်လိုစိတ် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြေရှင်းမှသာ ရနိုင်မှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးအတွက် အာဆီယံအဖွဲ့က လိုလားသလို တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်တိုးမြှင့် လုပ်ဆောင်တာကို မြင်တွေ့လိုတဲ့အကြောင်း မကြာခင်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဝန်ကြီးများ တွေ့ဆုံပွဲအတွင်း ဆွေးနွေးခဲ့ကြတာတွေကို နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံ စိတ်ချရမှု အခြေအနေ ဖြစ်ပေါ်လာတာကို ထိုင်းနိုင်ငံ အနေနဲ့ မြင်တွေ့လိုတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ ခရီးရောက်မဆိုက် တွေ့ဆုံပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများ ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ဝန်ကြီးအဆင့် စည်းဝေးပွဲကို တက်ရောက်ခဲ့တာပါ။

အဲဒီ စည်းဝေးပွဲ ပြင်ပမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းဟာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် တခြား စစ်အစိုးရ အရာရှိတွေနဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

4 comments

  • timothy

    January 29, 2011 at 10:44 am

    ဟုတ်ပါပြီတဲ့ဗျာ၊ ဗိုလ်သန်းရွှေကိုအသာတကြည်နဲ့ဆွေးနွေးပွဲတွေကိုယဉ်ကျေးစွာတက်ရောက်လာလိမ္မယ်ထင်လား။
    အမေစုကတော့သမာဓိရှိရှိနဲ့လူကြီးဆံဆံယာဉ်ကျေးစွာနဲ့ဆွေးနွေးရေးလမ်းများဖွင့်ထားတာဘဲ။
    ဗိုလ်သန်းရွှေကတော့၁ရရာစုအရိုင်းအစိုင်းဘုရင်ရူးရူးပြီးဘီလူးသရဲသဘက်စီး၊
    စစ်ကျွန်ပြုရေးအမိန့်စာတမ်းများထုပ်ပြန်၊စစ်ကျွန်တိဆိပ်ခေါင်းနှိပ်လွတ်တော်ဖွင့်ရင်လဲဒီမိုကရေစီ
    အဖွဲ့များကိုနှိမ်နင်းသုပ်သင်ရေးအတွက်ဒါးသေနပ်တွေပါပြင်နေပြီ။မဟန်ဘူးဆိုလို့ကတော့
    စစ်တပ်ကိုအုပ်ခိုင်းဘို့လဲပြင်ထားပြီ။
    အဲဒီတော့ဗိုလ်သန်းရွှေကိုဆွေးနွေးပွဲတွေကိုစိတ်ဝင်စားလာအောင်ဘာလုပ်လို့ရလဲ။
    ဗိုလ်သန်းရွှေဖိန့်ဖိန့်တုံအောင်ကြောက်တာ အမေစုဘဲ။
    ဘာ့ကြောင့်လဲဆိုတော့ပြည်သူလူထုတရပ်လုံးကအမေ့နောက်မှာအမြဲရှိနေတယ်ဆိုတာ
    ဒီကောင်ကောင်းကောင်းသိတယ်။
    အမေစုကရှေ့ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဘို့လုပ်မယ်။
    ပြည်သူချစ်တဲ့အမေစုကိုပံ့ပိုးတဲ့အနေနဲ့လူထုကနောက်ကနေလူထုအင်အားပြရမယ်။
    လူထုအုံကြွမှုကြီးတနိုင်ငံလုံးချိမ့်ချိမ့်သဲသဲလုပ်ဘို့လိုလာမယ်။
    ဖိနှိပ်သုပ်သင်နှိမ်နင်းမှုတွေမကြာခင်မှာစတော့မယ်။
    ဒုတိယပင်လုံညီလာခံလုပ်ခါနီးပြီ။
    တိုင်းရင်းသားခေါင်းဆောင်အပေါင်းကအမေစုကိုဘဲပင်လုံညီလာခံလုပ်ဘို့တာဝန်ပေ.ကြတယ်။
    အမေ့ရဲ့လူထုအင်အားကိုအားလုံးကသိလို့အမေ့ကိုဘဲတာဝန်ပေးကြတယ်။
    ဗိုလ်သန်းရွှေကဒါကိုနိုင်ငံဖြိုခွဲဘို့လုပ်တာလို့ခံယူပြီးလူမိုက်ပြီပြီအကြမ်းပတမ်းဝင်ဖျက်မယ်။
    ပြီးခဲ့တဲ့နောက်ဆုံးအကြိမ်တပ်မှူးများတွေ့ဆုံပွဲမှာလူမိုက်ပြီပြီစစ်တပ်ကိုအခြေအနေမထိမ်းနိုင်ခဲ့ရင်
    စစ်တပ်ကိုအာဏာဝင်သိမ်းဘို့မှာထားပြီးပြီ။
    ဒါလူထုထောက်ခံတဲ့အမေစုနဲ့စစ်အာဏာရှင်များနဲ့ထိပ်တိုက်တွေ့ရမဲ့ကြိမ်းသေပေါက်အခြေအနေပါဘဲ။
    လူထုအုံကြွမှုကြီးကဘဲစစ်အာဏာရှင်များကိုဖယ်ရှားနိုင်မဲ့ဗမာ့ထွက်ရပ်လမ်းအမှန်သာဖြစ်ပါတယ်။
    အားလုံးအမေ့နောက်ကရဲရဲတောက်တိုက်ပွဲဝင်ဘို့တပ်လှန့်နှိုးဆော်လိုက်ပြန်ပါတယ်။
    အရေးတော်ပုံ၊အောင်ရမည်။

