အယ်ဒီတာ့သင်ပုန်း-ဒီဇင်ဘာ ၂၀၀၉ မန္တလေးဂေဇက် အတွဲ၄။အမှတ်၂

kaiDecember 13, 20091min1746

ယေဓမ္မာ ဟေတုပ္ပ ဘဝါ
အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။
ကြောင်းကျိုးဆက်စပ်ဖြစ်ပျက်သည်ကို ဖွင့်ပြသော လွန်ခဲ့သည် နှစ် (၂၆၀၀)ကျော်ကဂါထာဖြစ်သည်။

ဤနေစကြာဝဠာ၏ အသေးဆုံးသော အက်တမ်မှသည် အကြီးဆုံးသူရိယနေမင်းအထိ အကြောင်းအကျိုးဆက်စပ်ဟပ်စွာ ဗရမ်းဗတာထဲမှ စီစဉ်ကျန စံနစ်တကျ ရပ်တည်ဖြစ်ပျက်နေကြခြင်းဖြစ်သည်။ ထို ့ကြောင့် ဤအရာတို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းသည်၊ အလိုတော်အတိုင်းဖြစ်သည်ဟုလည်း ပညတ်သမုတ်ကြသည်ဖြစ်ပါသည်။

ကုန်လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ပိုးမွှား၊တိရိ စ္ဆာန်၊သစ်ပင်၊မြက်ပင်အရည်အတွက် ဘီလီယန်ချီ သေကြေပျက်စီးပြီး ကျန်ရစ်သောရုပ်ကြွင်းများကို ကျောက်လွှာ၊မြေထုအဆင့်ဆင့်တွင် ဖိနှိပ်စိသိပ်ခံရသောအခါ ယခုခေတ်တွင် ရုပ်ကြွင်းအရည်၊ ရေနံ၊ ဓါတ်ငွေ့များအဖြစ် တွေ့မြင်ကြရသည်။ အဆိုပါ ဘီလီယန်ချီသော အသက်သွေးသားတို့သည် ယခုအခါတွင် လူသားဦးရေ(၆)ဘီလီယန်ကျော်ကို အလုပ်အကြွေးပြုနေသည် ဆိုနိုင်မည်ဖြစ်သည်။ (Biogenic Theory) ကို အခြေခံပြောခြင်းဖြစ်ပါသည်။( (Abiogenic Theory)အရ အသစ်တဖန် ဆိုနေကြသည်ရှိ၏။ ရေနံ၊ဓါတ်ငွေ့ဟူသည် ကမ္ဘာမြေ၏ နက်ရှိုင်းသည့်အတွင်းပိုင်းမှလာသော လက်ဆောင်ပဏ္ဍာဟု ဆိုလေသည်။
မည်သို့ဆိုကြစေ..ရေနံ၊ဓါတ်ငွေတို့မှ စွမ်းအင်ကိုထုတ်ယူ၍ လူနေမှုလူ့ဘောင် အဆင်ပြေအောင် တိုးတက်မြင့်မားအောင် ကြံဆောင်ခဲ့ကြ၊နေကြသည်ဖြစ်ပါသည်။ ဤရာစုနှစ်တွင် ရေနံ၊သဘာဝဓါတ်ငွေ့နှင့် ဘေးထုတ်ပစ္စည်းများတို ့မှ ကင်းကွာသော လူသားဘဝဟူသည် မရှိစကောင်း..။
အဆိုပါရုပ်ကြွင်းရည်တို ့ကို အဆင့်ဆင့် ပြောင်းချက်ယူသောအခါ  ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ပလပ်စတစ်၊ဖယောင်း၊ကတ္တရာစသဖြင့်ရရှိသည်။ ရုပ်ကြွင်းလောင်စာ လောင်မြိုက်သောအခါ ထွက်လာသော အပူစွမ်းအင်ကို လူဘောင်ဘဝ၏ အခြေခံစွမ်းအင်အဖြစ်သုံးကြသည်။ တနေရာမှ တနေရာရွှေ့ပြောင်းသောအခါတွင်သုံးကြသော ကား၊ သင်္ဘော၊လေယဉ်တို ့သည်ထင်ရှားမြင်သာသော လောင်စာမြို ယန္တယားများဖြစ်ကုန်၏။ ရုပ်ကြွင်းသီအိုရီမှ အရကောက်မူ အဆိုပါစွမ်းအင်တို ့သည် သက်သတ်လွတ်ခြင်း(အသက်ကိုသတ်ခြင်းမှ ကင်းလွတ်ခြင်း)ရှိသည်ဆိုနိုင်ငြားသော်လည်း သက်သေလွတ်ခြင်း(အသက်တို ့သေကြေကြခြင်းမှ လွတ်ကင်းခြင်း)ကား ကင်းသည်မဟုတ်..။အသက်သွေးသားတို ့ဖြစ်တည်ဆောက်ယူထားသည် ဆိုထားလေသတည်း..။

