ယနေ့လွှတ်တော်နှင့် မီဒီယာ

Good IdeaFebruary 3, 20111min740

ကျနော် Good Idea ရဲ့ ဇနီးက သားလေးမွေးတဲ့အတွက် ကလေးတဖက်နဲ့ အလုပ်ရှုပ်နေတာကြောင့် ပို့စ်တွေမတင်ဖြစ်သလို ရွာထဲကို မရောက်ဖြစ်တာ ကြာပြီ။ အခုတော့ ကလေးက ၂ လနီးပါး ဖြစ်လာပြီဆိုတော့ အရင်လောက်တော့ အချိန်မပေးရတော့ဘူးလေ။ ဒါနဲ့ ရတဲ့အချိန်နည်းနည်းမှာ ပို့စ်တင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။

ဘာအကြောင်းကို ပို့စ်တင်ရင်ကောင်းမလဲလို့ ကြည့်လိုက်တော့ လက်ရှိက နေပူတော်မှာ စပါယ်ရှယ် ပိတ် ၂ ပိတ် (ပါးစပ်ပိတ်၊ တံခါးပိတ်) လွှတ်တော်ကြီး ကျင်းပနေချိန်ဖြစ်နေတယ်။ ဒီတော့ ဒီလွှတ်တော်နဲ့ ပတ်သက်ပြီး ဆရာလူထုစိန်ဝင်းရဲ့ အင်တာဗျူးကောင်းလေးတခု တွေ့တာနဲ့ ပို့စ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျနော်တော့ ဆရာ့အင်တာဗျူးဖတ်မိပြီး ပြည်သူ့အတွက် မကြောက်မရွံ့ ပွင့်ပွင့်လင်းလင်း ပြောရဲ ဝေဖန် ထောက်ပြရဲတဲ့ သတင်းစာဆရာဆိုတာ ဒါမျိုးပါလားဆိုပြီး ပိုလို့လေးစားမိပါတော့တယ်။

ကဲ… စစ်ဗိုလ်တမတ်သား လွှတ်တော်ကို မြန်မာ့ဝါရင့် သတင်းစာဆရာတဦး ဘယ်လိုဝေဖန်ထားသလဲ ဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။

အားလုံးကို လေးစားလျှက်

Good Idea
ယနေ့လွှတ်တော်နှင့် မီဒီယာ

(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာလူထုစိန်ဝင်းအား မေးမြန်းခဲ့စဉ်က ဆရာဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေစီစစ်ရေးမှ ဖြုတ်ထားခဲ့သော စာပိုဒ်များဖြစ်ပါသည်။)

ငြိမ်းဆက်လင်း (မြစ်မခ)

`ဆရာတို့တုန်းကတော့ ဝန်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာ သတင်းထောက်တွေက လွတ်လွတ်လပ်လပ် သတင်းဝင်ယူခွင့်ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်. လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ဝန်ကြီး ဝန်ငယ်လေးတွေကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်. ဒီလို ဆင်ဆာမရှိတဲ့အတွက် တစ်ကယ့်လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့ တစ်ဦး ခနဲ့ကြတာတွေ ပုပ်ခတ်ကြတာတွေ ကအစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်. အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်းယူရတာကိုက ပျော်စရာသိပ်ကောင်းတာ။

အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ် တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ်ဆိုတာ လူကြီးလူကောင်းတွေ စကားများနေကြတာပေါ့ ရန်ဖြစ်နေကြတာမျိုးပေါ့ ရန်ဖြစ်တယ်ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေးတိုင်းထွာတာတို့ ဘာတို့မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့ အဲ့လိုဟာတွေက အင်မတန် ပျော်စရာကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့လူတွေက အင်မတန် ပျော်စရာကောင်းတယ်။

နောက်ပြီးတော့ ပြည်သူလူထုကလည်းဘဲ တို့အမတ်ကတော့ ဘာတွေပြောတယ် တို့အမတ်ကတော့ တို့အတွက် လွှတ်တော်ထဲမှာ ဘာတွေမေးပေးတယ် တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆို ပေးတယ် တစ်ချို့ဟာတွေကို မဲဆန္ဒရှင်တွေက သိရတယ်။ သိရတဲ့အတွက် တို့အမတ်ကောင်းတယ် မကောင်းဘူး နောက်တစ်ကြိမ်ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့် ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်လို့ရတာပေါ့။

