“…………………………….. မှ အစပြု၍”(ကိုပေါက်နဲ့ဆေးလိပ်အဆုံး)

“…………………………….. မှ အစပြု၍”(ကိုပေါက်နဲ့ဆေးလိပ်အဆုံး)

ကျွန်တော်ကျောင်းပြီးတော့ လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့အိမ်တစ်အိမ်မှာအလုပ်စလုပ်ပါတယ်။
ပုဂ္ဂလိက ပိုင်တဲ့လုပ်ငန်းပါ။
သူတို့အိမ်တစ်အိမ်လုံးက အသန့်ကြိုက် ကျန်းမာရေးကိုအထူးလိုက်စား ဇီဇာကြောင်
လူတွေကို ပညာတွေပေး ခဏခဏအမိန့်တွေထုတ်တတ်တဲ့မိသားစုပါ။
(ဒါပေမယ့် ဝန်ထမ်းတွေကို ပေးတာကမ်းတာကတော့ အတော်လေးကို ရက်ရောလို့သဘောကောင်းပါတယ်။)
သူတို့အိမ်မှာအဆိုးဆုံးကတော့အလုပ်ပိုင်ရှင်ရဲ့အမအပျိုကြီး “မမမွန် “ပါဘဲ။
မတွေ့လိုက်နဲ့တွေ့တာနဲ့ဆေးလိ်ပ်မသောက်ရေးတရားဟောပါတော့တယ်။
“ဆေးလိပ်သောက်တယ်ဆိုတာ လူမိုက်တွေရဲ့ ဉာဏ်မရှိတဲ့လူတွေရဲ့အလုပ်၊ ပိုက်ဆံကုန်တယ်၊အလုပ်ရှပ်တယ်၊ကျန်းမာရေးနဲ့မညီညွှတ်ဘူး၊အဆုပ်ရောဂါရပြီးသေမယ်၊
ညစ်ပတ်တယ်၊စွဲရင်ဖြတ်မရဘူး” ဆိုတာတွေကို ဥပမာ တွေဇာတ်ကြောင်းတွေနဲ့ပေါ့။
အဆုံးမှာတော့ “နောက်မသောက်နဲ့နော်”မှာ “မှာချွေစကား” က ပြီးဆုံးပါတယ်။

အရက်သမား မူးပြီးအပ်ကြောင်းထပ်အောင်ပြောတယ်ဆိုတာ “မမမွန် “မပြောသလောက်ဘဲရှိပါတယ်။
ကျွန်တော်တို့ မနက်အလုပ်ဝင်ရင်ဖြစ်ဖြစ် နေ့လည်ထမင်းစားကပြန်လာလို့ အလုပ်ဝင်လာတဲ့
အချိန်မှာဘဲဖြစ်ဖြစ် “မမမွန် “က အဝင်ပေါက်ဝကစောင့်ပြီး ဝင်လာသူတိုင်းကို ပါးစပ် “ဟ”
ပြီး “ဟား”လို့အော်ခိုင်းပြီး ဆေးလိပ်သောက်မသောက်ကို ပါးစပ်နားကပ်ပြီးအနံ့ခံပါတယ်။
ဆေးလိပ်နံ့ရလို့ကတော့ “ဆေးလိပ်သောက်တယ်ဆိုတာ……………….”ကနေ့အစချီလို့
“နောက်မသောက်နဲ့နော်”မှာအဆုံးသတ်တာကို တစ်ယောက်ဝင်လာရင်တစ်ခါပြောပါတယ်။
ကျွန်တော်တို့လိုဆေးလိပ်မသောက်တဲ့လူလဲ မလွတ်ပါဘူး နားထောင်ရတာပါဘဲ။
ကြာတော့လည်း “မမမွန်“မအားလို့ အပြင်သွားနေလို့များ “မှာချွေစကား”မကြားရတဲ့နေမျုးိမှာ
ဆိုရင် “ရင်မှာ ဟာတာတာနဲ့တစ်ခုလိုအပ်နေလို့”ဆိုတဲ့သီချင်းစာသားလေးအတိုင်းပါဘဲ။

