ကျွန်တော် နေ့စဉ်ဘ၀ထဲက အရေးပါတဲ့ နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ သူငယ်ချင်းများ စုဝေးရာ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးကို ညွှန်းဆိုရမှာပါပဲ… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ အချိန်တော်တော်များများကို အဲ့သည့်နေရာလေးမှာ ကုန်ဆုံးစေခဲ့ရလို့ပါပဲ… တစ်နေ့ကို တစ်ခေါက်လောက်မှ မလာလိုက်ရရင် နေလို့ထိုင်လို့မရဘူး လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သူငယ်ချင်းတွေ ကို တွေ့ချင်လို့ လာပါတယ်လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သက်သက်ဂိမ်းကစားချင်လို့ လာတဲ့သူတွေလဲ ရှိရဲ့… ဘယ်လိုပဲ ဆိုဆို ညနေ ၄နာရီ၊ ၅နာရီ ၀န်းကျင်လိုက်ဆိုတာနဲ့ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးက ပုံမှန် စည်ကားနေပါတယ်…

ဂိမ်းဆိုင်လေးကို လာတဲ့လူတွေထဲမှာ အများစုက တော့ ကျွန်တော်တို့လို လူငယ်လူရွယ်တွေက အများဆုံးပါ၊ လူကြီးတွေလဲ နည်းနည်းတော့ ပါပါတယ်… တစ်ခါတစ်လေ အိမ်ကအဆူအဆဲခံပြီး မသိအောင် ထွက်လာကြတဲ့ ကလေးငယ် တွေလဲ ပါပါတယ်…

နေ့စဉ်လိုလို ညနေတိုင်း၊ ညဘက်တိုင်းလိုလို ကျွန်တော်တို့ သူငယ်ချင်းတွေ ဂိမ်းကစားကြပါတယ်… တစ်ခါတစ်လေ ည ၁နာရီ၊ ၂နာရီ အထိတောင် ကစားဖြစ်ကြတယ်… တစ်ခါတစ်လေကျတော့ အဖွဲ့လိုက်စုပြီး သူများဆိုင်တွေသွားကစား ကြတယ်… ပြီးတော့ သူငယ်ချင်းတွေ စုပြီး လက်ဖက်ရည်ဆိုင်ထိုင်၊ စကားစုပြော၊ ကစားပွဲအကြောင်း ပြန်ပြီး ငြင်းခုန်ကြတာပေါ့…

intro တို့ သူငယ်ချင်းတွေတစ်ခါတစ်လေ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ရင် ဂိမ်းကစားပွဲတွေအပြင်၊ ဟိုအကြောင်း ဒီအကြောင်း လေးတွေပါ ပြောဖြစ်ကြတယ်… intro တို့အဖွဲ့ထဲမှာဆို အသက် ၄၀နားကပ်နေတဲ့ အစ်ကိုကြီး နှစ်ယောက် တောင်ပါသေးတယ်… သူတို့လဲ နေ့စဉ် ဂိမ်းစွဲနေတဲ့ လူတွေပါ… ကိုသက်ဆိုရင် သင်္ဘောသား လူပျိုကြီးပေါ့… အပူအပင် လဲ သိတ်မရှိဘူး၊ ဂိမ်းကိုလဲ ချစ်နေတော့ ကျွန်တော်တို့ လူငယ်တွေနဲ့ အဖွဲ့ကျနေတယ်… တစ်ခါတစ်ခါ သူက ဦးဆောင်ပြီး၊ လက်ဖက်ရည်တိုက်တာတို့ ဘောလုံးပွဲ သွားကြည့်တာတို့ လုပ်တတ်ပါသေးတယ်… နောက်တစ်ယောက်ကတော့ ကိုချိုကြီး၊ သူကဘဏ်မန်နေဂျာ တစ်ယောက်ပါ… ပြောရင် ယုံချင်မှတောင် ယုံမှာ၊ သူ့အလုပ်ပြီးတာနဲ့ ညတိုင်း ကျွန်တော်တို့ ဆိုင်လေးကို မပျက်မကွက် ရောက်လာတတ်တဲ့သူပေါ့…

ကျွန်တော်တို့အားလုံး တစ်ညီတစ်ညွတ်တည်း နှစ်သက်ခုံမင်စွာကစားကြတဲ့ ကစားနည်းကတော့ Dota ပါ… ဒီဘက်ခေတ်မှာ သိတ်ကို popular ဖြစ်နေတဲ့ ကစားနည်းတစ်ခုပေါ့… အခြားကစားနည်းတွေထက် ဒီဟာကို ကစားရရင် ထမင်းမေ့ ဟင်းမေ့ဖြစ်ကုန်ကြရော…

