“လွမ်းစရာတွေကိုချန်ထားခဲ့တော့မယ့် ဒေါင်းနေချောင်း”


“လွမ်းစရာတွေကိုချန်ထားခဲ့တော့မယ့် ဒေါင်းနေချောင်း”

ရေနံချောင်းဘက်ကနေ မကွေးမြို့ကိုသွားမယ်ဆိုရင် ဒေါင်းနေချောင်း(အမျာ်းအခေါ်ဒေါင်းသေချောင်း) ကိုမကျော်ဘဲမရောက်နိုင်ပါဘူး။
ဒီချောင်းမှာ ဒေါင်းတွေနေထိုင်ကျက်စားခဲ့လို့ ဒီလိုခေါ်လားတော့ မသိဘူး အခုတော့ ဒေါင်းတစ်ကောင်မှမတွေ့ခဲ့ဘူးရယ်။
ဒီချောင်းကတော့ ရေနံချောင်းနဲ့မကွေး မြို့နှစ်မြို့ကြားမှာ အရှေ့အနောက် အလျားလိုက်ကြီး စိတ်ကောက်ပြီးအိပ်နေတဲ့သဲချောင်းကြီးလို့ပြောနိုင်ပါတယ်။
တောင်ကျရေမလာတဲ့အချိန်ဆို ရင်တော့ ချောင်းလို့သာ အမည်ခံပေမယ့် ဖြူလွှလွှ သဲမွမွလေးတွေကိုသာတွေ့နိုင်တဲ့ အမြဲတမ်း ရေမရှိတဲ့သဲချောင်းကြီးပါ။
ဒါပေမယ့်လဲ အရပ်စကားအဆိုအရ တောင်ဆီမှာမိုးညို့လာရင် ချောင်းကိုမဖြတ်နဲ့ဒေါင်းတောင်ပြေးမလွတ်ဘူးလို့ ဆိုတတ်ကြပါတယ်။
ဟိုတောင်ပေါ်က အရှိန်နဲ့ဆင်းလာတဲ့ တောင်ကျချောင်းရေစီးက အတော်ကြီးကိုသန်လို့ပါ။
ပြီးတော့ ချောင်းပြင်ကလဲ အကျယ်ကြီးရယ်ပါ။
ဒီလိုပြောစကားကို မယုံကြည်လို့ အရဲစွန့်လို့ မဖြစ်လောက်ဘူးထင်လို့ ချောင်းရေစီးနဲ့မျောပါ၊
ကားမှောက်၊လူတွေသေတဲ့ တကယ့်အဖြစ်အပျက်ပေါင်းများစွာလဲရှိခဲ့ဘူးပါတယ်။
သာမန်ရေမရှိတဲ့ အချိန်တွေမှာတောင် လမ်းပြတဲ့လူစကားကိုနားမထောင်မိလို့ ကားသဲထဲကျွံကျသွားခဲ့ဘူးတာကလဲ မရေမတွက်
နိုင်သော ဇာတ်လမ်းများပါဘဲ။

ကျွန်တော်ကိုယ်တိုင်လဲ မန္တလေးသားဖြစ်ပေမယ့် ကလေးဘဝထဲက ဒီချောင်းရေကျတဲ့ အချိန်နဲ့ရေစက်ဆုံပါတယ်။
မကွေးကိုလာတဲ့အချိန်မန်းလေးကိုပြန်ချင်တာ ဒီချောင်းရေကျနေလို့ ကားတွေဖြတ်မရလို့ လှည့်ပြန်ခဲ့ရတာ ကလေးဘဝကနေ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအထိပါဘဲ။
ဟိုငယ်ကတည်းက ဒေါင်းနေချောင်းရေ ကျချိန်နဲ့ပါတ်သက်တဲ့ ကြောက်စရာ၊ရင်မောစရာ၊သနားစရာ၊လွမ်းမောစရာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအများကြီး ကြားခဲ့ မြင်ဘူးခဲ့ရပါတယ်။
ကျွန်တော့်ကိုယ်တွေ့ဇာတ်လမ်းကိုပြောပြရမယ်ဆိုရင်တော့………………..