“မသောက်လဲနားပူ သောက်လဲနားပူ မထူးဘူး”ဆိုပြီးကျွန်တော်လည်းဆေးလိပ်သောက်တဲ့စာရင်းထဲ
မှာပါသွားပါတယ်။နောက်ကျွန်တော့်စရိုက်ဆိုးအတိုင်း “ဆေးလိပ်ဆိုတာသောက်မိရင်ဖြတ်မရဘူး “
ဆိုတာကိုလဲ မယုံကြည်တာ စမ်းကြည့်ချင်တာဆိုတဲ့စိတ်ကလေးလဲပါသပေါ့နော်။
ဒါနဲ့ဘဲနေ့လည်ထမင်းစားပြီးတဲ့အခါ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စီးကရက်တစ်လိ်ပ်နေ့စဉ်သောက်ဖြစ်ပါတယ်။
“မမမွန်“ရှေ့ရောက်လို့ ပါးစပ်ဟပြီးအစစ်ခံရင် “ကိုပေါက် နင်လဲပျက်စီးနေပြီ “လို့များအပြောခံရရင် စိတ်ထဲကျေနပ်
နေသလိုပါဘဲ။
ဒီလိုနဲ့ကြာလာတော့ နေ့တစ်လိပ်ကနေ ညပိုင်းအလုပ်ပြီးလို့သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်လဲ
တစ်လိပ်သောက်ဖြစ်လာပါတယ်။
အဲဒီတုံးကတော့ ဆေးလိပ်သောက်တာကိုက အပေါ်ကလူကိုဆန့်ကျင်ရဲတယ်ဆိုတဲ့အတွေးမှားကြီးနဲ့
ကျေနပ်နေတာပါ။

ဆေးလိပ်နဲ့ပါတ်သက်ပြီးဖွဲ့ဆိုထားခဲ့ကြတဲ့သီချင်းတွေကလဲအများကြီးပါ။
နာမယ်ကျော် စိုင်းထီးဆိုင်ရဲ့ “ဆေးတံတို” ဆိုတဲ့သီချင်း
“ ဆေးတံလေးကို ပါးစပ်မှာအသာလျှို ဘုရင့်သမီးနဲ့စုံတွဲခုတ်ရသလို
…………ဇိ်မ် ဇိမ် ဇိမ်ဘဲဗျု ိ ဇိမ်တကာဇိမ်မှာ ဗိုလ် …ကျနော်အသဲလေးဆေးတံတို”ဆိုတဲ့စာသားလေးများ
ကို ကြားရင်အဖေငယ်ငယ် ဆေးတံခဲနေပုံကိုပြန်မြင်ယောင်မိပါတယ်။
ကိုသန်းနိုင်ရဲ့ “ပေတရာလမ်းမ အနက်ရောင်လေး အပေါ်……………ငါလျှောက်သွားရင်းနဲ့လမ်းမှာတွေ့တယ်အဖော်……………စီးကရက်တစ်လိပ်ကို ရှိုက်ခါဖွာ…………………..”ဆိုတဲ့ “လမ်းဆက်လျှောက်မယ်”ဆိုတဲ့သီချင်း၊
ကိုစိန်လွင်ရဲ့ “ဒူးယားတစ်လိပ်ကိုယ် ဖွာရင် အမြဲလိုဘယ်ရင်တွေခုန်……………..တည်ငြိမ်အောင်စီးကရက်ဝယ်သောက်”ဆိုတဲ့ စီးကရက်အမှတ်……………..သီချင်းတို့၊
ကိုဘိုဘိုဟန်ရဲ့” သုံးကျပ်ကို တစ်လိပ်နဲ့ သုံးကျပ်ကိုတစ်လိပ်နဲ့ခေါင်းမူးသွားပြီဒူးယားသည်ရေ…………………”တု့ိစီးကရက်သီချင်းများက
လည်း ဆေးလိပ်သောက်သူများအတွက်ရှယ်ပါ။
တစ်ခါကတော့အိမ်က တိပ်ခွေအဟောင်းတစ်ခွေကိုကက်ဆက်ထဲ ထည့်ဖွင့်လိုက်တဲ့အခါ
“ဆေးလိပ်တွေလည်းဖြတ်မယ်ဆို ပိုသောက်နေ ………..အဟွတ်…….အဟွတ် “ဆိုလို့မကြားဘူးတဲ့အသံဖြစ်နေလို့
မေးကြည့်တော့
မန်းလေးရှဲလ်တီးဝိုင်းက “ဘိုတောက်”ပါတဲ့၊
သူဆိုထားတဲ့ မုဒ်ကတော့ အရမ်းလန်းပါတယ်။

