ဟတ်ချိုးဆိတ်ဖွား အသက်တစ်ရာ အနာမရှိ .. (ရှေးလူများရဲ့ ရေရွတ်သံ .. နောက်လူတွေကတော့ ဘယ်လိုရွတ်တယ် မသိနိုင်တော့)

ဟတ်ချိုး အဟမ်း ဘွတ် (သင်္ဂဇာ ဆရာတော် ပုံပြင်ထဲမှာ ပါတာ ..)

ဟာ .. ရှင့် နှာရည်တွေ စင်ကုန်ပြီ .. သတိလဲ ထားဦးလေ .. ဟာ ..ဆားစ်တွေ ကြက်ငှက်တုပ်ကွေးတွေ ကူးကုန်တော့မှာပဲ .. ရှင်ကလဲ .. နှာချေမယ်ဆိုရင် အနည်းဆုံးတော့ နှာခေါင်းကို တစ်ခုခုနဲ့ ကာထားမှပေါ့ .. ဒါမှ နှာရည်တွေ သူများကို မစင်မှာပေါ့ ..

ဆရာမကလဲ .. ရုတ်တရက် ချေချင်တာ ဘယ်လို လုပ်ရမှာလဲ ..

ရုတ်တရက်ဆိုရင်လဲ ဘာမှ မတွေ့ရင် လက်ဝါးနဲ့သာ ကာလိုက်ပေါ့ .. နောက်မှ လက်ကိုင်ပ၀ါဖြစ်ဖြစ် တစ်သျှူးနဲ့ဖြစ်ဖြစ် သုတ်လို့ ရတာပဲဟာ .. အခုတော့ ရှင့်ရဲ့ နှာရည်တွေ သူများကို စင်ကုန်ပြီ .. အဲဒါဟာ ရောဂါဖြန့်ဖြူးတဲ့ တရားခံပဲ ..

ဆရာမကလဲ .. ကျွန်တော်က ရိုးရိုး အအေးမိတာပါ ..

အေးလေ ရှင်က ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ ဆိုတော့ အအေးမိတာလို့ ပေါ့ပေါ့ဆဆ ထား ပြောနိုင်ပေမယ့် .. အဆုတ်မကောင်းတဲ့လူ .. ကလေးတွေ .. နာတာရှည် ဖျားနေတဲ့ လူတွေအတွက်ကျ တော့ .. ဘယ် ရိုးရိုးဖြစ်မှာလဲ .. အဆင်မသင့်ရင် နမိုးနီးယား ဆိုတဲ့အဆင့်တွေ ရောက်သွားတတ်တယ် ..

ဟုတ်ရဲ့လား ဆရာမရယ် .. ကျွန်တော့်ကိုများ ဖြဲချောက်နေတာလား .. တကယ်ဆိုရင်တော့ ကျွန်တော် နောင်ကို ဆင်ခြင်ပါ့မယ် ..

အေး .. ရှင်လဲ သိအောင် တစ်ခြားလူတွေလဲ သိသွားအောင် ဟတ်ချိုးအကြောင်း ပြောပြမယ် .. ဘာမှ မသိပဲ အပြောခံရမှာကြောက်လို့ ဆင်ခြင်တာထက်စာရင် သိပြီး ဆင်ခြင်တော့ ရေရှည် တည်တံ့တာပေါ့ .. ကောင်းတာလေးတွေက စ ပြောရင် နှာရည် (နှပ်) ဆိုတာ ခန္ဓာကိုယ်က ရောဂါကို တိုက်ဖျက်တဲ့ စနစ်ထဲမှာ အတော်အသုံးကျတဲ့ နေရာမှာ ပါတယ် .. နှာခေါင်းကတဆင့် အသက်ရှူရင်း ခန္ဓာကိုယ်ထဲ ရောက်လာမယ့် ရောဂါပိုး အမျိုးမျိုးကို ပထမဆုံး တိုက်ဖျက်ဖို့ နှာခေါင်းထဲက ဂလင်းတွေက နှာရည်တွေ ထုတ်ပေးတယ် .. ဒါကြောင့် နည်းနည်း အအေးမိတာနဲ့ နှာရည်တွေ ထွက်လာတာပေါ့ .. အမှုံအမွားတွေ ၀င်လာရင်လဲ .. နှာခေါင်းမွေးတွေက ဖမ်းထိန်း တားဆီးတယ် .. ဖမ်းထိန်းထားတာနဲ့ နှာရည်မှာ ကပ်နေတာနဲ့ ပေါင်းပြီး နှပ်ချေး အနေနဲ့ အပြင်ကို ချေဆတ် ထုတ်ကြတယ် .. ဖုံမှုန့်များများ ရှူမိရင် နှပ်ချေး မဲမဲတွေ ထွက်ခဲ့ဖူးမှာပေါ့ .. အဲဒီလို စနစ်တွေနဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်နေတာ .. ဒါကြောင့် နှာရည် နှပ်ချေးမှာ ဖုံမှုန့်တွေ .. ရောဂါပိုးတွေ ပါမယ် ဆိုတာ သိလောက်ပြီ ထင်တယ် ..