ဓါတ်ဆီ၊ ဒီဇယ်ဆီ တို ့ပေါက်ကွဲလောင်မြိုက်ပြီးသောအခါ လေထုထဲ အများဆုံးထုတ်လွှတ်ဖြစ်နေသည်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် ယခုခေတ်၏ပူနွေးလာနေသော ကမ္ဘာ့အတိုင်းအတာ ပူပင်မှုကြီးအတွက် အဓိက(တရားခံ)ဇတ်ဆောင်ဖြစ်သည်ဆိုပါသည်။ လူတို ့၏ စက်မှုတော်လှန်ရေးနောက်ပိုင်းကာလများတွင် ကာဗွန်ဒိုင်အောက်ဆိုက် လေထုထဲပို ့လွတ်မှုသည် အဆပေါင်းများစွာမြင့်တက်ခဲ့သည်ဆိုကြပါသည်။
ဒီဇင်ဘာ ရ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂင်န်မြို ့တွင် ကုလသမဂ္ဂမှ ကြီးမှုးပြီး ကမ္ဘာပူနွေးနေမူအတွက် အဖြေရှာရန် အစည်းအဝေးကျင်းပနေသည်။ ရက်သတ္တ(၂)ပါတ်ကြာသည့်အဆိုပါအစည်းအဝေးသို့ နိုင်ငံပေါင်း(၁၉၂)နိုင်ငံမှအကြီးအကဲ ကိုယ်စားလှယ်များတက်ရောက်ကြသည်။ကမ္ဘာ့လူသားထု၏ခေါင်းဆောင်များ အစည်းအဝေးခေါ်ယူကာ အဖြေ“ထ”ရှာကြရသည်အထိ မည်သည့်ဘေးထွက် ကပ်ဘေးဒုက္ခများဖြစ်ကြလေသနည်း..။

အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကြပါကုန်၏။
လူသားတို ့၏လက်ချက်ကြောင့် ကမ္ဘာ့အပူချိန်သည် ပြီးခဲ့သော နှစ်၁၀ဝ အတွင်းပျမ်းမျှ(၁.၄)ဒီဂရီဖာရင်ဟိုက်တက်ခဲ့သည်ဆိုပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက်လေထုတွင် ပါဝင်နှုန်းမှာ ယခုနှစ်တွင် (၃၈၄.၃၈) ပီပီအမ် ဖြစ်နေသဖြင့် ပြီးခဲ့သည့်နှစ် (၆၅၀၀၀၀) ကာလအတွင်း(၂၅)ရာခိုင်နှုန်းပိုလာသည်ဆိုသည်။ ဖန်လုံအိမ်အကျိုးရလဒ်အဖြစ် အာတိတ်နှင့်အန္နာတိကတွင် ရေခဲထုများ ကျိုးပြတ်ပျော်ကျနေသည်ကို သတင်းများတွင်တွေ့ကြရသည်။
အမေရိကန်ပြည်ထောင်စု၏ ကယ်လီဖိုးနီးယားတွင် သမိုင်းစံချိန်ချိုးနိုင်သော တောမီးကြီးများ နှစ်စဉ်လောင်သည်။ မကြုံစဖူး ပြင်းထန်ကြမ်းတမ်းသည့်မုန်တိုင်းကြီးများ ကမ္ဘာအနှံ့တိုက်ခိုက်မွှေခတ်သည်။ မိုးခေါင်ခြင်းးနှင့်ရေကြီးခြင်းလည်း ဖြစ်ချင်သည့်နေရာတွင် ဖြစ်ချင်သလိုဖြစ်နေလေသည်။ကိုပန်ဟေဂင်န်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ဆယ်စုနှစ်ကာလ ၂ ခုအကြား ရာသီ ဥတုဖေါက်ပြန်မူ ဒဏ်ကို အဆိုးရွားဆုံးခံရသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ ဒုတိယ နေရာသို ့ရောက်ရှိနေပါသည်။ မိခင်သဘာဝ၏ နှစ်ရာပေါင်းများစွာ မျက်နှာသာပေးခဲ့ခြင်းမှ ကွယ်ခဲ့ပြီဆိုရလေမည်ဖြစ်ပါသည်။
တောင်၊မြောက်ဝင်ရိုးစွန်းတို ့ရှိရေခဲထုတောင်ကြီးများ အရေပျော်မှုကြောင့် လာမည် ့နှစ်တရာတွင် ပင်လယ်သမုဒ္ဒရာရေသည် ၁မီတာကျော် တက်လာတော့မည်ဆိုပါသည်။ အဆိုပါ ပင်လယ်ရေတက်ခြင်းသည် မြန်မာပြည်၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊မဲခေါင်မြစ်ဝှမ်း၊ဘန်ကောက်မြို ့ကြီးတို့ကို ရေလွှမ်းမိုးနိုင်လောက်သော အခြေအနေရောက်နိုင်သည်။ ဖြစ်ပျက်ကြောင်းကျိုးအားလုံး ကမ္ဘာအတိုင်းအတာနှင် ့ဖိနေသည်ဖြစ်ပေရာ မိခင်သဘာဝမှ လူသားတို ့၏မိုက်မဲမှုအနာတို ့အား ထိန်းညှိ ကုစားနေဟန်အနေအထားဖြစ်သည်။
အဆိုပါ အကျိုးတရားတို ့၏ အကြောင်းရင်းရှာနှိုက်ကြည့်သော် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ  ပိုးမွှား၊တိရိ စ္ဆာန်တို ့၏ရုပ်ကြွင်း(ဝါ) ကာဗွန်ကွန်ပေါင်းအစုအဝေးများမှ စတင်သည်ဖြစ်ပေရာ ပွင့်ထွက်နေနှင့်ပြီးသော ပန်ဒိုရာသေတ္တာမှ  ကြိမ်စာဟုလည်း အမည်တပ်ချင်တပ်၊ဆိုချင်ဆိုနိုင်ပါလိမ့်မည်။

အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကြပါကုန်၏။
ထိန်းညှိခြင်း၏မိခင် သဘာဝတရားသည် လူသားတို့၏မိုက်မဲမှုတို့ကို အပြစ်ပေးခြင်းတို ့နှင့်အတူ (အောင်မြင်စွာပင်)ချိန်ခွင်လျှာညှိယူသွားနိုင်မည်ဟု တထစ်ချဆိုနိုင်ပါသည်။
လူသားတို ့၏အတွေးစိတ်ကူးများဖြင့် အကြိမ်ပေါင်းများစွာ အသတ်ခံနေရသော ကမ္ဘာမြေသည် ပြန်လည်ရှင်သန်စိမ်းလန်းလာပါလိမ့်ဦးမည်။