အခုတော့ လွှတ်တော်ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းပွဲ တို့ကို သတင်းထောက်တွေကို ဖိတ်ပြီးတော့ ရှင်းလင်းပြောကြားတာကိုတောင်မှ အမှန်အတိုင်းရေးလို့မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှ မသိရတော့ဘူး။ သိသင့်သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး. သူတို့သိစေချင်တာကိုဘဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ တံတားတစ်လမ်း ၊ သံတစ်လမ်းဖြစ်နေတယ်။

ဒီမိုကရေစီဆိုတာက ပြည်သူလူထုက သာလျှင် အဆုံးအဖြတ်ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖဖြစ်နေတယ်. ဒီတစ်ပတ် ဆရာဆောင်းပါး ရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်တော်များများက စာတွေလည်း ရေးတာ တွေ့ရတယ်  အစိုးရဆိုတာ တိုင်းသူပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သနားချစ်ခင်ရမယ် ဆိုတဲ့ အရေးသားမျိုးပေါ့ ဒီ အရေးသားမျိုးက လုံးဝမှားတဲ့ အရေးသားသမျိုးဖြစ်တယ် အဲ့တော့ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ရမယ်ဆိုတော့ အစိုးရက မိဘနေရာရောက်သွားတာပေါ့  ဘုရားကအောက် မျောက်က အထက် ဖြစ်နေတယ်။

တစ်ကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင် ပြည်သူလူထုဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန်ပေးထားတယ် အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ဘဏ္ဍငွေကနေပြီး လစာ ရိပ်က္ခာငွေတွေ ပေးထားတယ် ရှေးအင်္ဂလိပ်ခေတ်ကတည်းကိုက အစိုးရနှင့်တကွ အစိုးရဝန်ထမ်းအားလုံးကို (Public servent)လို့ခေါ်တယ် ပြည်သူ့အစေခံ ခပ်ရင်းရင်းပြောမယ်ဆိုရင် ပြည်သူ့ဝန်ထမ်းပေ့ါ ပြည်သူ့ဝန်ကိုထမ်းနေရတာ။

အခုတော့ စောစောက ပြောတယ် အစိုးရဆိုတာ မိဘနဲ့တူတယ်တို့ အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင်ဘဲဆိုတဲ့ အသုံးအနှုန်းတွေကြောင့် ပညဏ်သွားရာ ဓားသက်ပါ ဖြစ်သွားပြီးတော့ ဝန်ထမ်းတွေက သူ့တို့ ရုံး သူတို့ထံ သူတို့ဌာမှာ သူတို့သာလျှင် အရှင်သခင်ဖြစ်ပြီးတော့ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲလိုက်             ဆိုလိုက် အာဏာ အမျိုးမျိုးပြလိုက်ဆိုတာတွေ လုပ်တယ် အဲ့ဒါတွေက ခုဏက စကားလုံးတွေက လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းပစ်လိုက်တာဖြစ်တယ် ဒါကြောင့်မို့ ဒီစကားလုံး အသုံးအနှုန်းတွေကိုဘဲ အာဏာပိုင်များတို့ အာဏာပိုင် အဖွဲ့အစည်းများတို့ တိုင်းပြည်ရဲ့ မိဘတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ဒီမိုကရေစီ ခေတ်မှာ မသုံးအပ်တော့ဘူး ဒီစကားလုံးတွေကို ဖျောက်ပစ်ဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီအာဏာပိုင်တွေကို မဲဆန္ဒပိုင်ရှင် ဒီ ပြည်သူလူထုက အာဏာပိုင်ဘဲ ပြည်သူက ရွေးပြီးတော့မှ သူတို့ကို ခန့်ထားတာဖြစ်တယ်။

