အာဆီယံနှုန်းနှင့်အညီ ဝန်ထမ်းလစာ များရရှိတော့မည်

zaw mgFebruary 4, 20111min17418

အာဆီယံနှုန်းနှင့်အညီ ဝန်ထမ်းလစာ များရရှိတော့မည်

မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်မှ ဝန်ထမ်းများကို အာဆီယံနှုန်းထားနှင့်အညီ လစာများပေးမည်ဟု နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်း များအကြား နှင့် စစ်တပ်အသိုင်းဝိုင်းများမှစုံစမ်းသိရှိရသည်။

အာဆီယံနှုန်းထားအရ အနိမ့်ဆုံးလစာမှာ ကျပ် တသိန်း ဖြစ်ပြီး လက်ထောက် ညွှန်ကြားရေးမှူး တဦး ၏ လစာသည် ကျပ် ခြောက်သိန်း ခန့် ရမည် ဖြစ်ကြောင်း အစိုးရဝန်ထမ်းအရာရှိတစ်ဦး၏ပြောကြားချက်အရသိရသည်။

ထိုကဲ့သို့ လစာများတိုးပေးနိုင်ရန် ဝန်ကြီးဌာန ၄ဝ ခန့်ရှိသည့်အနက် ၁၈ ခုခန့်အထိ လျှော့ချသွားမည်ဖြစ်ပြီး ဝန်ထမ်းအရေအတွက် ကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရသစ်အတွက် သမ္မတ အသစ်၏ လစာ သည် ကျပ် သိန်း ၅ဝ ရရှိမည်ဖြစ်ပြီး ဒုတိယ သမ္မတမှာ လစာ ကျပ် သိန်း ၄၀၊ ပြည် နယ် လွှတ်တော် အမတ်များမှာမူ လစာ ကျပ် ၂ သိန်း ရရှိမည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ် နေသည်။

အစိုးရဝန်ထမ်းများ လစာ အဆမတန်တိုးပါက အစိုးရထံမှ ငွေများ ငွေကြေးဈေးကွက်အတွင်းသို့ ဝင်လာပြီး ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်ဈေးနှုန်း မတည်ငြိမ်မှုဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက လုပ်ငန်း ဝန်ထမ်းတဦးက“အစိုးရဝန်ထမ်းတွေ လစာတိုးရင် ကျနော်တို့ ပုဂ္ဂလိက ဝန်ထမ်းတွေလည်း တိုး သင့် ပါတယ်။ သူတို့ လစာတိုးပြီး ကျနော်တို့မတိုးရင် ကုန်ဈေးနှုန်းကို လိုက်မမီဖြစ်မှာ စိုးရိမ် ပါတယ်”ဟု ပြောသည်။

၂၀၁ဝ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ အစိုးရ ဝန်ကြီး ဌာနများရှိ အောက်ခြေ အဆင့်မှ ညွှန်ချုပ် အဆင့်အထိ ဝန်ထမ်းများကို  လ စာ ငွေ ကျပ် ၂၀၀၀ဝ စီ တိုးမြှင့်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ရွှေဈေးနှုန်းမှာ တကျပ်သား လျှင် ကျပ် ၄၀၀ဝ ကျော် တက်သွားခဲ့ဖူးကြောင်းသိရသည်။

စစ်အစိုးရက ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်တွင် ဝန်ထမ်းများ လစာတိုးမြှင့်ခဲ့ပြီး အနိမ့်ဆုံး ဝန်ထမ်းလစာဖြစ်သော ကျပ် ၃၀၀ဝ – ၃၅၀ဝ ကျပ် ကို ၁၅၀၀ဝ -၂၀၀၀ဝ အထိလည်းကောင်း၊ ပြန်တမ်းဝင် အရာရှိများ၏ လစာကို အနိမ့်ဆုံး ၈၀၀၀ဝ မှစပြီး ၂၀၀၀၀ဝ အထိတိုးမြှင့်ခဲ့သည်။ ထိုကာလက စစ်ဗိုလ်၊ စစ်သားများ၏ လစာကိုလည်း အရပ်သားဝန်ထမ်းများထက် အဆများစွာ တိုးပေးခဲ့ သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ဝန်ထမ်းလစာများ တိုးမြှင့်ခဲ့ရာ ၁၉၄၈ ခုနှစ်တွင်တကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင်တကြိမ်၊ ၂၀၀ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင်တကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်တကြိမ် ၊ ၂၀၁ဝ ပြည့်နှစ် ဇန်နဝါရီလတွင် တကြိမ် တိုးမြှင့်ပေးခဲ့ပြီး စုစုပေါင်း ရ ကြိမ် ရှိပြီဖြစ်သည်။