နောက်စီးကရက်ကို ပိုသောက်ဖြစ်သွားတဲ့အကြောင်းတစ်ခုကတော့
ကျွန်တော်နဲ့တက္ကသိုလ်တုန်းက သူငယ်ချင်းကောင်မလေးက တိုးရစ်စ်ဂိုက်(ဧည့်လမ်းညွှန်)
ဖြစ်သွားပါတယ်။သူပို့ရတဲ့ဧည့်သည်တွေက ပြန်ခါနီးဆိုရင် မြန်မာငွေတွေ မသုံးတော့တဲ့ပစ္စည်းတွေ၊စီးကရက်တွေကျန်နေခဲ့ရင်သူ့ကိုလက်ဆောင်
ပေးသွားခဲ့ပါတယ်။
သူကဆေးလိပ်မသောက်တော့ ကျွန်တော့်ကိုပြန်လက်ဆောင်ပေးသပေါ့။
အဲဒီကစပြီးနိုင်ငံခြားဆေးလိပ်တွေကို ကျွန်တော်သောက်ဘူးလာပါတယ်။
တံဆိပ်မျုးိစုံအရသာမျုးိစုံပေါ့။တကယ်လို့များကျွန်တော်မကြိုက်တဲ့တံဆိပ်ပါလာရင်
မြန်မာပြည်ဖြစ်စီးကရက်နဲ့လဲသောက်ပါတယ်။
ဒါပေမယ့်လဲအဲဒီတုန်းကစီးကရက်သောက်တယ်ဆိုတာ တစ်နေ့နှစ်လိပ်သုံးလိပ်ထက်မပိုပါဘူး။

နောက်သုံးနှစ်လောက်အကြာမှာ ကျွန်တော်နောက်အလုပ်တစ်ခုပြောင်းပါတယ်။
လူကလဲအသက်သုံးဆယ် လူလတ်ပိုင်းကိုရောက်လာပါတယ်။
နောက်ပြောင်းတဲ့အလုပ်ကတော့ အရင်အလုပ်လိုလဲ စည်းကမ်းမတင်းကျပ်၊
နောက်ဘွဲ့ရပြီးသားလူလတ်ပိုင်းအရွယ်ဆိုတော့ ကိုယ့်ဘာသာကိုယ်ထိန်းကျောင်းလို့နေရတဲ့
အရွယ်ရောက်လာပါတယ်။
လူ့ထုံးစံအတိုင်းလွတ်လပ်တယ်ဆိုရင် အဲဒီအခွင့်အရေးကို အပြည့်အဝအသုံးချပါတယ်။
ဒီအလုပ်က အလုပ်ထဲမှာဆေးလိပ်သောက်ရင်လဲခွင့်ပြုထားတော့
အရင် လက်ဖက်ရည်ဆိုင်ထိုင်မှ သောက်လို့ရတဲ့စီးကရက်ကို အလုပ်ထဲမှာလဲသောက်လာပါတော့တယ်။
ဒီတော့ တစ်နေ့နှစ်လိပ်သုံးလိပ်ကနေလေးငါးလိပ်အဆင့်ကိုရောက်လာပါတယ်။
နောက်ပိုင်း ရုံးထိုင်အလုပ်ကနေ အပြင်ကိုထွက်လို့ ဆောင်ရွက်ရတဲ့အရောင်းသမားဘဝကိုရောက်လာပြန်ပါတယ်။
အပြင်လောကဈေးလောကထဲလဲရောက်ရော လက်ဖက်ရည်ဆိုင်ကိုထိုင်တဲ့အခါဖြစ်ဖြစ်ကိုယ့်ဖောက်သည်ဆိုင်တွေ
ကိုရောက်ရင်ဘဲဖြစ်ဖြစ် ကိုယ်ကဧည့်ခံ သူကဧည့်ခံနဲ့ အပြန်အလှန်ဧည့်ခံလိုက်ကြတာတစ်ရက်ဆေးလိပ်သောက်နုှန်းက
ဆယ်ဂဏန်းကို အလိုလိုရောက်မှန်းမသိရောက်လာပါတယ်။