  • အရေးတော်ပုံ အောင်ရမည်။
    တိုင်းပြည်ကို်ချစ်သူတိုင်း၊ လူသားချင်းစာနာစိတ်ရှိသူတိုင်း၊ မွန်မြတ်သူတိုင်း၊ ဗီဇအောက်တန်းမကျသူတိုင်း စစ်အစိုးရကို ရှုတ်ချသည်။ အမေစု၏ဦးဆောင်မှု အတိုင်း လိုက်နာကြမည်။ ရဲရဲတောက်တိုက်ပွဲဝင်မည်။

  • kai

    January 29, 2011 at 10:59 pm

    အခုအခြေအနေက ..အတိုက်အခံဖက်က နိုင်ငံရေးအရ.. deathlock ဖြစ်နေတယ်လို့ထင်ပါတယ်..။
    အန်အယ်ဒီပါတီအမည်နဲ့က .. တရားရေးအရ တရားဝင်… ရပ်တည်နိုင်မှုအတွက်တောင် .. တော်တော်လုပ်နေရပါပြီ..။

    မတရားအသင်းကြေငြာခံရမဲ့နေ့မှာ .. အုံကြွမှုတခုခုဖြစ်အောင်လုပ်ကြမယ်ဆိုတဲ့.. မက်ဆေ့ချ် ထုတ်ပေးထားဖို့သင့်တဲ့အခြေအနေပါ..။

    အစိုးရသစ်နဲ့ဆွေးနွေးမယ်ဆိုတာရယ်..။ ရင်းနှီးမြုတ်နှံမှုတွေ ဝင်လာကြပါလို့ပြန်ခေါ်တာရယ်က .. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ..(ပါးနပ်ကျွမ်းကျင်တဲ့ )ရုန်းထွက်မှုလို့မြင်မိပါတယ်..။

    ကြိုဆိုပါကြောင်း..။

  • zaw min

    January 30, 2011 at 9:20 am

    အမျိုသားပြန်လည်သင့်မြတ်ရေးအတွက် အမေစု ကတွေ့ဆုံညှိနိူင်းမူတွေကို အမြဲပဲတောင်းဆိုနေပါတယ်။အမေစု ပြန်လည်လွှတ်မြောင်လာတဲ့နေ့မှာလည်း အားလုံးနဲ့တွေဆုံလိုကြောင်းပြောပြီသားပါ။ယခုလည်းတွေ့ဆုံနေတာပဲ။ဒါပေမယ့်သူတို့ ဘက်ကမတွေ့ဆုံရဲတာလား….တွေ့ဆုံရန်အဆင်သင့်မဖြစ်သေးတာလား ကိုတော့မသိနိုင်ပါဘူး…
    တိုင်းပြည်ကို အမှန်တကယ်ကောင်းစေရန်အတွက်၊ပြည်သူလူထု၏အကျိုးစီပွါး၊လူမူရေး၊ပညာရေး၊ကျမ်းမာရေး၊လူ့အခွင့်အရေးတွေ၊စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ အဖြစ်ရပ်တည်ရန် အတွက် တွေဆုံညှိနိူင်းမူများရှိမှ သာလျှင် အကောင်အထည်ပေါ်လာလိမ့်မည်ဟု ယူဆမိပါသည်။

Leave a Reply