ကိုသက်တို့ ကိုချိုကြီးတို့တွေက လူကြီးတွေ ဖြစ်တော့ အားလပ်ချိန်တိုင်း သူတို့ဘ၀ အတွေ့အကြုံ ကို ပြန်ပြောပြတတ်တယ်… တစ်ခါက ကျွန်တော် မှတ်မိပါသေးတယ်… လူမစုံသေးလို့ သူငယ်ချင်းတွေစုပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောမိကြတယ်…

“ငါတို့ တစ်နေ့တစ်နေ့ ဒီလိုပဲ ဂိမ်းဆိုင်မှာ အချိန်ကုန်နေတယ်ကွာ၊ ဒီအစား အကျိုးရှိအောင် တစ်ခုခု လုပ်ကြရင် မကောင်းဘူးလား၊” လို့ ကျွန်တော် အားလုံးကို မေးခဲ့ဘူးတယ်… အဲဒါကို ကျွန်တော်တို့ ထဲက အသက်အကြီးဆုံး ကိုချိုကြီးက

“အေး၊ ဟုတ်တယ်၊ ဒါနဲ့ ပတ်သက်လို့ ငါပြောပြချင်တာ တစ်ခု ရှိတယ်၊ ငါက ငယ်ငယ်လေးထဲက ဒီရပ်ကွက်ထဲမှာ နေလာတာ၊ ငါ့မိဘတွေကလဲ မရှိမရှားတွေ ဆိုတော့ စားဝတ်နေရေးကတော့ သိတ်မပူရဘူးပေါ့ကွာ၊ ငါ မင်းတို့ အရွယ်ကဆို ဒီလို ဂိမ်းဆိုင်တွေ မပေါ်သေးဘူးကွ၊ ညနေဆိုရင် ဟောဟိုဘက်က ကွက်လပ်မှာ ညနေတိုင်း ပိုက်ကျော်ခြင်း စုခတ်ကြတယ်၊ အဲ့သည့်ဟိုဘက်က လမ်းပေါ်မှာကျတော့ ဘောလုံးကန်တယ်ကွာ၊ ဟိုဘိလိယက်ခုံနေရာကျတော့ အရင်က ကလေးတွေ သားရေကွင်းပစ်၊ ထုတ်ဆီးတိုး၊ ဂေါ်လီရိုက်တဲ့ နေရာကွ၊ ညနေဆိုရင်ကွာ၊ မျက်စိကို နောက်နေတာပဲ၊ ကစားကြတာ၊ ငါလဲ ပါတာပေါ့ကွာ… အဲဒါ ငါ အသက် ၂၀ ၀န်းကျင်လောက်ထိပဲကွ၊ နောက်တော့ ငါ့ စင်္ကာပူမှာ အလုပ်သွားလုပ်တယ်ကွာ.. ၆ နှစ်လောက်ကြာသွားတယ်… ပြန်လာတော့ ဒီလိုမျိုးဖြစ်ကုန်တာပဲကွ၊ ငါက ခြင်းခတ်တာ အရမ်းဝါသနာပါတယ်၊ အရင်က ကောင်းကောင်းလဲ ခတ်တတ်တယ်၊ ဒါပေမယ့်ကွာ ဒီ နက်ဝက်ဂိမ်းတွေ ပေါ်လာပြီးတဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အရင်ကလို ခြင်းစုခတ်မယ့်သူတွေ၊ ထုတ်ဆီးတိုးကြမယ့် ကလေးငယ်တွေ၊ မရှိသလောက်ပဲကွ၊ ဘောလုံးဆိုတာလဲ လမ်းထိပ်က ဆိုက်ကားသမားတွေနဲ့ ကလေးတွေလောက်ပဲ ကန်ကြတော့တာ၊ အခုဆိုရင် ဂေါ်လီရိုက်တဲ့ကလေးတွေ၊ ဂျင်ပေါက်တဲ့ကလေးတွေဆိုတာ မရှိကြတော့ဘူး၊ မမြင်ရတော့ဘူးကွ၊ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့သဘောပေါ့ကွာ၊ အရင်တုန်းက အင်တာနက် ဆိုတာ ငါတို့ မသိဘူး၊ ချက်တင် ဆိုတာလဲ နားမလည်ဘူး၊ ၀က်ဆိုက်ကနေ အလုပ်လုပ်တယ်ဆိုတာကတော့ ဝေးပေါ့ကွာ၊ ဂိမ်းဆိုင်တွေလဲ အရင်က တီဗီနဲ့  ကစားရတဲ့ တီဗီဂိမ်းလောက်ပဲ ရှိတယ်… ခုလိုမများဘူးပေါ့ကွာ၊ အခုများတော့ကွာ ကလေးတွေက ကျောင်းက ပြန်လာရင် အရင်လို မကစားကြတော့ဘူး၊ ကျူရှင်နဲ့ အိမ်စာနဲ့၊ ပြီးတော့ မိဘတွေ ကလဲ ကလေးတွေကို လမ်းပေါ်မှာ ထွက်ဆော့ရင် မကြိုက်ချင်ကြတော့ဘူးကွ၊ ဒီတော့ကွာ ကျောင်းနဲ့ ကျူရှင် ပဲဆိုတော့ ကလေးငယ်တွေကလဲ ကစားဖို့အချိန်တွေ နည်းလာတယ်၊ မင်းတို့လို ကျောင်းပြီးသွားတဲ့အရွယ်တွေကျတော့လဲ သင်တန်း တက်ချင်တက်၊ မတတ်ချင်ရင် အလုပ်ခွင်ဝင်၊ ဒီလိုမှ မဟုတ်ရင် အခုလိုပဲ လေနေကြတာပဲလေ၊ အဲ… လေတယ်လို့လဲ ပြောလို့မရဘူးကွ၊ တစ်ခြား လုပ်စရာမှ မရှိတာ၊ intro တို့၊ silent တို့ ကျတော့ တက်ချင်တဲ့ သင်တန်းလေးတက်လိုက် ပြီးရင် ဒီကိုပဲလာလိုက်၊ ကိုသက်တို့ ငါတို့ကျတော့လဲ အချိန်တွေက ပိုနေတာကွ အဲသည့်တော့ကွာ လွယ်လွယ်ကူကူ အပျင်းပြေနိုင်တဲ့ ဒီကိုပဲလာပြီး လေနေရတာပေါ့ကွာ၊ ပြောချင်တာက ငါတို့တွေ တခြား ရွေးစရာoption သိတ်မရှိတော့ဘူးကွ၊ ဒီလိုပဲ ငါက မြင်တယ်… ခေတ်ကိုက ပြောင်းလဲနေတာပါကွာ၊ မိန်းကလေးတွေဆို ပိုဆိုးတယ်၊ အရွယ်လေးရောက်လာရင် မင်းတို့ကမှ တော်သေးတယ်၊ သူတို့ကျတော့ ဘာသွားလုပ်မလဲ၊ အဲသည့်တော့ လွယ်လွယ်ကူကူ အိနြေ္ဒရတဲ့ အင်တာနက်ဆိုင်ပဲသွားကုန်ကြတောပေါ့ကွာ၊ သူတို့ကျတော့ မင်းတို့လို ဂိမ်းဆိုင်လာလို့လဲ ဘယ်သင့်တော်ပါ့မလဲ၊ ကဲ intro မင်းမေးတဲ့ မေးခွန်းကို ငါ ပြန်မေးမယ်၊ မင်းက ကျောင်းတက်တယ်၊ သင်တန်းတက်တယ် ဆိုတာ တစ်နေကုန် မလုပ်နိုင်ပါဘူးကွာ၊ လူငယ်တစ်ယောက်အနေနဲ့ စိတ်ကို relax လုပ်မယ်ဆိုရင် ဦးချစ်ဆိုင်မလာနဲ့ကွာ၊ မင်းဘာလုပ်မလဲ ခြင်းခတ်မှာလား၊ ဘောလုံးကန်မှာလား၊ အေး၊ ကန်ချင်ရင် ဘယ်နေရာမှာ သွားကန်မလဲ၊ မင်းနဲ့ ဘယ်သူတွေ ပါမလဲ၊ မင်း ဒီ ဂိမ်းကို မဆော့ဘူးဆိုရင် ဒီရပ်ကွက်ပုံစံနဲ့ မင်းတစ်ခြား ဘယ်အားကစားနဲ့ စိတ်အပန်းဖြေမလဲ? Do you have other options?