အဲဒီအချိန်တုံးကအပြင်မှာသာဆေးလိပ်သောက်တာ အိမ်ရောက်ရင်ဆေးလိပ်မသောက်ပါဘူး။
အိ်မ်မှာလဲ ဆေးလိပ်မထားတော့ သောက်ချင်တယ်ဆိုလဲ အဆင်သင့်မရှိပါဘူး။
နောက်ပြီးတော့ ဆေးလိပ်ကိုလဲ သောက်ချင်မှ ကွမ်းယာဆိုင်ကနေ တစ်လိပ်ခြင်းနှစ်လိပ်ခြင်း
ဝယ်သောက်တဲ့အဆင့်ပါ။
နောက်တစ်ဆင့်တက်လာတာကတော့ တစ်လိပ်ခြင်းဝယ်သောက်ရင် တစ်လိပ် 50ကျပ်။
တစ်နေ့ဆယ်လိပ်ဆိုရင် နှစ်ရက်တစ်ဘူးကုန်တယ်။စုစုပေါင်းတစ်ထောင်ကျပ်ကုန်ပါတယ်။
ဘူးလိုက်ဝယ်သောက်ရင်တစ်ဘူးမှ 600ကျပ် ဆိုတော့ နှစ်ရက်ဆိုရင် 400ကျပ်သက်သာတယ်
ဆိုပြီးဈေးတွက် တွက်လာပါတယ်။
နောက်ခရီးတွေဘာတွေထွက်တဲ့အခါမျိုးတို့၊အပြင်ရောက်လို့ ဆေးလိပ်သောက်ချင်လို့ကွမ်းယာဆိုင်
မှာကိုယ်သောက်နေကျ စီးကရက်တံဆိပ်မရှိတာတို့၊နောက်ဧည့်သည်တွေနဲ့သွားကြလာကြတဲ့အခါ
သူများတွေက စီးကရက်ဘူးထဲက ထုတ်ပြီးဧည့်ခံပေမယ့် ကိုယ်က တစ်လိပ်ခြင်းဝယ်သောက်တဲ့လူ
ဖြစ်နေတာက သူများထက်နိမ့်နေသလိုခံစားရတာရယ်ကြောင့် တစ်ဆင့်တက်ပြီး ဘူးလိုက်ဝယ်သောက်
ပါတော့တယ်။
ဘူးလိုက်ဝယ်သောက်တာ သိပ်ကိုအဆင်ပြေပါတယ်။
ဆေးလိပ်သောက်ချင်တယ်ဆိုရင်လက်တစ်ကမ်းမှာပေါ့ ။
အရင်လိုဆေးလိပ်သောက်ချင်စိတ်ပေါ်တာနဲ့ကွမ်းယာဆိုင်သွားဝယ်စရာမလို၊
ဘယ်နေရာရောက်ရောက် ကိုယ့်ဘူးကိုယ်ဖွင့်သောက်လိုက်ရုံပါဘဲ။