သို ့သော်..။
အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးမှသည် လက်ရှိသမ္မတ အိုဘားမားအထိ ကြီးစွာသော လုံ ့လပြု၍လှုံ့ဆော်နေမှုများကားအကြောင်းမဲ့ မဟုတ်တန်ပါချေ။ လူများကို အစိ်မ်းရောင်ဝန်းကျင်တွင် ရင်းနှီးမြုတ်နှံရန်နှင့် တိုးတွန်း၍အလုပ်လုပ်ကြပါရန် တိုက်တွန်းချက်များတွင် အင်အားပါဝါနှင့်ပါတ်သက်သောလျှို ့ဝျက်ချက်များ များစွာရှိနိုင်ကောင်းပါသည်။ ကမ္ဘာ့စူပါ ပါဝါကြီး၏ အင်အားအစွမ်းကုန်သုံးနေခြင်းနောက်ကွယ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေကဲ့သို ့သော ရုပ်ကြွင်းလောင်စာ၊ ကမ္ဘာမြေ၏လက်ဆောင်ပဏ္ဍာကို အသုံးပြုမှုလျှော့ချရန် ဦးတည်နေသည်မှာ အသေအချာပင်ဖြစ်သည်။
ရေနံနှင့်ဆက်စပ်ပစ္စည်းများ၏ လုပ်ငန်းစီးပွားနယ်ပယ်သည် ကမ္ဘာတွင် ရင်းနှီးမြုတ်နှံမှုအကြီးဆုံး  အလုပ်အများဆုံးနယ်ပယ်ကြီးဖြစ်သည်။ စစ်ပွဲကြီးတို့သည်လည်း စွမ်းအင်ကြောင့်သာဖြစ်ကြကုန်၏။ အဆိုပါ စီးပွားရေးနယ်ပယ်ကြီးတခုလုံးကို ဖြိုချရင်း အသစ်အစားထိုးမည်အလုပ်သည် ကြီးလှစွာသော (ရာစုနှစ်၏)အခွင့်အလန်းသာလျှင်ဖြစ်ပေသည်။
အဆိုပါ အခွင့်အလန်းသည် ကမ္ဘာလုံးအတိုင်းအတာသို ့ဖြန့်ကျက်ရင်း ရပ်တည်ရာရှာဖွေလျှက်ရှိနေသည်ဖြစ်၏။ အလုပ်အကိုင်အခွင့်အလန်းဟူသည် လူကပြုလုပ်ဖေါ်ယူရပေရာ ယခုအခွင့်အလန်းကို ဖေါ်ယူနေသော ပေါ်ထွက်လာနေသည့် အထူးအခွင့်အလန်းကောင်းတို ့အဖြစ် မြင်ကြည့်ရနိုင်ကောင်းပါသည်။ ပြီးခဲ့သောရာစုနှစ်က ရေနံကြောင့် ချမ်းသာကြွယ်ဝသွားခဲ့သည့်နိုင်ငံများသည် ပေါ်ခဲ့သည့်အခွင့်အလန်းကို ဆုပ်ကိုင်နိုင်ခဲ့ကြပြီးဖြစ်သည်။
လက်လွတ်မခံပါလင့်။
ပူနွေးလာသော ကမ္ဘာကြီးနှင့်အတူ အစိမ်းရောင်လှိုင်းများစီးကာ မိမိ၏ဘဝ၊ မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ မိမိလူမျိုးစုတို့ ၏လူနေမှုစံနစ်အထွေထွေတို ့ကို မြင့်တင်သွားသင့်သည်ဟု တိုက်တွန်းရင်း ကိုပန်ဟေဂင်င်မြို ့နှင့် အော့စလိုမြို ့တို့မှ အစည်းအဝေး၊အခမ်းအနားများကို ကြိုဆိုလိုက်ရပါကြောင်း…။

မှတ်ချက်။  ။မန္တလေးဂေဇက် အတွဲ၄။အမှတ်၂ မှဖြစ်သည်။

6 comments

  • editor

    December 15, 2009 at 2:07 am

    ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တေသံ ဟေတုံ တထာဂတော အာဟ။
    တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။

    အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။

    ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စဝဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2010 at 5:10 pm

    ဟုတ်ပါတယ် စာရင်းချုပ်လိုက်တော့ ကမ္ဘာကြီးကို အမေရိကန်တွေဘဲ ဦးဆောင်သင့်ပါတယ်
    ဆိုဗီယက်ရွာကြီးလည်း ပျက်သွားပါပြီ
    အကြွေးတွေနဲ ့အမေရိကန်ကြီးက သူများပစ္စည်းတွေအတုလုပ်ပြီးချမ်းသာနေတဲ့ (အထွေထွေရံပုံငွေဘပ်ဂျက်အများဆုံးရှိတဲ့ )
    တရုပ်ကြီးရဲ ့ဆော့ဖ်ပါဝါကို ဘယ်လိုများ လုပ်ပါလိမ့်မလည်းလို ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဝင်လိုက်ရတာ
    အိပ်ရေးပျက်ပြီး မနက် ထန်းမတက်နိုင်အောင်ဖြစ်ရပါတယ်ဗျာ