နှာချေတဲ့အခါ နှာရည်တွေ တခြားသူတွေကို စင်တတ်တာ ဓမ္မတာပါ .. နှာချေလိုက်ရင် နှာရည်တွေဟာ နှာခေါင်းကနေ အရှိန် ပြင်းပြင်းနဲ့ အပြက်ဖက်ကို စင်ထွက်တာ .. အကြမ်းဖျင်း သုံးပေက ခြောက်ပေလောက်အထိ ရောက်တတ်တယ် .. နှစ်ပေ သုံးပေ လောက်က မြင်နိုင်တဲ့ နှာရည် .. ပေကျံတတ်တာမို့လို့ သိသာတယ် .. အဲဒီအခါ မြည်တွန်တောက်တီး အပြစ်တင်တာ ခံရမယ် .. ကျန်တာက အမှုံအမွား ဆိုတော့ မမြင်ရဘူး .. ဒါပေမယ့် ဆားစ် လို ကြက်ငှက်တုပ်ကွေးလို .. ပြင်းထန်တဲ့ အဖျားရောဂါတွေအပါအ၀င် ရိုးရိုးတုပ်ကွေး .. အအေးမိတာတွေ ကျတော့ ကူးပြီပေါ့ .. တီဘီဆိုလဲ ဒီလိုနည်းနဲ့ ကူးတာပဲလေ .. တိုက်ရိုက် မကူးတာတောင်မှ အဲဒီအမှုံအမွားတွေ တင်ကျန်နေတဲ့ အရာတွေကို ကိုင်တွယ်မိတဲ့ လက်တွေက တဆင့် ကူးကြပြန်ရောလေ .. ရုတ်တရက် ရောဂါလက္ခဏာပြပြီး ပြင်းထန်တဲ့ ရောဂါကျတော့ လူတွေ သတိ ထားမိကြပေမယ့် .. တီဘီလို ကြာမှ လက္ခဏာ ပြတဲ့ ရောဂါ ကို သိပ် သတိမထားကြတော့ဘူး ..

နောက်ပြီး ရှိသေးတယ် .. နှပ်ချေးကို ညှစ်ပစ်ပြီး ဘေးက ဘယ်သူရှိရှိ သတိမထားပဲ ဖတ်ကနဲ ခါပစ်လိုက် တယ် .. အဲဒါတွေိ တွေ့ရမြင်ရတာ အဆင် မချောသလိုပဲ .. ငါ့လက်ကလွတ် ပြွတ် ဆိုပြီး ကလေးဘ၀ကလို လက်လွတ်စံပယ်လုပ်သလို ဖြစ်နေတယ် .. အဲဒီအကျင့်ကိုတော့ လူတိုင်း ပြင်ဖို့ လိုတယ် .. အကောင်းဆုံးက လက်ကိုင်ပ၀ါ .. ဒါမှမဟုတ် အခု အသုံးများတဲ့ တစ်သျှူးနဲ့ သုတ်ပေါ့ .. နောက်တစ်ချက်က အဲဒီ တစ်သျှူးကိုလဲ နေရာတကာ ပစ်ချဖို့ မသင့်ဘူး ..

နှာချေကြတဲ့အခါ သာမန်လူတွေအနီးမှာ ဖြစ်ရင် ဒီလို .. ဒီလောက်ပဲ ဖြစ်တတ်ပေမယ့် .. ကင်ဆာဖြစ်လို့ ဆေးသွင်း .. ဓါတ်ကင်နေရတဲ့ လူတွေနားမှာ .. ဆိုရင်တော့ သိပ် ကြောက်စရာ ကောင်းသွားပြီ .. ဘာလို့ ဆိုတော့ သူတို့က ဆေးအရှိန်ကြောင့် ကိုယ်ခံအားတွေ ကျနေချိန်လေ .. လူနာ သတင်းမေး သွားပါတယ် .. လူနာကို ရောဂါထပ်ပေးလိုက်သလို ဖြစ်သွားမှာ အသေအချာပဲ .. ကိုယ့်အတွက်တော့ နှာစေး ချောင်းဆိုး လောက်ပဲလေ .. သူတို့အတွက်တော့ နမိုးနီးယား အဆင့်ထိ ရောက်သွားတတ်တယ် .. အဲဒီလိုသာ ဖြစ်ရင် သူ့အတွက် သက်တမ်း တိုသွားမယ် .. တတ်နိုင်တဲ့လူတွေအတွက်တော့ ဈေးကြီးတဲ့ ဆေးတွေ သွင်းလို့ သက်သာလာပေမယ့် ခံစားရတဲ့ လူအတွက်တော့ သိပ် မလွယ်ဘူး ..