18 comments

  • search123

    February 4, 2011 at 10:27 am

    ကုန်ဈေးနှုန်းတွေအရမ်းတက်လာမှာကိုလန့်တယ်။

  • naywoonni

    February 4, 2011 at 10:41 am

    အဲဒါတစ်ကယ်လား။ တစ်ကယ်ဟုတ်မဟုတ်တော့ မသေချာဘူးနော်။ နေပြည်တော်နားမှာ ဆားဈေးက ဆယ်ရက်အတွင်း ပိဿာချိန်50ဝင်တစ်အိတ်ကို 6500ကနေ 9000ကျော်သွားပါပြီ ခင်ဗျား..။ အဲဒါလစာကြောင့်မဟုတ်သေးဘူးနော်။ ဆီဈေးနဲ့ လမ်းတံတားတွေ ဖြတ်ခ ကြေးနှုန်းမြင့်သွားလို့တဲ့လေ။ လက်လီဈေး သုံးပိဿာ ငါးရာကနေ တစ်ပိဿာ နှစ်ရာ့ငါးဆယ် ဖြစ်နေပြီနော်။

  • ဆူး

    February 4, 2011 at 12:40 pm

    ဝန်ထမ်းတွေ လစာ တိုးပေးပြီးရင်တော့ ကြားပေါက် အတင်းအပြူအပြဲ ဖြဲရဲပြီး မတရားကာရော ရှာချင်နေတဲ့ စိတ်ကို ပြုပြင်ရမယ်။ ဘယ်လောက် တိုးပေးပေး အဲဒီ အကျင့်တွေ မပြင်နိုင်ရင်တော့ ဘယ်တော့မှ တိုးတက် ပြောင်းလဲမှာ မဟုတ်ပါ။

  • eros

    February 4, 2011 at 12:47 pm

    ဒီကိစ္စကို ကြိုဆိုရမှာပဲ။ကြားရတာဝမ်းသာစရာပဲ။ ဘာဆိုင်လို့လဲ။ လစာတိုးတာနဲ့ ဈေးတက်တာနဲ့ ဘာမှမဆိုင်ဘူး။ နဂိုကတည်းက မလောက်မင ရနေရတာ။ အလကားနေရင်း လစာတိုးတာနဲ့ ဝိသမလောဘနဲ့ ဈေးတင်တော့မယ့်ကောင်တွေကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် အမြစ်ပြတ် ချေမှုန်းရမယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ လစာတိုးတာနဲ့ဈေးတွေကတက် မလောက်မငှပြန်ဖြစ်၊ ခြစား၊ လာဘ်စား၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ရစ်၊ညစ်၊ငွေညှစ်။ ပြည်သူတွေကဒုက္ခရောက် အဆိုးသံသရာလည်နေတာပဲ။ တရားခံက ဝိသမလောဘနဲ့ ဈေးတက်တဲ့ကောင်တွေပဲ။ ဝန်ထမ်းများ ရတဲ့လစာနဲ့ လောက်လောက်ငှငှ လူတန်းစေ့ချောင်ချောင်လည်လည် နေနိုင်တာဝိုင်းပြီးမုဒိတာပွားကြစို့။ဒါပြီးရင်တော့ လာဘ်စားတဲ့ကိစ္စတွေကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဘယ်သူပဲဖြစ်ဖြစ် ရှင်းလင်းနှိမ်နင်းနှိပ်ကွပ် အရေးယူရမယ်။

  • nyimalay

    February 5, 2011 at 5:17 am

    တကယ်ကြီးလားဟင်…….. သေချာသွားရင် ထပ်ပြောအုံးနော်….

  • bigcat

    February 5, 2011 at 6:33 am

    ရွှေသာဝယ်စုထားကြပေတော့။ ရွှေတကျပ်သား တသန်းပေးရမဲ့ ‘သန်းရွှေခေတ်ရောက်တော့မည်မှာမလွဲဧကန်ဖြစ်တော့မည်’။

  • Sweethome

    February 5, 2011 at 8:37 am

    ဘယ်လိုလုပ်ရမလဲ…လစာထုတ်ရင်နိုင်ပါမလား…ငွေထုပ်ထမ်းဖို့လေ..ဟဲဟဲ.