    • kai

      October 21, 2010 at 6:11 pm

      အမေရိကန်ကြီးရဲ့…အကြွေးတွေဆိုတာ..အမေရိကန်ကြီးကပဲ..ထုတ်ထားတဲ့…ဒေါ်လာအမည်ခံစက္ကူတွေလို့..မမြင်ကြည့်နိုင်ဘူးလားဗျ..။
      တရုတ်ကိုသူတို့ရောင်းတာ..ဒေါ်လာအစစ်တွေတောင်မဟုတ်ဖူး..။ ဂဏန်းတွေပုံနှိပ်ထားတဲ့..အစိုးရဘွန်းတွေ…။

      သဘောက..။
      ဖယ်ဒရယ်…ဒေဝါလီခံတဲ့နေ့ ..တရုတ်အရင်ဆုံးမွဲမှာပဲ..။ ဆိုလိုတာက.တရုတ်ရဲ့ဆော့ဖ်ပါဝါကို အမေရိကန်တွေက..လုပ်ပေးထားတယ်လို့..ထင်ပါကြောင်းနဲ့..နောက်ကွယ်မှာ… သဘောတူညီချက်တွေ..တော်တော်များများရှိတယ်..ထင်ပါကြောင်း..။

  • winkyawaung

    October 21, 2010 at 6:00 pm

    ဘုရားရှင်၏ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ အရှင်နှစ်ပါးကို အတိုဆုံး၊ အရှင်းဆုံး ဟောကြေားတဲ့ တရားတော်ကို ကြားနာလိုက်ရတာ မင်္ဂလာရှိလိုက်ပါပေသတည်း။

    • kai

      October 21, 2010 at 6:29 pm

      မဟုတ်သေးဘူးလေ..ဆရာသမားရဲ့..
      ပထမဆုံးတရားဦးနာရပြီး ..ရဟန္တာဖြစ်သွားတဲ့..ပဉ္စဝဂီငါးပါးထဲကတစ်ပါးဖြစ်တဲ့ အရှင်အဿဇိမထေရ် က… အရှင်သာရိပုတ္တရာပရိဗိုဇ်( ပညာအရာဧတဒဂ်ရတဲ့ လက်ယာရံ ဖြစ်မဲ့အရှင်)ကို ပြောလိုက်တဲ့စကားပါ..။
      တိုတိုပြောရရင်… ဖန်ဆင်းရှင် မဟာဗြဟ္မာကို ယုံကြည်နေတဲ့အရှင်သာရိပုတ္တရာပရိဗိုဇ်ကို… ငါ့ဆရာဗုဒ္ဓ(တထာဂတ)ဟာ… ဖန်ဆင်းရှင်ဆိုတာမယူဘူး၊
      လောကမှာ..ဖြစ်နေတာတွေ..ပျက်နေတာတွေက..ဒါတွေ..ဒါကြောင့်..ဆိုတာကို ပြောလိုက်တဲ့အဓိပါယ်လည်း ပါတယ်..ထင်မိပါတယ်..။
      ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တရားတော်ဟာ…ပျူခေတ်မှာ…စဉ့်အိုးကွဲတွေမှာတောင်…ရေးထားတာကိုတွေ့ရတဲ့..မြန်မာရဲ့ရှေးအကျဆုံး..စာတခုပေါ့..။