အာဏာပိုင်အဖွဲ့အစည်းဆိုတာကလည်း ပြည်သူလူထုဘဲ ဖြစ်ရမယ် အာဏာပိုင် ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုဘဲ ဖြစ်ရမယ် ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မဟုတ်ဘူး ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေဘဲ ပြည်သူ့အစေခံ ဆိုတော့ သူတို့က ပြည်သူကို အမြဲတမ်းရို်သေနေရမယ် ပြည်သူကို ဦးထိပ်ထားရမယ် ပြည်သူကို အလုပ်အကျွေးပြုရမယ်။ အဲ့ဒါတွေက မင်းတို့ လူငယ်တွေ မကြားရ မမြင်ရ မတွေ့ရတဲ့ စကားလုံးလေးတွေ အဆုံးမလေးတွေဘဲ အဲ့ဒါတွေကို မင်းတို့ကို သိအောင်ပြောပြတာ။

မေး။ ဆရာတို့ ခေတ်တုန်းကသတင်းယူတဲ့အခါမှာကော လုံခြုံရေးအရဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမား မလာရဆိုပြီး ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါသလားဆရာ။

ဖြေ။ မရှိပါဘူး ဆရာတို့တုန်းက လွတ်လွတ်လပ်လပ် ဘယ်သတင်းမဆို လွတ်လွတ်လပ်လပ် ယူခွင့်ရှိပါတယ် ဝန်ကြီးများရုံးမှာတောင်မှ သတင်းထောက်တစ်ယောက်က တံခါးမရှိ ဓားမရှိ ဝင်သွားလို့ရတယ် ဝန်ကြီးရဲ့ အခန်းထဲကို ဝန်ကြီး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝင်သွားလို့ရတယ် ဘယ်သူ့ကိုမှ ခွင့်တောင်းနေလို့မရဘူး အသိပေးစရာလည်းမလိုဘူး ဝန်ကြီးကို လွတ်လွတ်လပ်လပ် စကားပြောလို့ရတယ် မေးချင်တာတွေလည်း မေးလို့ရတယ် အဲ့ဒါနဲ့ပတ်သက်ပြီး ပြန်ရေးလို့ရတယ် အဲ့ဒါ ဒီမိုကရေစီခေတ်။

အခုဟာ ဒီထိန်းချုပ်မှုပေါ်မှာ( control) ပေါ့ သူတို့ရဲ့ အစီအမံ ထိန်းချုပ်မှုနဲ့ လိုက်ပြတယ် ဆိုရင် ဒါဟာ လွတ်လပ်တဲ့ သတင်းယူခွင့် မဟုတ်တော့ဘူး သူတို့မြင်စေချင်တာကိုဘဲ ပြတယ် သူတို့ပြောစေချင်တဲ့ လူတွေနဲ့ဘဲ တွေ့ပေးမယ် သူတို့ပြောခိုင်းတာ ပြောမယ့်လူတွေနဲ့ဘဲ တွေ့ပေးမယ် အဲ့ကတည်းက ပြည်သူလူထုက သတင်းအမှန်ကို် မသိနိုင်တော့ဘူး ပြည်သူလူထုက သတင်း အမှန်ကို မသိတော့ဘူးဆိုရင် ပြည်သူလူထုက မှန်ကန်တဲ့ ဆန္ဒမဲ ပေးခွင့် ဆန္ဒမဲ ပေးနိုင်ခြင်း ဆုံးဖြတ်နိုင်ခြင်း ဆိုတာလည်း ရှိနိုင်မှာမဟုတ်တော့ဘူး။

မဲပေးရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ဖို့ဖြစ်တယ် ပြည်သူလူထုက အခုရွေးကောက်ပွဲမှာ ဝင်မယ့် ပါတီ တွေရဲ့ (Policy)တွေက ဘာလဲ တိတိကျကျ မှန်မှန်ကန်ကန် သိဖို့ လိုအပ်တယ် သူတို့မေးချင်တာတွေကိုလည်း မေးခွင့်ရှိတယ် သူတို့သိဖို့အတွက် သတင်းထောက်တွေကလည်း မေးပေးရမယ် လူပုဂ္ဂိုလ်ဆိုင်ရာတွေကလည်း ဒီလူပုဂ္ဂိုလ်တွေက ဘယ်လို လူပုဂ္ဂိုလ်လဲ တို့ရဲ့ မဲဆန္ဒနယ်ဟာ အမတ်အဖြစ်နဲ့  အရွေးခံမယ့်သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဘယ်လို အစဉ်အလာရှိခဲ့သလဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေ လုပ်ပေးခဲ့ဖူးသလဲ သို့မဟုတ်ရင်လည်း ကိုယ့်ကျိုးစီးပွားအတွက်ဘဲ တစ်သက်လုံး ကိုယ်ကျိုးရှာလာတဲ့ လူစားမျိုးဘဲလား ဘယ်သူတေ တေ ငတေဘဲဆိုတဲ့ လူစားမျိုးလားဆိုတာ ပြည်သူလူထုက သိရှိဖို့အတွက် သတင်းစာတွေက ဒါတွေကို ဖော်ထုတ်ပြီးတော့ ရေးသားပေးရမယ် အဲ့ဒါမှ သတင်းစာသမားရဲ့ တာဝန်ကျေတယ်။