2005ခုနှစ်ဇူလိုင်လဆန်း မိုးသဲနေတဲ့တစ်ရက် မကွေးကနေချောက်ကို မနက်စောစောသွား။
မိုးကလဲ တစ်နေကုန်မစဲဘဲ တဖွဲဖွဲရွာနေတဲ့ကြားက ချောက်ကနေ မကွေးကိုအပြန် ညကိုးနာရီလောက်မှာ ဒေါင်းသေချောင်းနားရောက်ပါတယ်။
မရောက်ခင်အတော်ဝေးဝေးကတည်းက တဝေါဝေါနဲ့ချောင်းရေတွေက အသံပေးနေပါတယ်။
ချောင်းနားလဲရောက်ရော ကြောက်စရာ့အသံတွေပေးပြီး ရေတွေစီးနေတဲ့ရေပြင်ကျယ်ကြီးကို ကားမီးရောင်အောက်ကနေ ကြောက်စဖွယ်တွေ့နေရပါတယ်။
တစ်လောကလုံးကတော့ မှောင်နဲ့မဲမဲပါ။
ဒါနဲ့ဘဲ အနီးက အသင့်စောင့်နေတဲ့ ထွန်စက်အဖွဲ့က ချောင်းဖြတ်ချင်ရင်ဆွဲပေးမယ်ဆိုတော့ ဆွဲခ ညှိကြရပါတယ်။
မပြန်လို့ကလဲမဖြစ်တော့ သူလိုချင်တာနဲ့ကိုယ်ပေးနိုင်တာ ညှိတော့အဆင်ပြေသွားပါတယ်။
ထွန်စက်နောက်မြီးကနေ သံကြိုးတစ်ချောင်း က ချိတ် ၊ပလပ်စတစ်ကြိုးတစ်ချောင်း ကခိုင်အောင်ချည်၊
နောက်ကားက စက်နှိုး ဂီယာထိုးပြီး ဘရိတ်ကို ဖွဖွလေးနင်းလို့ နောက်ကနေ အဆင်သင့်လိုက်။
ထွန်စက် စပြီးဆောင့်ဆွဲလိုက်တော့ အသဲထဲမှာအေးကနဲဖြစ်၊
တဝေါဝေါအော်နေတဲ့ရေပြင်ကျယ် မှောင်မဲမဲကြားမှာ ကားထဲပါတဲ့သုံးယောက်သား ခါတော်မှီသူတော်ကောင်းတွေဖြစ်လို့ ရသလောက်ဘုရားစာတွေရွတ်။
ဆယ်ငါးမိနစ်လောက်ကြာတာကို တကမ္ဘာလောက်ထင်။
ချောင်းကမ်းပါးမြင်ရတဲ့အချိန် ချိုင့်နက်ထဲ ကားဘီးတစ်ဘက်ကျသွားလို့ ကားက အစောင်း ခေါင်းခန်းအောက်ခြေကိုရေတွေဝင်အလာ
ကြောက်စိတ်တွေငယ်ထိပ်ရောက်၊
စိတ်ထဲကတောင် မသိဘဲအော်လိုက်ကြတာငယ်သံတွေတောင်ပါလို့၊
ထွန်စက်က အားသုံးပြီး တစ်ချက်အရုန်း ကုန်းပေါ်ကိုကားအရောက်
အားလုံးက ဝမ်းသာအားရ ဝိုင်းအော်လို်က်တဲ့ “ဟေး”ဆိုတဲ့အသံက
ကြားရသမျှ ဂီတမှာ နားဝင်အချုိုဆုံးလို့ ထင်မိပါတယ်။

2010 ဇူလိုင်လ ဆန်း တစ်ခေါက်သွားတုန်းကတော့ အရင်အတိုင်း မူမပျက်။
ရေနံချောင်းဘက်ကမ်းမှာရော မကွေးဘက်ကမ်းမှာရော လမ်းလုပ်သားလေးတွေက အဆင်သင့်ပါဘဲ။
သဲမြေပျော့ကိုမာအောင် “ဖို့” ထားပြီး လက်ကလေးတွေတယမ်းယမ်းနဲ့လမ်းကလေးကိုပြပေးနေတဲ့ စေတနာဝန်ထမ်းများ။
သွားလမ်းလာလမ်းဖြောင့်အောင်ကူညီနေသူတွေဆိုလဲမမှားပါဘူး။
အများအားဖြင့်ကတော့ ကားပေါ်ကချပေးလိုက်တဲ့ သဒ္ဒါကြေး။
လမ်းကျွုံလို့ အခက်အခဲကြီးပြီဆိုရင်တော့ ညှိနိုင်းဈေး။
ဒါလေးတွေ ကတော့ ဒေါင်းနေချောင်းရေမရှိချိန် မှာ ပုံမှန်မြင်နေကျလေးပါ။