တစ်စထက်တစ်တိုးတက်လာတာကတော့ ဒီနေ့ညနေကဝယ်လိုက်တဲ့စီးကရက်တစ်ဘူးက
နောက်နေ့ညနေဆိုရင် အသစ်ထပ်ဝယ်ရတော့ တစ်ရက်တစ်ဘူးနှုန်းဖြစ်လာတာပါဘဲ။
ဖြစ်ချင်တော့လက်ဖက်ရည်ဆိုင်တွေမှာ မိတ်ဆွေတွေနဲ့အတူထိုင်ကြတဲ့အခါ သူများကယူယူသောက်
တော့ ကိုယ်သောက်ချင်ပြီဆိုရင်ဆေးလိပ်က ကုန်နေတတ်ပြန်ရော။
အဲတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုရင် ဆိုင်ကချပေးတဲ့စီးကရက် “ငါးလိပ်ပါတစ်ပွဲ” ချခိုင်းပြီးသောက်ပါတယ်။
ထိုင်တာကြာရင်ကြာသလောက်စကားပြောရင်းသောက်တော့ လက်ဖက်ရည်ဆိုင်မှာအပေါင်းအသင်းတွေနဲ့တစ်ခါထိုင်ရင် ဆေးလိပ်ဘယ်နှစ်ပွဲမှာသောက်မိတယ် ကိုယ့်ပါးစပ်ထဲ ဘယ်နှစ်လိပ်သောက်မိမှန်းတောင်မသိတော့ပါဘူး။
ကျွန်တော်တို့အုပ်စု ထသွားပြီဆိုရင် ဆေးလိပ်တိုတွေက ပြန့်ကျဲ လို့ပါဘဲ။

စီးကရက် က အမြဲတမ်းဘူးလိုက်ဝယ်သောက်ဖြစ်တယ်ဆိုတော့ အိမ်မှာဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ်လမ်းမှာဖြစ်ဖြစ်
သောက်ချင်စိတ်ပေါက်တယ်ဆိုရင် အဆင့်သင့်ဖြစ်နေပါတယ်။
ဒီတော့လဲ တစ်စထက်တစ် သောက်တဲ့နှုန်းက မြင့်မှန်းမသိ မြင့်သထက်မြင့်လာပြီး သောက်ရင်းသောက်ရင်းနဲ့ တစ်ရက်တစ်ဘူးနုှန်းကနေ နှစ်ဘူးနားနီးတဲ့အဆင့်မြင့်ဆေးလိပ်သမားဘဝကိုရောက်လာပါတယ်။

လူကြီးတွေရော ခင်မင်တဲ့မိတ်ဆွေတွေက ဆေးလိပ်သောက်တာများပြီ လျှော့သောက်တို့၊
အိမ်ကလေဒီပေါက်လဲ ဆေးလိပ်ဖြတ်မဖြတ်ရင် ရှင့်ကိုတော့ ဖြတ်ရမှာဘဲတို့၊
အကြံပေးတာ တားမြစ်တာတွေ ကို လဲဂရုမစိုက် “ကိုယ်ကြိုက်လို့ကိုယ်သောက်တာ”ဆိုပြီး
သောက်မြဲသောက်ဆဲ ထင်ရာစိုင်းမြဲပါဘဲ။
အားနေတဲ့အချိန် ပျင်းရိ ညည်းငွေ့နေတဲ့အချိန် တစ်ယောက်ထည်းနေတဲ့အချိန်များမှာ
ဆေးလိပ်လေးဖွာလိုက်လို့ ထွက်လာတဲ့မီးခိုးငွေ့လေးတွေကိုကြည့်ရတာအတော်လေးလှ
တယ်လို့လဲ ထင်မိခဲ့ပါတယ်။
စိတ်တွေသိပ်ရှုပ်ထွေးနေရင် စီးကရက်ဖွာသက်ပြင်းတွေချပြီး မီးခိုးတွေမူတ်ထုတ်လိုက်ရင်
စိတ်ညစ်စရာတွေပါသွာ းသလို လဲ တွေးဘူးပါတယ်။
ဆေးလိပ်လေးသောက်ပြီးစဉ်းစားရင် အကြံကောင်းဉာဏ်ကောင်းတွေထွက်တယ်လို့လဲ
စိတ်ထဲမှာ မှတ်ယူဘူးပါတယ်။
အမှန်ကတော့ မှားတာကို မှန်တယ်ထင်ခဲ့ဘူးတာပါ။