သတင်းသမားဆိုတာ ပြည်သူကို (infrom)လုပ်ဖို့ ပြည်သူသိချင်တာတွေကို သိအောင်လုပ်ပေးဖို့ ဒါ သတင်းသမားရဲ့ အဓိကတာဝန်ဘဲ အဲ့ဒါမလုပ်ပေးနိုင်ဘူးဆိုရင် သတင်းသမားရဲ့တာဝန်မကျေတော့ဘူးပေါ့ အခု သတင်းသမားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေကြတယ် ကြိုးစားနေသော်လည်း ကြိုးစားသမျှက ပြည်သူလူထုဆီမရောက်ဘူး အဲ့တော့ သူတို့ ကြိုးစားသမျှဟာ အလကားဖြစ်သွားတယ် အဲ့လိုဖြစ်အောင် ဖန်တီးတယ်ဆိုကတည်းက အဲ့ဒါ ဒီမိုကရေစီ စနစ်လို့ မခေါ်နိုင်တော့ဘူး။

မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲအခြေအနေနဲ့ သမီးတို့ခေတ်ရဲ့ရွေးကောက်ပွဲအခြေအနေကို မြင်ရတော့ ဘယ်လို သုံးသပ်မိပါသလဲ ဆရာ။

ဖြေ။ ၁၉၆ဝ ခုနှစ် သန့်ရှင်းတည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံး ပြိုင်ကျတဲ့ ရွေးကောက်ပွဲပေါ့နော် အဲ့ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ ဒီ မြို့တော်ခန်းမကြီးမှာ မဲရေတွက်တယ် မဲရွေးတွက်တဲ့အခါမှာလည်း အမတ်လောင်းတွေ သူတို့ရဲ့ကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲရေတဲ့နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ရတယ်။ မဲဆန္ဒနယ်တစ်ခု ကြေညာပြီးတိုင်း ရေတွက်ပြီးတိုင်း မြို့တော်ခန်းမ အပေါ်ကနေ အသံချဲ့စက်ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။

အဲ့နေ့က မြို့တော် ခန်းမရှေ့ ဆူးလေပန်းခြံတစ်ဝိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့်နေကြတယ်။ လူအုပ်ကြီးကလည်း တစ်ညလုံးစောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တစ်ညလုံးရေတယ်။ တစ်ညလုံးရေပြီး မဲဆန္ဒနယ် တစ်နယ်ပြီးတိုင်း ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ်သံတွေလည်း တစ်ဖြောင်းဖြောင်းပေါ့ အဲ့လို ဒီနေ့မဲပေးတယ် ဒီနေ့ အဖြေကထွက်လာတယ်။ မဲရေတဲ့အခါလည်းဘဲ ပြည်သူလူထုက ခုဏက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက အောက်မှာ စောင့်ကြည့်နေတယ်။ မြို့တော်ခန်းမပေါ်က မဲရေတဲ့ နေရာမှာလည်းဘဲ အမတ်လောင်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေက မဲရေတာတွေကို ထိုင်ပြီးတော့ စောင့်ကြည့်နေလို့ရတယ်။  အဲ့လို ပွင့်လင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက်လည်းဘဲ ဒီရွေးကောက်ပွဲမှာ တရားမမျှတဘူး တို့ဘာတို့ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တစ်ချို့ နယ်တွေမှာဆိုရင် လက်နက်ပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေ တင်တယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူခဲ့ရမှုတွေ  လည်းရှိတယ်။

အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကိုကြေညာမယ်ဆိုတာလည်း ဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုဏကပြောသလို ပြည်သူလူထုက စောင့်ကြည့်၊ မကြည့်ဆိုတာ မသိရဘူး၊ အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့လည်း ယုံစားလို့မရဘူးပေါ့၊ တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ်ဆိုတာကတော့ လုံးဝကို် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ဘဲ ဆရာကမြင်တယ် ဖတ်ရပါတယ် သတင်းစာတွေမှာလဲဖတ်ရတယ် ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ် ဒီမိုကရေစီ စနစ်ကို သွားဖို့အတွက်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခင်းအကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီ သဘောသက်ဝင် နေဖို့တော့ လိုအပ်တယ် အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ကျတော့ လှုပ်ဆော်ကြတယ် စည်းရုံးလို့ရတယ် မဲမထည့်ဘဲနဲ့ နေလို့ရတယ် လို့ပြောတယ် အဲ့ဒီလူတွေကျတော့ ဖမ်းတယ် အဲ့လိုဆောင်ပါးမျိုးရေးလို့မရဘူး အဲ့လိုစကားမျိုး ပြောလို့မရဘူးဆိုတာက ဒီမိုကရေစီနဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်။

ဒီမိုကရေစီဆိုတာက လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်  တစ်ခြားမှာ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ပွဲတွေ လုပ်သွားတယ် အရင်တုန်း ဘနဘီရာပိုတို တို့ ခေတ်တုန်းက ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲလုပ်တယ် ဘနဘီရာပိုတို တို့က သပိတ်မှောက်တယ် သပိတ်မှောက်တဲ့ အကြောင်းကိုလည်းဘဲ ဆန္ဒပြကြတယ် ထုတ်ဖော်ပြတယ် လုပ်ခွင့်ရှိတာဘဲ ဒီမိုကရေစီဆိုတာက လူတိုင်းက အညီအမျှ ပြောခွင့်ရှိရမယ် အခုဟာက ထောက်ခံတဲ့လူကျတော့ ပြောနိုင်တယ် မထောက်ခံတဲ့ လူကျတော့ ပြောခွင့်မရှိဘူး ဆိုကတည်းကိုက ဒါက ဒီမိုကရေစီစနစ်မဟုတ်တော့ဘူး

ဆရာ ဟိုတစ်နေ့က သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မီဒီယာမေးလို့ ဆရာဖြေခဲ့သလိုပေါ့ သတင်းစာလွတ်လပ်ခွင့် နဲ့ စစ်တပ်နဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ် စစ်တပ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် အုပ်ချုပ်ရတဲ့ အဖွင့်အစည်းဖြစ်တယ် တပ်ထဲမှာ ဒီမိုကရေစီနဲ့ အုပ်ချုပ်လို့မရဘူး အမိန့်ပေးတာကို အမိန့်ပေးတဲ့အတိုင်း နာခံပြီးတော့ လိုက်နာရမယ် စစ်မြေပြင်မှာ အမိန့်ပေးတဲ့ အတိုင်း မလိုက်နာလို့ရှိရင် စစ်မြေပြင်မှာသာဆိုလို့ရှိရင် တာဝန်ရှိတဲ့ စစ်ဗိုလ်က အဲ့ဒီ ငြင်းဆန်တဲ့ စစ်ဗိုလ်က ပစ်သတ်ခွင့်ရှိတယ် ဒါစစ်တပ်အဖွဲ့အစည်း သူ့စစ်တပ် အဖွဲ့အစည်းက တစ်သွေးတစ်သံ တစ်မိန့် နဲ့အုပ်ချုပ်မှရတယ် အဲ့ဒါကို (civil society)ဘက်ကို ယူလာလို့မဖြစ်ဘူး ရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဆိုတာက ဒီမိုကရေစီအရ အုပ်ချုပ်လုပ်ကိုင်ရတာ ဖြစ်တယ်.. လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့် ငြင်းပယ်ခွင့် စောတက တက်ခွင့် ရှိကိုရှိရမယယ် အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် အဲ့ဒီလို စောတက တက်ခွင့်တွေ ငြင်းဆန်ခွင့်တွေ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူးဆိုရင် အရင် မစလ ခေတ်က ဖြစ်ခဲ့သလိုမျိုးဘဲ ဘဝရှင်မင်းတရား ကြီး အမိန့်ပေးသမျှ အကုန်လုံး ကို ကြိုက် ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်

