လူနဲ့ကျောက် (လူထုဒေါ်အမာ)

snowJanuary 30, 20111min721

( လူထုဒေါ်အမာ ရေးခဲ့တဲ့စာလေးပါပဲ သူ့စာအုပ်ဖတ်နေတာဆိုတော့ ပြန်ပြီး မျှဝေချင်စရာတွေက အများကြီးပဲ လူတွေအားလုံးအတွက် တကယ် အဖိုးတန်တဲ့စာလေးတွေမို့ ဖတ်ကြည့်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်)

လူနဲ့ကျောက်

အမေတို့နိုင်ငံက မြေကြ်ီးထဲကနေပြီး အလွန်အဖိုးတန်အလွန်လှပပြီး မြင်တဲ့သူတိုင်းမက်မောနှစ်သက်ရတဲ့ကျောက်မျက်ရတနာတွေထွက်တဲ့နိုင်ငံပါ။တစ်မျိုးမက အမျိုးမျိုး နေရာတော်တော်များများက ထွက်ပါတယ်။ပတ္တမြား၊ကျောက်နီ၊ကျောက်စိမ်း၊ နီလာ၊ မြ စတာတွေအမေတို့မြေထဲက ထွက်နေတာပါ။
ဒါကြောင့် ကျောက်ကို တန်ဖိုးဖြတ်တဲ့စကား၊ ကျောက်ကို အကဲဖြတ်တဲ့ စကားလုံးတွေလည်း အများကြီး အမေတို့မှာရှိတယ်။ ကျောက်တစ်လုံးရဲ့အရည်အချင်းတဲ့ ။ အရည်ဆိုတာက သူ့မှာပါတဲ့ အရောင်အသွေးကို ပြောတာပါ။ အချင်းဆိုတာက ဒီကျောက်ရဲ့အကြီးအသေး ပမာဏကို ပြောတာပါ။ ဘာရောင်နဲ့ ဘယ်အရွယ် ကျောက်တို့ပေါ့။
ကျောက်ရဲ့အရည်အရောင် တဲ့ အရည်ဆိုတာက ကျောက်သားတွင်းမှာ ပါလာတဲ့ မူလပါ အရောင်အနုအရင့်။ အရောင်ဆိုတာက အဲဒီအရောင်က ပြင်ပကို ဖောက်ထွင်းထွက်လာတဲ့အနေအထား။ အဲဒီဟာနှစ်ခုက ကျောက်တစ်လုံးရဲ့ အသွေးကို ခန့်မှန်းပြောဆိုတာပဲ။
ကျောက်ရဲ့ အရည်အသွေး ဆိုတဲ့စကားလည်းရှိသေးတယ်။ အဲဒါကတော့ ကျောက်တစ်လုံးရဲ့ပါတဲ့အရောင်နဲ့ ဒီမူလအရောင်ကို ပိုမိုတောက်ပြောင် အရောင်ပိုထွက်လာအောင် ကျောက်ရဲ့အခွံပိုင်းကို သွေးပစ်ပြီး သူ့ရှိသမျှ လူက အကုန်မြင်ရအောင် ပြုပြင်ပေးထားလို့ ဖြစ်ပေါ်လာတဲ့ အနေအထားကို ပြောတာပါ။
မြေထဲက ထွက်လာတဲ့ ကျောက်တစ်လုံးဟာ သူ့မြေအောက်ကျောက်သက်တမ်းနဲ့ သူ့အနေအထား အရ အရောင်အသွေးက သူ့အထဲမှာ အမျိုးမျိုးဖြစ်တည်နေတယ်။ နုတာ၊ ရင့်တာ၊ ပျော့တာ၊ မာတာ၊ငုပ်နေတာ၊ ပေါ်နေတာ စသဖြင့် အမျိုးမျိုး။ အဲဒါကို လူက သေသေချာချာ ကြည့်ရှုအကဲခတ်ပြီး မူလရှိရင်းစွဲကို အစွမ်းကုန်ပေါ်လွင်အောင် ရှိရ့င်းထက် ပိုပြီး ထွက်လာနိုင်အောင် လူ့အစွမ်းနဲ့ ဖေးမကူညီပြီး လှသည်ထက် လှအောင် လုပ်ပေးတာ။ ဒါမှ ကျောက်က အဖိုးတန်သည်ထက် ပိုတန်လာမယ် ဟုတ်လား။
အဲဒီလိုရှိရာမှာ အမေတို့လူသားကျတော့လည်း လူ့တန်ဖိုးကို အကဲဖြတ်ရာမှာ ကျောက်နဲ့ထပ်တူ သုံးနှုန်းပြောဆိုတယ်။ လူ့အရည်အသွေး၊ လူ့အရည်အရောင်၊ လူ့အရည်အချင်းဆိုပြီး လူကို ကျောက်လိုပဲသုံးစွဲပါတယ်။
တကယ်ကတော့ ကျောက်နဲ့လူမှာ လူက ကျောက်ထက်ပဲ ပိုလို့ တန်ဖိုးရှိရမှာ ဟုတ်လား။ ကျောက်တစ်လုံး အဖိုးတန်လှပါတယ်ဆိုရင် ပြည်တန်တဲ့ပတ္တမြားလို့ သုံးနှုန်းပြောဆိုကြတယ်။ အဲဒါကမ်းကုန်ရော။ လူတစ်ယောက် တကယ်ပဲ တန်ဖိုးရှိလာအောင် လုပ်ဆောင်လာတဲ့အခါတော့ ဘယ်မှာ တိုင်းပြည်တစ်ပြည်နဲ့လဲနိုင်ပါ့မလဲ။
လူ့ အရည်အချင်း၊ လူ့အရည်အသွေး နဲ့ လူ့အရည်အရောင်က အတိုင်းအဆမရှိဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားတွေ လူထဲမှာ ရှိပါတယ်။