သင်္ကြန်ပိတ်ရက်တစ်ရက် အိမ်သန့်ရှင်းရေးလုပ်ကြတဲ့အခါ ပီနံအိတ်ကြီးတစ်လုံးထွက်လာပါတယ်၊
ကျွန်တော်က “ဘာတွေလဲ” လို့မေးလိုက်တဲ့အခါ လေဒီပေါက်က ရီကျဲကျဲနဲ့ “သိချင်ရင်ဖွင့်ကြည့်”
လို့ပြောပါတယ်။
အဲဒီအိတ်ကို လွတ်ရာကျွတ်ရာရွှေ့ထားပြီး အားလုံးသန့်ရှင်းရေးလုပ်ပြီးတာ့အခါဖွင့်ကြည့်လိုက်တော့
ကျွန်တော်သောက်ထားတဲ့စီးကရက်ဘူးခွံတွေဖြစ်နေပါတယ်။
အကြမ်းဖျဉ်းရေကြည့်လိုက်တာကို နှစ်ရာ- သုံးရာကျော်ကျော်လောက်ရှိပါတယ်။
ဘေးကရပ်နေတဲ့ မဒမ်ပေါက် တစ်ဘူးကိုခြောက်ရာနဲ့တွက်ကြည့်လိုက်လို့ပြောပြီးရီနေပါတယ်။
ကျွန်တော်ကတော့ ခြောက်ရာနဲ့မမြှောက်ဘဲ 20နဲ့မြှောက်ကြည့်လိုက်တော့ ဘယ်နေ့ဘယ်ရက်ကသိမ်းထားတယ်ဆိုတာ
ဘယ်လောက်ကြာပြီဆိုတာမသိပေမယ့်လဲ ဘူးခွံတွေကြည့်ရတာ သိပ်မကြာသေးဘူးလို့ ထင်ရပါတယ်။
အမှန်အတိုင်းပြောရင်တော်တော်လေး လန့်သွားပါတယ်။
ငါသောက်တာများပြီပေါ့။
နောက်နေ့ကစပြီး ဆေးလိပ်ကိုလျှော့သောက်မယ်ဆိုဆုံးဖြတ်တဲ့အတိုင်း မနက်လက်ဘက်ရည်ဆိုင်ထိုင်ရင်တစ်လိပ်၊
နေ့လည်ထမင်းစားပြီးရင်းတစ်လိပ်၊ညဆိုရင်တစ်လိပ် တစ်ရက်ကိုသုံးလိပ်ဘဲသောက်မယ်ဆိုပြီးဆုံးဖြတ်လို့ အဲဒီအတိုင်း
ဘဲလျှော့သောက်ပါတယ်။စီးကရက်ကိုလည်းဘူးလိုက်မဝယ်ဘဲ တစ်လိပ်ခြင်းဝယ်သောက်ပါတယ်။
ခက်တာက သူငယ်ချင်းများနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်၊ဆေးလိပ်ယူသောက်နေကျမိတ်ဆွေများကထူးထူးဆန်းဆန်း
ဆေးလိပ်လျှော့သောက်တယ်ဆိုတဲ့ကျွန်တော့် ကိုမယုံသလိုကြည့်ကြပါတယ်။
တစ်ချို့ကလဲ တစ်သက်မှာ တစ်ခါသေပါကွာ ဆိုပြီးသောက်ခိုင်းတော့ ကျွန်တော်ကလဲ နဂို်ရ်ကထဲကမှ
ဆေးလိပ်ကို သံယောဇဉ်မပြတ်သူဆိုတော့ လေးငါးရက်လောက်သာလျှော့သောက်ဖြစ်ပြီး ဒုံရင်း ဒုံရင်းဘဲ
ပြန်ရောက်လို့ အရင်သောက်နှုန်းအတိုင်းပြန်သောက်ဖြစ်ပါတော့တယ်။