အကုန်လုံး ဘဝရှင်မင်းတရားကြီးကို မှန်ပါ့ ဘုရား ကောင်းပါ့ဘုရား မှန်ပါ့ ဘုရားချည်းဘဲ ကန်တော့ဦးတင်နေရတယ် အဲ့ဒီအတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ အခု ဒီဘက် ဆယ့်လေးနှစ်ကာလမှာလည်းဘဲ ၂၂ နှစ် ကာလမှာလည်းဘဲ မဆလ ခေတ်ကလိုဘဲ သွားနေပြီ လူတွေက အောက်က အဆင့်ဆင့် ကောင်းတာတွေဘဲ (Report)တင်ကျတယ် ဆိုတာတွေ အနိဌာ ရုံတွေ မကောင်းတာတွေ ဆိုလို့ရှိရင် လူကြီးတွေမသိအောင် ဖုံးကြတယ် ဖိကြတယ် လိမ်ကြတယ် ညာကြတယ် ဒါကြောင့်မို့ စာရင်းအင်းတွေတောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ လည်းမသိဘူး တိုင်းပြည်မှ လယ်ယာ ဘယ်လောက်ဧက တစ်တိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲဆိုတာလည်း မသိဘူး စပါးတစ်ဧကမှာ ဘယ်လောက်ဧက ထွက်တယ်ဆိုတာလည်း အမှန်အတိုင်းမသိဘူး။ သတင်းစာထဲမှာတော့ စပါးတွေက ဧက တစ်ရာ တစ်ဧကကို တင်း ၁၅ဝ ထွက်တယ်တို့ တင်း ၂၀ဝ ထွက်တယ်လို့ တင်နေကြတာ တကယ် တစ်ကယ်တော့ ဒါတွေက အမှန်မဟုတ်ဘူး

ဆရာတို့က အညာသားဆိုတော့ အညာအကြောင်း ကောင်းကောင်းသိတယ် အညာမှာ စပါးတင်း လေး၊ ငါးဆယ် ကိုတောင် အနိုင်နိုင် မိုးမှန်မှ လေမှန်မှ စပါး နဲနဲထွက်တာ အဲ့ဒါကို စပါးတင်း ၁၅ဝ ထွက်တယ် ၂၀ဝ ထွက်တယ်ဆိုပြီး ညာပြီးအစီရင်ခံကြတယ် အဲ့ဒီအခါကျတော့ စီမံကိန်းရေးဆွဲတဲ့အခါကျတော့ အလွဲအမှားတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့ကြရတယ် အဲ့ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုရင် တစ်သွေး တစ်သံ တစ်မိန့် စစ်တပ်ကို အုပ်ချုပ်တဲ့ ပုံစံနဲ့ အရပ်ဘက် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့အတွက် ဒါတွေဖြစ်ရတာ ဒါတွေ မဖြစ်စေချင်ရင် ဒီဟာကို ဆရာတို့က ပြောင်းလဲပစ်မှ ရမယ် ဒီမိုကရေစီ ရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ်အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး စစ်တပ်ပုံစံ သွင်းလို့မရဘူးဆိုတာကို သဘောပေါက် နားလည်ဖို့လိုတယ်။

မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိအခြေအနေကို ဆရာဘယ်လိုမြင်မိပါသလဲ။

ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား မြင်ထားပြီးသား ဖြစ်တယ် ဘာ့ကြောင့်လဲဆိုတော့ အစောကြီးကတည်းက ဆရာပြောထားပြီးတဲ့အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ်။ အဲ့တော့ စစ်တပ်က ဒီမိုကရေစီရောက်အောင် ရွေးကောက်ပွဲ ကိုမှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံခဲ့တဲ့အတွက် မီဒီယာတွေမှာလည်း ဆရာပြောခဲ့ပြီ ဆောင်းပါးအဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ ခေါင်းစဉ်ကတောင်မှ ယိမ်းကတဲ့အထဲ မပါတော့ဘူးတဲ့ ဒီမိုကရေစီ ယိမ်းကတဲ့အထဲ ဆရာဝင်မပါတော့ဘူး လို့ဆရာပြောခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ ဒီမိုကရေစီနဲ့ပတ်သက်တာတွေ ပြောလဲမပြောတော့ဘူး ရေးလည်းမရေးတော့ဘူး မသိကျိုးကျွန်ဘဲ နေလိုက်တယ် ဘာ့ကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ဆရာက မယုံကြည်ဘူး မယုံကြည်တဲ့အတွက် ဆရာက အဲ့လို ပျက်ပျက်ဘဲပြောခဲ့တယ်။

အခုလည်းဘဲ ဒါက လက်တွေ့ဖြစ်လာရပြီ သူတို့နဲ့ ရသလောက်ကလေး တိုးပြီးတော့ လုပ်ကြတာပေါ့ဆိုပြီး ဝင်လာတဲ့ နိုင်ငံရေးပါတီတွေ တောင်မှ နှာဖူးတွေ့ ဒူးတွေ့ တွေ့အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်းသိကုန်ကြပြီး (complain)တွေ အမျိုးမျိုးတက်နေကြတယ် ရွေးကောက်ပွဲ ကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုးပို့နေကြတယ်။

သို့သော်လည်း ဘာမှ မထူးခြားဘူး အဲ့ဒါကို ဆရာ့အနေနဲ့ကတော့ ဒီလွှတ်တော်ပြီးသွားရင်လည်း ဘာမှထူးမယ်လို့ မထင်ဘူး ရွေးကောက်ပွဲပြီးသွားလည်း ဘာမှ ထူးမယ်လို့မထင်ဘူး ဒါကြောင့်မို့ ဆရာက ပြောခဲ့ပြီ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ်ပြောခဲ့တယ် ၇၄ တုန်းကလိုဘဲ ဘာမှမထူးပါဘူးလို့ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိ တာထပ်စာရင်တော့ ရှိတာက ကောင်းတာပေါ့ဆိုပြီးတော့ ထောက်ခံခဲ့ကြတာဘဲ မဲပေးခဲ့ကြတာဘဲ အဲ့ဒီနောက် ရွေးကောက်ပွဲတွေ သုံးလေးကြိမ် လုပ်ခဲ့တာဘဲ တိုင်းပြည်ရဲ့ အခြေအနေက ဘာထူးလဲ ဘာမှမထူးဘူး။

အဲ့လို ရွေးကောက်ပွဲတွေ အခြေအတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာအဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်သွားတာဘဲ အခုလည်းဘဲ ဒီရွေးကောက်ပွဲ ပြီးလည်းဘဲ အသွင်သဏ္ဍာန်သာလျှင် ပြောင်းသွားတာပေါ့ အနှစ်သာရက ပြောင်းမသွားဘူး အနှစ်သာရက ပြောင်းသွားတယ် ရွေးကောက်ပွဲပြီးသွားလည်းဘဲ ဒီလိုအခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝရလိမ့်မယ်လို့ မထင်မိဘူး ဒါဆရာတစ်ဦးတည်းရဲ့ ထင်မြင်ချက်ဘဲ
၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းကနေပြီးတော့ ဦးနေဝင်းကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သားအစိုးရ ပေါ်လာခဲ့တာဘဲ အခုလည်းဘဲ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန် ကိုအာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရပေါ်လာမှာဘဲ ဒါဘဲကွာခြားသွားမှာဘဲ အနှစ်သာရအားဖြင့်တော့ ဘာမှထူးခြားမှာ မဟုတ်ဘူးလေ ,,,

ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်သားဘဲ ဦးသိန်းစိန်ဖြစ်သွားလည်း သူ့ရဲ့ ခံယူချက်တွေ သူ့ရဲ့ အမှုအကျင့်တွေ သူ့ရဲ့စရိုက်တွေကတော့ စစ်သားစရိုက်ဘဲ ရှိနေအုန်းမှာဘဲ အဲ့တော့ ဆရာကတော့ အနှစ်သာရ အရ ဘာမှ ထူးမယ်မထင်ဘူး ။