အင်း၊ ကျွန်တော့်အတွက်ကတော့ ဒါပဲ အဆင်ပြေဆုံးဖြစ်နေတယ်၊ ကိုချိုကြီးရာ

အေး၊ ငါလဲ ဒီလိုပဲ ခုနေများ အရင်လို ခြင်းကွင်းလေးနဲ့ ခြင်းလေးခတ်လိုက်၊ ဘောလုံးလေးကန်လိုက်၊ နေရရင် ငါ ဒီကို လာဖြစ်ချင်မှ လာဖြစ်မှာကွ၊ ခုတော့ ဒါမလုပ်ရရင် တစ်ခြားဘာမှ လုပ်စရာမရှိဘူးဖြစ်နေလို့ဟေ့၊ ဒါပေမယ့်ကွာ ကလေးငယ်တွေ ထုတ်ဆီးတိုးလိုက်၊ ဂျင်ပေါက်လောက်၊ ဂေါ်လီရိုက်လိုက် မြင်ကွင်းကတော့ နောက်ထပ် မြင်လာစရာ အကြောင်းကို မရှိဘူး ငါ့ညီလေးတွေရေ့…. ဒါကြောင့်လဲ မင်းတို့အစ်ကိုကြီး ငါ ဒီလိုလေနေရတာဟေ့… သိပြီလား”

About intro

Lionel Intro has written 162 post in this Website..