တစ်ရက်မိုးနည်းနည်းမိလာတာကို အဝတ်စိုတွေ မလဲဘဲ ဒီအတိုင်းနေလိုက်တာကနေ အအေးမိပြီးဖျားပါတော့တယ်။
အဖျားကပျောက်သွားပေမယ့် ချောင်းဆိုတာက ကျန်နေပါတယ်။
ချောင်းဆိုးတာက တစ်ပါတ်နေလဲမပျောက် နှစ်ပါတ်နေလဲမပျောက်နဲ့ဖြစ်နေပါတယ်။
အဲတော့လည်း အားလုံးကစိတ်ပူပြီး ဆေးစစ်ခို်င်းပါတော့တယ်။
လူကလဲ မစားနိုင်မသောက်နိုင် တပိန်ပိန် တလိန်လိန်ချောင်းကလဲ တဟွတ်ဟွတ်ဆိုတော့
အားလုံးက အားပေးကြပါတယ် “မီးခိုးခေါင်းတိုင်လို အခိုးထွက်အောင် သောက်တဲ့ကောင်
အဆုပ်တော့ ဇကာပေါက်ဖြစ်နေမှသေချာပေါက်ဘဲ”လို့ပါ။
အဲဒါနဲ့ဆေးခန်းတွေသွားဆေးတွေစစ်နဲ့လုပ်လိုက်ရတာ စိတ်တွေတောင်လေပါတယ်။
ကုန်လိုက်တဲ့ ပိုက်ပိုက်တွေကလဲ အထပ်လိုက်ပေါ့။
ဆေးစစ်ချက် အဖြေမထွက်ခင်မှာတော့ ငါတော့သွားပြီဆိုပြီး စိတ်တွေဆင်းရဲလို့ပါ။
နောက်တော့လဲ ထွက်လာတဲ့ဆေးစစ်ချက်က ဝမ်းသာစရာ”အဆုပ်မှာပိုးတော့ရှိတယ်
ရောဂါကြီးကြီးမားမားတော့ မရှိဘူး ဒါပေမယ့်ဆေးလိပ်ရှောင်နိုင်ရင်ကောင်းမယ်”လို့
အကြံတွေပေးပါတယ်။

အဲဒါနဲ့ဘဲဆေးလိပ်ဖြတ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ကစလို့ အိမ်မှာ
ရုံးမှာ သောက်လက်စ တစ်ဝက်တစ်ပိုင်းကျန်နေတဲ့စီးကရက်ဘူးတွေကို
အမိူက်ပုံးထဲ ထည့်လိုက်ပြီး မီးခြစ်တွေကိုပါ သူများကိုပေးလိုက်ပါတယ်။
ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးပါတဲ့ဆေးတွေသောက်၊
ဆေးလိပ်ကိုလဲလုံးဝဖြတ်။
မနက်စောစောထ လမ်းလျှောက်အသက်ရူလေ့ကျင့်ခန်းတွေလုပ်၊သေမှာကြောက်တော့ ကျန်းမာရေးကိုအထူးလိုက်စားလိုက်တာလေးငါးလအကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်။

