“ကဗျာအစ ကန်သာက”

ဆယ်တန်းကျောင်းသားဘဝမှာ မြန်မာစာ ဆရာက ပြောခဲ့ဘူးတဲ့စကားလေးပါ။

ကျွန်တော်တို့ မြန်မာကဗျာအငွေ့အသက်အစလို့ပြောနိုင်တဲ့ကဗျာလေးကတော့

ပုဂံခေတ်မှာ စတင်တွေ့ရှိခဲ့တဲ့ ” မြကန်သာ “လင်္ကာလေးလို့ သိခဲ့ရဘူးပါတယ်။

“ဲမြကန်သာ၊

တောင်ကျချောင်းတေး၊

ရေဝင်ပြေးလှည့်

ရေအေးကြည်သာ၊

ကန်ပိုင်မာလျက်၊

ကြာပေါင်းထုံထုံ၊

ှုှငှက်မျိုးစုံသည်၊

ဘုံဝတိန်သာ၊

နန္ဒာပေလော၊

တူစွဟုတ္တာ”

ဆိုတဲ့လင်္ကာအတိုလေးပါဘဲ။

ဆိုလိုရင်းအဓိပ္ပါယ်ကလဲ ရှင်းရှင်းလေးပါဘဲ။

မြကန်သာလို့ အမည်ရတဲ့ တောင်ကျချောင်းလေးရဲ့သီချင်းလေးပါတဲ့။

တောင်ကျချောင်းရေအေးအေးလေတွေက ခိုင်မာတဲ့ကန်ပေါင်ရိုးရှိတဲ့ ကန်လေးထဲကိုပြေးဝင်လို့လာပါသတဲ့။

ကန်ထဲမှာ တော့ ယနံ့သင်းထုံတဲ့ ကြာပင်အမျိုးမျိုးလဲရှိ၊မှီတင်းနေထိုင်ကြတဲ့ ငှက်အမျုးိပေါင်းကလဲ အစုံစုံနဲ့ဆိုတော့

သာယာပုံကိုနိုင်းရမယ်ဆိုရင် တော့ တာဝတိန်သာ နတ်ပြည်မှာရှိတဲ့ နန္ဒာကန်အတိုင်းပါဘဲလို့ ဆိုလိုပါသတဲ့။

ဒုတိယမြောက်တွေ့ရတဲ့ ကဗျာလေးကတော့ “သိုးကလေ” အစချီတဲ့ ပုပ္ပါးတောင်ဖွဲ့ ကဗျာလေးဖြစ်ပါတယ်။

ပုပ္ပါးနတ်တောင်လို့ အမည်ပေးထားပြီး ဒီကဗျာလေး(လင်္ကာ)လေး စတင်ချိန်ကတော့ အတိအကျမသိပေမယ့်

သက္ကရာဇ် 400နဲ့ 500အတွင်း ပုဂံခေတ်က လို့ ဖတ်ရဘူးပါတယ်။

“ပုပ္ပါးနတ်တောင်”

သိုးကလေ…………

ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား

စုံတောပြား၌ ၊နှံ့ရှားကြိုင်လွင့်

ခါတန်ပွင့်သည်၊ရွှေနှင့်ယိုးမှားပန်းစကား၊

သိုးကလေ…………

စကားပွင့်နှင့်၊နိုင်းတင့်နိုးသည်၊

ရဲမျိုးသမီး၊မောင်ကြီးနှမ၊

ညက်လှပြာစင်၊မဲ့သည်ပင်သား ခရီးသား။

သိုးကလေ…………

မြိတ်စုလွတ်လည်း၊အငယ်ကတည်းက၊

ကျွမ်းဝင်ကြသည်၊မွေးဖတူရင်း

မျိုးသည်မင်းနှင့်၊ချစ်ခြင်းစုရုံး၊

သက်ထက်ဆုံးသည်၊

နှလုံးမခြားစောင့်တရား၊

ဆွေမိမင်း၊

မျက်သုတ်နီစင်၊ရထည်းဖျင်နှင့်၊

ကျိုင်းစင်မြဝါ မတ်ကြီးလျာကို

မယ်သာကြိုက်မိတုမယှိ။

ဒီကဗျာမှာ ပါတဲ့ သိုးကလေ………… ဆိုတဲ့စကားလေးကို ဖတ်ရတော့ အခုခေတ်မိန်းကလေးများ

မီးကလေ…………လို့ပြောတဲ့အသံကိုနားထဲမှာကြားလာမိပါတယ်။

ဒီကဗျာလေးကတော့ အမျုးိမြင့်တဲ့ အမတ်ကြီးဖြစ်လာမယ့် သူကို ချစ်ကြိုက်မိတဲ့

အမျုးိသမီးငယ်လေးတစ်ယောက်ရဲ့ ခံစားချက်ကလေးကို လှလှပပလေးတင်ပြထားတဲ့ကဗျာလေးဖြစ်ပါတယ်။