  • kai

    February 5, 2011 at 8:37 am

    အစိုးရ(ဟောင်း)သစ်လက်ထဲ နိုင်ငံခြားငွေတော်တော်ရှိနေပုံရပါတယ်.။ သယံဇာတရောင်းငွေတွေအပြင်.. ရေနက်ဆိပ်ကမ်းလို စာချုပ်တွေလည်း ရှိနေတာကိုး..။
    မြန်မာငွေတွေလည်း ကားရယ်၊ဖုံးရယ်၊လှည့်ရောင်းတာနဲ့တင် တော်တော် ပြန်သိမ်းထားနိုင်ပုံပဲ..။
    ဆိုတော့..
    လစာတွေတိုးပေးနိုင်မပေါ့လေ..။

  • MaMa

    February 5, 2011 at 9:09 am

    eros ရဲ့စာကို နဲနဲပြောကြည့်ချင်ပါတယ်။ စီးပွားရေးသမားတွေမှာလည်း ဈေးကို ကိုယ်တက်ချင်တိုင်း တက်လို့မရပါဘူး။ လုပ်ငန်းတိုင်းမှာ အပြိုင်အဆိုင်ရှိပါတယ်။ ဘယ်စားသုံးသူကမဆို ယှဉ်ကြည့်တတ်ကြပါတယ်။ ကိုယ့်ဖောက်သည်ရဲ့ ယုံကြည်မှု၊ အားပေးမှုတွေကို လုပ်ငန်းရှင်တွေဖက်က အလကားမရပါဘူး။ ပေးဆပ်မှုတွေရှိပါတယ်။ တစ်ကြိမ်တစ်ခါထဲ လုပ်ရုံနဲ့လည်း ယုံကြည်မှုကို တည်ဆောက်လို့ မရပါဘူး။ လုပ်ငန်းတူတွေထဲမှာမှ တစ်ချို့ဆိုင်တွေက ကြိတ်ကြိတ်တိုးစည်ကားနေပြီး တစ်ချို့ဆိုင်တွေက ထိုင်နေရတတ်တာတွေ ရှိပါတယ်။ မှန်ကန်တဲ့သူသာ အောင်မြင်တာ အဲဒါ ဈေးကွက်ရဲ့သဘာဝပါဘဲ။ အခြေအနေပေးလို့ ရိုက်ထည့်လိုက်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို မထူထောင်နိုင်ပါဘူး။ အတိုက်အခံ လုပ်တာ မဟုတ်ပါ။ ကိုယ်မြင်သလို တင်ပြတာသာဖြစ်ပါတယ်။

    • eros

      February 5, 2011 at 10:37 am

      ဈေးကွက်ကတော့ဈေးကွက်ပဲဗျ။ ဈေးတက်တာဈေးတက်တာပဲဗျ။ ဒါမျိုးဆိုသူတို့ကညီတယ်။ တခါက လစာတိုးတုန်းက မြန်မာနိုင်ငံဆန်ကုန်စည်ဒိုင်မှာ အောင်မလေးလေး ဆန်ဈေးတက်ပုံများ။ မေးတော့အစိုးရ ဝန်ထမ်းတွေ လစာတိုးလို့တဲ့ဗျာ။ ပွဲစားတွေက ဖွပြီးဈေးတင်တယ် ဈေးတင်ပြီး ဆန်စက်ပိုင်ရှင်တွေမျက်နှာလုပ်တယ်။ ဆန်စက်ပိုင်ရှင်တွေကလည်း ဆန်ကို ပုံမှန်ရောင်းနေတာက မရောင်းပဲလှောင်တယ်။ ဧရာဝတီတိုင်းက သင်္ဘောနဲ့ ပုံမှန်ပို့နေရာက နည်းနည်းပဲပို့တယ် ပွဲစားတွေကို ဈေးတက်ဖို့ မီးထိုးတယ်။ ဈေးမတက်တဲ့ ပွဲစားဆိုရင် အလုပ်မအပ်ဘူး။ ပွဲရုံတွေကလည်း ဝယ်ရင်းဈေးမတက်သေးဘူး ဈေးဆွဲတင်တယ်။ ဘာမှမဆိုင်ဘူးလို့ထင်တယ်အစိုးရ ဝန်ထမ်းတွေ လစာတိုးတာနဲ့။ ဒါတွေက ဝိသမလောဘတွေပဲ။ မစားမနေရပြည်သူတွေက ဒုက္ခရောက်တာပဲ။ အစိုးရဝန်ထမ်းတွေကို နဂိုထဲက လစာများများစားစားပေးတာမှမဟုတ်တာ။ လစာတိုးတာကနည်းနည်း ဒင်းတို့ ဈေးဆွဲတင်တဲ့ အဆ ကများများ။ ပြောရင်သာ လာဘ်စားတယ် နေရာတကာ ရေလောင်းရတယ်ဘာညာနဲ့။ ဒီအတိုင်းသွားနေရင် ဘယ်တော့မှဆုံးမှာမဟုတ်ဘူး အဲဒီ အဆိုးသံသရာက။