ဝမ်းနည်းစရာ စိတ်မောဘွယ်ရာဇာတ်လမ်းတွေကို အဆုံးသတ်အောင် ဒီချောင်းကို တံတားထိုးဘို့ စိတ်ကူးတွေယဉ်ခဲ့ကြဘူးပါတယ်။
ဒီလိုအခက်အခဲတွေဖြစ်နေ ဒုက္ခတွေပေးနေတဲ့ဒီဒေါင်းနေချောင်းကိုတံတားထိုးဘို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
ဒါပေမယ့်လည်း နည်းပညာမတိုးတက်သေးတဲ့အချိန်မှာတုံးကတော့ အောက်ခြေမှာ သဲထုဘယ်လောက်ထိရှိမယ်ဆိုတာကို မခန့်မှန်းနိုင် သဲထုကိုဖောက်လို့ တံတားဆောက်လို့ အခြေခိုင်ပါ့မလားဆိုတဲ့ အခက်အခဲတွေကြောင့် စိတ်ကူးအိပ်မက်ကို
လက်တွေ့အကောင်အတည်မဖော်နိုင်ခဲ့ကြတာကလဲ အမှန်။

2010မှာ မကွေးက အပြန်ဒေါင်းနေချောင်းကို တံတားတကယ်ရအောင်ထိုးမယ်ဆိုတဲ့အသံတွေနဲ့ အတူ ရေနံချောင်းဘက်ကမ်းကနေမှန်ပြောင်းတွေနဲ့
ကြည့်ပြီး တိုင်းထွာနေတာတွေ့ရတော့ စိတ်ထဲမှာဝမ်းသာဝမ်းနဲပါ။
ဝမ်းသာတာကသွားရေးလာရေးအဆင်ပြေတော့မှာကိုတွေးလို့ ။
ဝမ်းနည်းတာကတော့ သာမန်အချိန်တွေမှာ သဒ္ဒါလို့ပေးသလောက်နဲ့လမ်းပြပေးတဲ့ စေတနာရှင်လမ်းလုပ်သားလေးတွေ
(ရေကြီးတဲ့အချိန်တော့ သူတို့တောင်းသလောက် ၊မတော်လို့များ ကားက လမ်းမှားလို့ သဲကျွံခဲ့ရင်တော့ ညှိနိုင်းဈေးပေါ့)
တံတားပြီးသွားရင်ဘာများလုပ်စားကြမလဲ?
အရင်ကတော့ မနက်မိုးလင်းတာနဲ့ချောင်းဘေးပြေး လမ်းတွေဖော်နေသူများ မနက်မိုးလင်းရင်ယောင်နန များဖြစ်နေမလား?
(ပင်စင်စားများလိုပေါ့)
ဆိုတာလေးတွေကိုရောက်တတ်ရာရာတွေးမိလို့ပါ။

အခု2011 ဇန်နဝါရီ 27 မကွေးဘက်ကိုအသွား ဒေါင်းနေချောင်းအရောက် ဘယ်ဘက်ခြမ်းမှာ ခန့်ငြားတဲ့ တံတားအသစ်ကြီးကို မျက်ဝါးထင်ထင်မြင်လိုက်ရပါတော့တယ်။
ခန့်လဲခန့် လှလဲလှပါတယ်။
ဒါပေမယ့်ကားပေါ်က ဘဲလှမ်းမြင်ခဲ့ရတာမို့ ဘယ်လောက်ကျယ် ဘယ်လောက်ရှည်တယ်ဆိုတာကိုတော့ မစုံစမ်းခဲ့ရပါဘူး။
ရေနံချောင်းဘက်က ကျောက်ဆောင်နဲ့ မကွေးဘက်က ကျောက်ဆောင် ပေါ်မှာမေးတင်ပြီးဆောက်ထားတာပါ။
ရေနံချောင်းဘက်မှာရော မကွေးဘက်မှာရော ချဉ်းကပ်လမ်းအသစ်တွေ ကို လမ်းလုပ်သားတွေက မနေမနားဆောင်ရွက်နေတာကိုမြင်ရတာ အားရစရာပါ။
အောက်ခြေမှာ ကုတ်တွယ်အားလုံးဝမကောင်းတဲ့ သဲပြင်အရှည်ကြီးပေါ်မှာ တံတားခင်းနိုင်တယ်ဆိုတဲ့ စွမ်းပကားကလဲ ဂုဏ်ပြုချီးကျူးစရာပါဘဲ။
သဘာဝဘေးနဲ့ လူစွမ်းဆောင်မူ့အားပြိုင်ပွဲမှာ ဘယ်သူသာမလဲ?
ဒီတောင်ကျချောင်းရေနဲ့ ဒီတံတား အားပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲ?
ဆိုတာကတော့…………………………………………………………………………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