ဆေးလိပ်ကို မကောင်းဘူးလို့တော့မပြောချင်ပါဘူး။
ကျွန်တော်လဲ ကောင်းတယ်ထင်လို့သောက်လာခဲ့တာပါ။
ကောင်းလို့လဲ ရှေးကတည်းက ခေတ်အဆက်ဆက်ရှိလာခဲ့တာပါ။
မကောင်းတာက တော့ နောက်ဆက်တွဲအကျိုးဆက်တွေပါဘဲ။
ဘာတွေမကောင်းဘူးလဲဆိုတာတော့ မပြောတော့ပါဘူး။
အားလုံးလဲသိပြီးသားဖြစ်နေကြလို့ပါဘဲ။
ကျန်းမာရေးရူ့ဒေါင့်၊လူမူ့ရေးရူ့ဒေါင့် အစရှိတဲ့ဒေါင့်တွေကနေ ကြည့်လို့ ဆေးလိပ်နဲ့ပါတ်သက်လို့
ရေးထားကြတဲ့ စာတွေ အများမှ အများကြီးဆိုတော့ ကျွန်တော်ဝင်မပြောတော့ပါဘူး။
ဆေးလိပ်ဖြတ်မယ်ဆိုရင်အကောင်းဆုံးကတော့ နည်းနည်းခြင်းလျှော့သောက်မယ်ဆိုတာထက်
ယတိပြတ်ဖြတ်လို်က်တာ အကောင်းဆုံးပါ။
သူများတွေတော့ မသိဘူး ကျွန်တော်ကတော့ အတွင်းစိ်တ်ထဲကကို ဆေးလိပ်သောက်ချင်စိတ်က တကယ်ကိုပျောက်သွားလို့လား
စိတ်နိုင်လို့လားတော့ မသိဘူး ဆေးလိပ်ပြတ်သွားတာကတော့အမှန်ပါဘဲ။
အခုဆေးလိပ်မသောက်တာ (2)နှစ်နီးပါးတော့ရောက်သွားပါပြီ။
ကျွန်တော်နဲ့တစ်ဝိုင်းထဲထိုင်နေသူကဘဲသောက်သောက်၊
ဘေးနားကလူကဘဲသောက်သောက် ကျွန်တော်ကတော့
သောက်ချင်စိတ်ဖြစ်မလာတာတော့ အမှန်ပါဘဲ။

ကျွန်တော်ဆေးလိပ်မသောက်တော့တဲ့အခါ အပျော်ဆုံးလူတစ်ယောက်ရှိပါတယ်။
သူ့မှတ်ချက်လေးကို နားထောင်ကြည့်လိုက်ပါလား။
“ကိုပေါက်ဆေးလိပ်မသောက်တော့တာ ကျမတော့ အရမ်းဝမ်းသာတာဘဲ၊
ခါတိုင်းဆိုရင် သောက်ပြီး လျှောက်ပစ်ထားတဲ့ဆေးလိပ်တိုတွေကို ခုံကြိုခုံကြားတွေ
စားပွဲခုံအောက်တွေလိုက်လိုက်ပြီး ရှာရ တာ တံမျက်စည်းလှည်းရတာ အရမ်းကိုအလုပ်ရှုပ်တာ
အခုတော့ အရမ်းကိုသက်သာသွားပြီ ပြန်မသောက်နဲ့တော့နော် “တဲ့။
ကျွန်တော်တို့ရုံးက သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးရဲ့မှတ်ချက်လေးပါ။
ကောင်းမှကောင်း………………………………………….။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

3 comments

  • bigcat

    February 4, 2011 at 6:24 am

    ဥိးပေါက်ကို စီးကရက် ကုမ္မဏီက အရောင်းကောင်မလေးတွေက လူကြောက်ကြီး အရှုံးသမားကြီး။ လမ်းတွေ့ရင် မခေါ်ပါနဲ့ မုန်းတယ်တဲ့။

  • naywoonni

    February 4, 2011 at 10:53 am

    စီးကရက်ဈေးနှုန်းက ပုံမှန်အတိုင်း တက်မလာပဲ တန့်သွား ကိုပေါက် စီးကရက်ဖြတ်လိုက်တာကြောင့်ဖြစ်မယ်ထင်တယ်။ 😛

  • unclegyi1974

    February 4, 2011 at 3:02 pm

    သန့်ရှင်းရေးလုပ်တဲ့အဒေါ်ကြီးပါပဲ
    ဒါပေသိအိမ်ကသန့်ရှင်းရေးလုပ်နေတဲ့
    အဒေါ်ကြီးကပိုဝမ်းသာတာနေမှာပါ ကိုပေါက်ရယ်

Leave a Reply