ဒါကြောင့် လူငယ်တွေကို အမေက ပြောချင်တယ်။ မင်းတို့လူငယ်တွေ လူ့အဖိုးတန်၊ လူတော်လူကောင်းလေးတွေဖြစ်အောင် ကြိုးစားကြ၊ လူမှာ သုံးမကုန်တဲ့အစွမ်းအစတွေ၊ အသိဉာဏ်တွေရှိတယ်။ အဲဒီ အစွမ်းအစကို မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့ပဲ လိုတယ်။ မှန်ကန်ဖို့ကတော့ ကိုယ့်မှာ နှိုုင်းချိန်စဉ်းစားတတ်တဲ့သဘောထားရှိရမှာပေါ့။
တချို့လူငယ်တွေက ကိုယ်လူဖြစ်တဲ့အခါ ဖြတ်လမ်းကနေပြီး ထင်ပေါ်ကျော်ကြား လူသိများ လူကြိုက်များသူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်။ လှချင်ပချင်တယ်။ ပတ်ဘလစ်မှာ ပေါ်ပြူလာဖြစ်ချင်တယ်။ ဒါကြောင့် အဲဒီအတွက် လွဲမှားတဲ့အားထုတ်မှုတွေပြုလာတတ်တယ်။
မင်းတို့ စာများများဖတ်လာတဲ့အခါ လူ့တန်ဖုးိဆိုတာ ဘယ်လိုဟာဆိုတာကို သိလာလိမ့်မယ်။ သိတဲ့အခါ ရှိအောင်လုပ်ယူရတယ်။ အလကားနေရင်း ဖြစ်လာတာ မဟုတ်ဘူး။ လူမှာ လူ့ကိစ္စအဝဝကို လုပ်ဆောင်တော့မယ်ဆိုတော့ သတ္တိ ဗျတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံနိုင်ရည်ဆိုတာတွေ ရှိနေအောင် မွေးရပါတယ်။ ဒီအတိုင်း ပေ့ါပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါး နေချင်သူတစ်ယောက်မှာ ဒီလိုစိတ်ထားတွေက အလိုလို ဝင်မလာဘူး။ အားမထုတ် မကြိုးစားဘဲနဲ့ ရေစုန်မျှောလိုက်ချင်တာ၊ လှေကြုံစီးလိုက်ချင်တာ ဆိုတာမျိုးတွေဖြစ်လာ ဝင်လာတယ်။ လူ့စိတ်ဟာ ရေလိုပါပဲ။ မြင့်ရာကို ဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ကျရာကို စီးဆင်းချင်ရင် အလိုလိုစီးဆင်းပါတယ်။
ပြီးတော့ လူမှာစိတ်ကောင်းနှလုံးကောင်းမွေးရတယ်။ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ ပျော့ညံ့တဲ့စိတ်ကို သူများအတွက် င့ါကိုယ်ကျိုး အနစ်နာခံမယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့တိုက်ရတယ်။ ဘာလို့တုန်းဆိုတော့ မင်းက တိရစာ္ဆန်မှ မဟုတ်ဘဲ။ လူသား မဟုတ်လား။
တိရစာ္ဆန်ကတော့ ကိုယ်က အင်အားသာတယ်။ ယှဉ်လိုက်ရင် ကိုယ်နိုင်မယ်ဆိုတာသိရင် အနိုင်ကျင့်တယ်။ လုယက်စားတယ်။ ခုခံတဲ့တစ်ဖက်သားကို အသေအလဲ ထိုးနှက်ကိုက်ဖဲ့ခဲ့တယ်။ လူသားကတော့ ကိုယ့်ထက် အားနည်းသူကို တွေ့ရင် ကရုဏာ မေတ္တာစိတ်နဲ့ သနားပါတယ်။ ချို့တဲ့ရှာတယ်ဆိုပြီး ညှာတာလိုက်တယ်။ ကိုယ်က အနစ်နာခံလိုက်တယ်။ ကိုယ်ကျိုးကို စွန့်လိုက်တယ်။
အလုပ်နဲ့ပက်သက်လို့ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်လုပ်ရမယ့် ဝတ္တရား၊ ကိုယ်လုပ်ရမယ့် တာဝန်ကျပြန်တော့လည်း မခိုမကပ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ သတ္တိ ဗျတ္တိ သုံးပြီးလုပ်ကြရတယ်။ ဒါမှ စစ်မှန်တဲ့လူသား။
အဲဒီလိုစိတ်မျိုးရှိနေအောင် စာတွေဖတ်ပါ။ စိတ်ကောင်းမွေးပါ။ လူ့အရည်အချင်း၊ လူ့အရည်အသွေး၊ လူ့အရည်အရောင် တက်သည်ထက် တက်အောင် လုပ်ဆောင်ပါ။ ကျောက်ကလေး တစ်စေ့ကို တောင်မှ အရှိအတိုင်းမထားဘဲ လူက ကြိုးစားလုပ်ဆောင်သေးတာ။ ကျောက်ထက် အဖိုးတန်တဲ့ လူရင့်မကြိီးအတွက် သိပ်လုပ်ဖို့လိုတာပေါ့။
ဒါကြောင့် လူငယ်တွေ စာများများဖတ်၊ လူပီသအောင်ကြိုးစား၊ သဘောထားမှန်အောင် လုပ်ကြကွယ်။ လူဟာ သစ္စာတရားအတွက် ရွက်ဆောင်နိုင်တဲ့ စွမ်းအားတွေ ခန့်မှန်းလို့မကုန်နိုင်အောင် ရှိတယ်ကွယ်။