9 comments

  • kopauk mandalay

    January 30, 2011 at 3:25 pm

    ဒီပုံလေးကတော့ ဒေါင်းနေချောင်းမှာ လက်ရှိသုံးနေတဲ့ သဲလမ်းကလေးရဲ့
    အနောက်ဘက်ခြမ်းက သဲပြင်ကြီးကိုမှတ်တမ်းတင်ထားတဲ့ပုံပါ။
    နေအလင်းပြန်တာများတော့ ပုံကသိပ်မထင်ဘူးဖြစ်သွားပါတယ်။

  • ဆူး

    January 30, 2011 at 3:31 pm

    ဒေါင်းနေချောင်း ဖြတ်တဲ့ အချိန် ခံစားချက်ကလေးက တကယ်ကို သရုပ်ကို မြင်စေတယ်။ သဘောကျတယ်။

  • bigcat

    January 30, 2011 at 4:49 pm

    ငတ်တော့မဲ့ လူထုကိုကယ်တင်ဖို့ ကြောင်ကွန်မန်ဒိုတပ်ဖွဲ့ကို တံတားဖျက်ဖို့ လွှတ်လိုက်ရမလား ဦးပေါက်။

  • ဆူး

    January 30, 2011 at 4:57 pm

    လေးပေါက်ကြီး တူမ ပေးတော့မယ် ဆိုတာနဲ့.. ဦးကြောင်ကြီး ဆန္ဒတွေ ဖြည့်ပေးဖို့ အသင့် ရယ်ဒီ လုပ်နေတယ်။

  • Gipsy

    January 30, 2011 at 4:58 pm

    ကျွန်တော်တို့လို ဘုရားဖူး ခရီးသွားတွေအတွက် တသက်တာမမေ့နိုင်စရာပါ….
    ရာသီဥတုသာယာနေပေမဲ့ ရာဇဝင်ကြောင့် ထိတ်ထိတ်လန့်လန့်နဲ့ သဲချောင်းကို မရဲတရဲလေး
    ဖြတ်ခဲ့ကြရတယ်လေ….လွမ်းစရာဖြစ်ရတော့မှာ……
    အားလုံးအန ္တရယ်ကင်းမဲ့အရေးဆိုတော့ ကောင်းပါတယ်ဗျာ………….

  • jarnuu

    January 30, 2011 at 5:32 pm

    ခုဆောက်နေတဲ့တံတားတွေကို ဒီချောင်းပေါ် ရွှေ့လိုက်ရင် ပိုကောင်းမယ်ထင်တယ်

  • ms

    February 9, 2011 at 4:57 am

    ဒီ လုပ်သားလေး တွေတံတားဆောက် တဲ့နေရာမှာ ဝင်လုပ်ကြမှာပါ..ဆောက်တာလည်း အနည်းဆုံး ၂ နှစ် ၃နှစ်ကြာမှာ..

  • char too lan

    February 9, 2011 at 10:49 am

    ငယ်ငယ်တုန်းကတော့မြင်ဖူးတယ် အဲ့ဒီတုန်းက ဒေါင်းသေချောင်းတဲ့ ရာဇဝင်တွေဘာတွေကြားတော့ လန့်တာပေါ့နော် တွေ ့တော့လဲဘာမှ ကြောက်စရာမကောင်းဘူး ပီးတော့ရှိသေးတယ် ဆင်သေချောင်း သူလဲထိုနည်းလည်းကောင်းပဲ ရထားနဲ့ဖြတ်သွားတုန်းက ချောင်းထဲမှာကြက်သွန်နဲ့ တခြားစားပင်တွေတောင် ချောင်းထဲစိုက်ပျိုးကြသေးတယ် 😀

  • kopauk mandalay

    February 9, 2011 at 4:21 pm

    အခုဒီ ဒေါင်းနေချောင်းတံတားသစ်ကြီးကို (5-2-2011)မှာဖွင့်လှစ်လို့ စတင်အသုံးပြုနေပါပြီ။

Leave a Reply