ဆရာမ ပြောတာနဲ့ နောင်ဆိုရင် နှာခေါင်းရော ပါးစပ်ပါ ဆို့ထားပါ့မယ် ..

ကျွန်မ ပြောတာ .. ဆို့ထားရမယ် လို့ မဆိုဘူးနော် .. ကာရံထားရုံပဲ .. အတင်း ပိတ်ဆို့မိလိုက်ရင် သူများအတွက်တော့ လုံခြုံသွားပေမယ့် ကိုယ်တိုင်အတွက်ကျတော့ နောက်ဆက်တွဲလာဦးမှာ ..

ဆရာမ ကလဲ မကာတော့ တမျိုး ကာပြန်လဲ တမျိုးဖြစ်နေပြန်ပြီလား .. မဟုတ်သေးဘူးထင်တယ်နော် ..

သြော် .. မဇ္ဈိမ ပဋိပဋာ ဆိုတာကို မေ့နေကြပြန်ပြီ .. ကျွန်မ ပြောတဲ့အထဲမှာ အတင်း မဆို့ရဘူးလို့ ပြောတာ .. ဘာကြောင့်လဲ ဆိုတော့ .. နှာခေါင်းနဲ့ နားအလယ်ပိုင်းကို ပြွန်လေး တချောင်းက ဆက်ထားလို့ .. အဲဒီဆက်နေတဲ့ ပြွန်က သာမာန်အားဖြင့် ကျဉ်းကျဉ်းလေးသာ ရှိပြီး သူ့ သာမန်အလုပ်ကို လုပ်နေတာ .. နှာချေလို့ နှာခေါင်းကို ပိတ်လိုက်ရင် ပါးစပ်ကိုပါ ပိတ်လိုက်ရင် အတွင်းမှာ တွန်းကန်ထွက်လာတဲ့ အားတွေက နှာခေါင်းထဲက နှပ်တွေကို အဲဒီလမ်းကြောင်းထဲ တွန်းပို့သလို ဖြစ်သွားတတ်တယ် .. နှပ် မထွက်တဲ့အချိန်မှာလဲ လေတွန်းအားက အဲဒီလမ်းကြောင်းအတိုင်း လိုက်သွားပြီး နားရဲ့ အလယ်ပိုင်း (နားစည်ကို ရိုက်ခပ်တဲ့ လှိုင်းကို အသံစနစ်ဖြစ်စေဖို့ ဆက်သွယ်ပေးတဲ့ နေရာ) ကို ဖိအားတွေ များလာ .. နှာရည်တွေ ၀င်တဲ့အခါ ရောဂါပိုးပါ ပါသွားရင် နားပြည်ယိုတယ် ဆိုတာ ဖြစ်လာတတ်တယ် .. နား ပြည်ယိုတယ် ဆိုတဲ့နောက် နားစည်လဲ ပေါက်သွားတာပေါ့ .. အဲဒီတော့ နားလေး လာတာပေါ့ .. နှပ် မထွက်ပဲ နှာချေတာ သိပ်ပြင်းရင်လဲ နားစည် ပေါက်တတ်တယ် .. ဒါကြောင့် ဟတ်ချိုး ဆိုရင် သတိရဖို့ ကောင်းတာက သူများဆီကို မပျံ့လွင့်စေဖို့ရယ် .. ကိုယ့်ရဲ့ နားကိုလဲ မထိခိုက်စေဖို့ .. မှတ်မိပြီနော် ..

ဟုတ် ဆရာမ .. ဟတ်ချိုး (လက်ကိုင်ပ၀ါနဲ့ အသာ ကာရံတာ တွေ့လိုက်ရပါတယ်) ..

သာဓု သာဓု (နှစ်ကြိမ်ပဲ ခေါ်ဦးမယ် နောက်ပိုင်း လိုက်နာ ကျင့်သုံးမှ နောက်တကြိမ် ခေါ်တော့မယ် နော်)

About moethidasoe

moe thidasoe has written 34 post in this Website..