ဒီကဗျာအစမှာ ကာရန်အချိတ်အဆက် မမိ မိအောင်ဇွတ်လိုက်ချိတ်မထားပါဘူး။

ဒါပေမယ့် ရွတ်ဆိုရတာ အသံသာပါတယ်။

မြန်မာကဗျာတွေထဲမှာ ရှေးကျတဲ့ကဗျာဖြစ်ပေမယ့် ဒီကဗျာမှာ ပါတဲ့ အတွေး စာသားလေးတွေက အခုထိခေတ်မှီနေဆဲကဗျာလေးကတော့

“အနန္တသူရိယအမတ်ကြီး” သက္ကရာဇ် 536ခုနှစ်ခန့်လောက်က နရပတိစည်သူမင်းက သူ့ကို ကွပ်မျက်အဆုံးစီရင်ခါနီးမှာ

လက်တန်းရေးဖွဲ့ခဲ့တယ်လို့ မှတ်သားခဲ့ရဘူးတဲ့ကဗျာလေးပါဘဲ။

ကဗျာလေးနာမယ်ကတော့

“ဓမ္မတာ ”

သူလည်းတစ်ယောက်၊ကောင်းဘို့ရောက်မူ၊

သူတစ်ယောက်မှာ ပျက်လင့်ကာသာ ၊

ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ကြငန်းလည်းခံ၊

မတ်ပေါင်းရံလျက်၊ပျော်စံရိပ်ငြိမ်၊

စည်းစိမ်မကွာ၊မင်းချမ်းသာကား၊

သမုဒ္ဒရာ၊ရေမျက်နှာထက်

ခဏတက်သည့်၊ရေပွက်ပမာ၊တသက်လျှာတည်း။

ကြင်နာသနား၊ငါ့အားမသတ်၊

ယခုလွှတ်လည်း၊မလွတ်ကြမ္မာ၊

လူတကာတို့၊ခန္ဓာခိုင်ကျည်၊

အတည်မမြဲ၊ဖောက်လှဲတတ်သည်၊

မချွတ်သော သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ပူဇော်အကျွန်၊ပန်ခဲ့တုံ၏၊

ခိုက်ကြုံဝိပါက်၊သံသာစက်၌၊

ကြိုက်လတ်ထွန်မူ၊တုံ့မယူလို၊

ကြည်ညိုစိတ်သန်၊သခင်မွန်ကို၊

ချန်ဘိစစ်စစ်၊အပြစ်မဲ့ရေး၊

ခွင့်လျှင်ပေး၏၊သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။

ဒီကဗျာလေးကိုတော့ အားလုံးသိပြီးဖြစ်လို့ အနက်မပြန်တော့ပါဘူး။

ဖတ်ဘူးသူ သိဘူူးသူတွေရှိမှာအမှန်ဖြစ်ပေမယ့် မသိသေးသောသူများအတွက်ပြန်လည်ကူူးယူတင်ပြပေးလိုက်ပါတယ်။

(ကိုပေါက်ကဗျာတွေကိုပြန်လေ့လာနေပါတယ်။)

2 comments

  • weiwei

    January 30, 2011 at 6:25 pm

    မြကန်သာကဗျာကတော့ ကျွန်မနဲ့ အကျိုးပေးတယ်ပြောရမယ် …
    အဲဒီကဗျာကို တရုတ်လိုဘာသာပြန်ပြီး ကဗျာရွတ်ပွဲမှာ ဝင်ပြိုင်လိုက်တာ ပထမဆု ရဖူးတယ် ..
    အသံထွက်တာ သိပ်မမှန်လို့ မှားတဲ့နေရာကို အခေါက်တစ်ထောင်တောင်ဆိုပြီး လေ့ကျင့်ခဲ့ရဖူးတယ် …

  • လေးပေါက်
    ဆရာ လုပ်တယ်လို့တော့ မထင်ပါနဲ့နော်။ ပုပ္ပားနတ်တောင် ကဗျာကလေ ကျွှန်တော်တို့ ဆယ်တန်းတုန်းက “ရွှေနှင့်ယိုးမှား ပန်းစကား”ဆိုပြီးတော့ သင်ရတယ်။ ဘယ်ဟာ အမှန်လဲမသိဘူး သိတဲ့လူရှိရင်လည်း ရှင်းပြကြပါဦး။ ပြီးတော့ ” သူလည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ” က “လည်း” မဟုတ်ပါဘူး”တည်း”ပါ ” သူတည်းတစ်ယောက်” ဆိုမှ မှန်မှာပါ။

Leave a Reply