မြန်မာပြည်မှာနေတဲ့လူတွေတော့ ကြားဖူးကြလိမ့်မယ်ထင်တယ်။ မကြားဖူးတဲ့လူတွေသိရအောင် ပြောပြချင်ပါတယ်။
တစ်ခါတုန်းက ဒိသာပါမောက္ခကြီးဆီကို ပညာသင်ကြားဖို့ လူငယ်နှစ်ယောက် ရောက်လာကြတယ်တဲ့။ တစ်ယောက်သောလူငယ်က ဥာဏ်ပညာထက်မြက်ပြီး၊ နောက်တစ်ယောက်ကတော့ နုံချာတယ်တဲ့လေ။ ဥာဏ်ပညာထက်တဲ့ လူငယ်က ဆရာကြီးသင်ကြားပေးသမျှ ပညာတွေကို အကုန်လုံးလေ့လာပြီး တတ်မြောက်သွားသော်လည်း ဥာဏ်နုံတဲ့လူငယ်ကတော့ ဘာမှ မတတ်မြောက်ဘူးတဲ့။ ပညာသင်ကြားပြီးလို့ ကိုယ့်ရပ်ရွာပြန်တဲ့အခါ အသက်မွေးမှုပြုနိုင်အောင် ဆိုပြီးတော့ ဥာဏ်နုံတဲ့လူငယ်ကို ဆရာကြီးက အိုးဖုတ်နည်းတစ်ခုတော့ သင်ကြားပေးလိုက်တယ်တဲ့။
အဲဒီလိုနဲ့ ဥာဏ်နုံတဲ့လူငယ်ဟာ သူတတ်တဲ့ပညာနဲ့ အိုးဖုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုလာလိုက်တာ ဆရာကြီးဆီကို တစ်နှစ်တစ်ခါ လက်ဆောင်ပစ္စည်းတွေပို့ပေးနိုင်တယ်တဲ့။ ဒါပေမယ့် ဥာဏ်ထက်တဲ့ လူငယ်ကတော့ တတ်ထားတဲ့ ပညာတွေ တစ်မျိုးပြီး တစ်မျိုးသုံးပြီး အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလာလိုက်တာ လုပ်ငန်းတွေ မအောင်မြင်ပဲဖြစ်နေတယ်။ အဲဒီအခါမှာ အဲဒီလူငယ်စဉ်းစားမိတာက ဆရာကြီးက ဟိုတစ်ယောက်ကိုတော့ ပညာကုန်သင်ပေးလိုက်ပြီး ငါ့ကျတော့ ပညာချန်ထားတယ်ဆိုပြီး ဆရာကြီးဆီပြန်သွားတယ်။
ဆရာကြီးဆီရောက်တော့ အကျိုးအကြောင်းပြောပြတဲ့အခါ ဆရာကြီးက `အေး-ဟုတ်တယ်၊ ငါမင်းကိုပညာတစ်ခုသင်ပေးဖို့ လိုသွားတယ်၊ ငါ့နောက်လိုက်ခဲ့´ ဆိုပြီး သစ်ပင်တစ်ပင်ပေါ်တက်သွားတော့ တပည့်လည်း နောက်က လိုက်တက်သွားတာပေါ့။ သစ်ပင်ထိပ်ဖျားကိုရောက်ခါနီးတော့ ဆရာကြီးက အောက်ကတပည့်ကို သစ်ပင်ပေါ်က ကန်ချလိုက်တယ်။ အဲဒီအခါမှာ တပည့်လည်း လန့်ဖြန့်ပြီး မှီရာသစ်ကိုင်းကို လှမ်းဆွဲရတာပေါ့။ သစ်ပင်ပေါ်မှာ တန်းလန်းကြီးဖြစ်နေတဲ့ တပည့်က `ဆရာကြီးခင်ဗျား၊ ကျွန်တော်က ပညာကုန်သင်ပေးဖို့ပြောယုံနဲ့ ဘာ့ကြောင့် ကျွန်တော့်ကို သေကြောင်းကြံရတာပါလဲ ခင်ဗျာ´လို့ မေးတယ်။ အဲဒီအခါကျ ဆရာကြီးက `ဒီသစ်ပင်မှာ ကိုင်းပေါင်းဘယ်လောက်ရှိလဲ၊ ဘယ်ကိုင်းက အကြီးဆုံးလဲ၊ အခုသစ်ကိုင်းကို မင်းဘာ့ကြောင့်ဆွဲလဲ´ လို့မေးတဲ့အခါကျတော့ တပည့်က `ဆရာကြီးခင်ဗျာ အသက်လုပြီးဆွဲရတာ တခြားကိစ္စတွေကို မစဉ်းစားနိုင်ပါဘူး´လို့ ပြန်ဖြေတယ်။ အဲဒီအခါကျ ဆရာကြီးက `အဲဒါ ငါပေးတဲ့ ပညာကုန်ပဲ။ ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်တစ်ခုကို မိမိရရ ဖမ်းဆုပ်ပြီး စွဲစွဲမြဲမြဲမလုပ်ပဲ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးလုပ်နေလို့ ဘယ်ဟာမှ မအောင်မြင်တာပဲ´တဲ့လေ။
ခုခေတ်မှာလည်း ကျောင်းပြီးသွားပြီး သင်တန်းတွေတစ်ခုပြီးတစ်ခုတက်ရင်းနဲ့ ဘာမှ မလုပ်ဖြစ်ဘဲ ဘ၀မှာ အောင်မြင်မှုတွေ နောက်ကျမသွားရအောင် ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်တစ်ခုကို မလုပ်ခင်မှာ သေသေချာချာ စဉ်းစား၊ လက်တွေ့အလုပ်လုပ်တဲ့အခါ ရိုးသားကြိုးစားခြင်းဖြင့် အောင်မြင်မှုတွေကို ရရှိနိုင်ကြပါစေ။

member-invites-form

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)