ကလျာမဂ္ဂဇင်း၊ နို်ဝင်ဘာလ၊ ၂၀၀ဝ ပြည့်
(လူထုဒေါ်အမာ)

One comment

  • htoopa

    January 31, 2011 at 10:59 am

    တစ်ချို့ကတော့ စာဖတ်တဲ့အလေ့မရှိတော့ လူ့တန်ဖိုး ကျသွားတာဖြစ်မယ်..
    တစ်ချို့ကလည်း စာဖတ်ပေမယ့် တိုးတိုးပြီး အကျိုးရှိမယ့်စာမျိုး ရွေးဖတ်တတ်ရမှာကို ငယ်ငယ်ကဖတ်တဲ့ ကာတွန်းပဲဖက်တွယ်ပြီး အသက်ကြီးတဲ့အထိ ဟာသနဲ့ကာတွန်းလောက်ပဲ ကြိုက်တဲ့သူမျိုးလည်း ရှိတယ်
    စာဖတ်တဲ့ ပညာရှိတွေ (ပညာတတ်မဟုတ်ဘူးနော်) ကတော့ တစ်ရက်ထက် တစ်ရက် တစ်နေ့ထက်တစ်နေ့ အသက်တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး လေးနက်လို့ လေးစားကြည်ညိုစရာ လူတွေဖြစ်လာတယ်..

Leave a Reply