  • maungmoenyo

    October 22, 2010 at 1:48 am

    အစွန်းနှစ်ပါးဖြစ်တဲ့ သက္ကာယနဲ့ဥစ္ဆေဒတို့ရဲ့အားပြိုင်မှုကိုမလွန်ဆန်နိုင်တဲ့(၃၁)ဘုံမှာရှိကြသူသက်ရှိအားလုံးကိုတကယ်လမ်းမှန်ပြနိုင်တာကအရိယာတွေပါဘဲ။ ဂေါတမဗုဒ္ဓမတိုင်မှီကဂင်္ဂါမြစ်နားကျင့်ကြံကြတဲ့ဆရာရှင်တွေဟောသမျှကိုဂါထာမန္တာန်လို့ဆိုခဲ့ပေမဲ့၊ နိဗ္ဗာန်ရောက်ကြောင်းတရားစစ်ကိုပြနိုင်တဲ့ဗုဒ္ဓဟောတာကိုတော့”သုတ်”လို့သမုတ်ပါတယ်။ သုတ်ဟာဗုဒ္ဓရဲ့နှုတ်တော်ကတိုက်ရိုက်ထွက်တဲ့မန္တာန်လို့လဲဆိုနိုင်ပါတယ်။ (၄၅)ဝါစလုံးဟောသမျှတရားအားလုံး “ဓမ္မစက္ကပဝတ္တန”သုတ်နဲ့ချုပ်ပါတယ်။ လွယ်လွယ်ပြော၇ရင် ဟောသမျှတရားအားလုံကိုသစ္စာ(၄)ပါးနဲ့ချုပ်ပါတယ်။
    “သမုဒယ”ဆိုတဲ့မှန်သောသစ္စာအကြောင်းကြောင့်…..”ဒုက္ခ”ဆိုတဲ့မှန်သောသစ္စာအကျိုးကိုဖြစ်စေပါတယ်။
    “မဂ္ဂ”ဆိုတဲ့မှန်သောသစ္စာအကြောင်းဖြစ်တဲ့ကျင့်စဉ်(၈)ခုကိုကျင့်ရင်…..”နိရောဓ”ဆိုတဲ့မှန်သောသစ္စာအကျိုးဖြစ်တဲ့နိဗ္ဗာန်ကို
    ိုမျက်မှောက်ပြုနိုင်ပါတယ်။
    သံသရာမှာဖြစ်ပျက်သမျှအားလုံးဟာအကြောင်းရှိလို့အကျိုးတွေဖြစ်နေရတာပါ။ အကြောင်းမရှိဘဲနဲ့အကျိုးမဖြစ်ပါ။ ဂေါတမက မိမိကိုယ်ကိုပြိုင်ဘက်ကင်းတဲ့ဆရာကြီးတဆူလို့စိတ်ကြီးဝင်နေတဲ့ သစ္စကပရဗိုဇ်ကို ဖြစ်ပျက်အစဉ်တွေအားလုံးဟာ”အတ္တ” လား”အနတ္တလား”မေးတော့၊ အတ္တလို့ဖြေရင်လိမ်ရာကျမယ်၊ အနတ္တလို့ဖြေရင်သူ့အယူမှားကြောင်းဝန်ခံရာကျမှာမို့ဆိတ်ဆိတ်နေပါတယ်။ ဗုဒ္ဓသမိုင်းကိုချယ်မှုန်းကြသူတွေက ဒီနေရာမှာသိကြားမင်းကဝရဇိန်လက်နက်နဲ့ချိန်ပြီးချမ်းခြောက်လို့ သစ္စကသူမှားပါတယ်လို့ဝန်ခံရတယ်လို့ဆိုပါတယ်။
    မောင်မိုးညိုယူဆတာတော့အဲ့ဒီခေတ်အခါကပညာရှင်များဟာအမေးတိုင်းအတွက်အဖြေရှိဘို့လိုအပ်တာမို့အမှန်ကိုမနေသာတော့ဘဲဝန်ခံရတယ်လို့ထင်ပါတယ်။ သစ္စကဟာသူ့အယူဟာမှားပြီလို့သိလိုက်တာနဲ့တထိုင်ထဲမှာသောတာပန်တည်သွားတယ်လို့ဆိုပါတယ်။ လောကမှာဖန်တီးလိုံဖြစ်တာမရှိပါ၊ အကြောင်းအရင်းခံတနည်းနည်းနဲ့ရှိခဲ့လို့အကျိုးဆိုတဲ့ရလာဒ်ပေါ်ထွက်လာရတာဖြစ်ကြောင်းပါ…။

Leave a Reply