စိန္တီသုတ်

bigbirdJanuary 30, 20111min540

ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ သူမိုက်ဟု သိကြောင်း အမှတ် ‘နိမိတ်’၊ သူမိုက် ဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန်’ တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်း ဟူမူ- ရဟန်းတို့ ဤလောက၌ သူမိုက်သည် ၁… မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ၂… မကောင်းသော စကားကိုလည်း ပြောလေ့ရှိ၏၊ ၃… မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ သူမိုက်သည် မကောင်းသော အကြံကိုလည်း အကယ်၍ ကြံလေ့ မရှိငြားအံ့၊ မကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ မကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့မရှိငြားအံ့၊ ထိုသူကို ”ဤသူကား သူမိုက် သူယုတ်တည်း” ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင်ကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုသူမိုက်ကို ”ဤသူကား သူမိုက်သူယုတ်တည်း” ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် သူမိုက်၏ သူမိုက် ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ သူမိုက် ဟု သိကြောင်း အမှတ် ‘နိမိတ်’၊ သူမိုက် ဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန်’ တို့ ပေတည်း။ ရဟန်းတို့ ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း ‘လက္ခဏာ’၊ ပညာရှိပေဟု သိကြောင်း အမှတ်’နိမိတ်’၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန်’ တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ပညာရှိသည် ၁… ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ၂… ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ ၃… ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ ပညာရှိသည် ကောင်းသော အကြံကိုလည်း အကယ်၍ ကြံစည်လေ့ မရှိငြားအံ့၊ ကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ ကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့ မရှိငြားအံ့၊ ထိုသူကို ”ဤသူကား ပညာရှိ သူတော်ကောင်း တည်း” ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင် ကြောင့် ပညာရှိ သည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆို လေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုပညာရှိကို ”ဤသူကား ပညာရှိ သူတော်ကောင်း တည်း” ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် ပညာရှိ၏ ပညာရှိ ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ ပညာရှိဟု သိကြောင်း အမှတ် ‘နိမိတ်’၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန်’ တို့တည်း။