  • weiwei

    February 5, 2011 at 9:27 am

    မူရင်းလစာရဲ့ ၂ ဆ ခွဲ တိုးမယ်လို့ သတင်းတွေ ထွက်နေပါတယ် …
    လက်ရှိအခြေအနေအရ လစာမတိုးရင် စားဝတ်နေရေးကိစ္စဖြေရှင်းဖို့ တော်တော်ခက်နေပြီ … တစ်လ ၅ သောင်းပတ်ဝန်းကျင်ရတဲ့ ဝန်ထမ်းအများစုအတွက် စားဖို့တောင်မလောက်ဖူးဖြစ်တယ် … သာရေး နာရေးတွေနဲ့ အကြွေးပတ်လည်ဝိုင်းနေကြတယ် …
    ခေတ်အဆက်ဆက် လစာအကြိမ်ကြိမ်တိုးခဲ့ဖူးပေမယ့် ခဏတာပဲ ပြေလည်ပြီး ထုံးစံအတိုင်း ကုန်ဈေးနှုန်းဒါဏ်နဲ့ ဒုန်းရင်းပြန်ဖြစ်သွားတာတွေများခဲ့ပြီမို့ အခုတခါ လစာတိုးရင် အရင်လို မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 10:06 am

    ယနေ ့
    ငပိနှင့် သစ်တိုသီးအိုးစိမ် ဈေးတက်ပြီ
    ( အာစီယံလစာတွေတိုးတယ်ဆိုတော့ ကိုယ်လည်း တက်တယ် ဘာဖစ်လဲ )

  • naywoonni

    February 5, 2011 at 3:46 pm

    တစ်နိုင်ငံလုံးကို ဖြန့်တဲ့ကုန်စည်ဒိုင်တွေနင်းထား။ သူတို့မလှုပ်ရင် ဘယ်သတောင့်သားမှ နားရွက်မခတ်ရဲဘူး။ သူတို့က ဖုန်းနဲ့နယ်တွေကို ဈေးတက်ခိုင်းနေတာ။ နယ်က လုပ်ငန်းရှင်ကြီးတွေက သူတို့ တက်ဆိုရင်တက် ချဆိုရင်ချရတာပဲ။ ဒင်းတိုထဲမှာ ဟိုဟာ ဟိုဒင်းတွေလည်း ပါနေတယ်နော်..။ အဲဒါတွေ ပါနေတော့ တော်ရုံတန်ရုံ ဘာမှလုပ်မဖြစ်ဘူး ဖြစ်နေတာ။

  • moethidasoe

    February 6, 2011 at 3:18 am

    အစိုးရရဲ့ ရငွေ သုံးငွေ လျာထားချက်ကို အရင်က ဧပြီလဆိုရင် ထုတ်ပြန်ပေးတယ် .. ဒါမှ ဘယ်အပိုင်းက ဝင်ငွေ များပြီး ဘယ်အပိုင်းက သုံးငွေ များတယ် ဆိုတာကို အများက တရားဝင် သိရမှာ ..
    ဒါမှလဲ လစာကို ဘယ်လို ရှာပြီးပေးမယ် .. ဘယ်သူကတော့ ပိုသုံးသွားပြီး ဆိုတာ သိမှာ
    အဲဒါကို မသိခဲ့ရတာ ကြာပြီ ..(အခွန်ရှောင်ချင်သူတွေ သတိထားကြနော်)

  • moesung

    February 6, 2011 at 5:55 am

    ဝန်ထမ်းလစာတိုးတာနဲ့ ကုန်ဈေးနူန်းမြင့်တာ တိုက်ရိုက်ပါတ်သတ်ပါတယ်
    နေပြည်တော်ဖွင့်ပွဲ ဆိုပြီးတိုးပေးတာကိုကြည့်လေ ကားခ (၂၀) ကနေ
    ၂၀ဝ ဖြစ်သွားတာပဲ ငွေပွတာပဲ အဖတ်တင်တယ် ဝန်ထမ်းကတော့
    ဒီအတိုင်းပြန်ဖြစ်သွားတာပဲလေ မလောက်ငှနိုင်တော့ဘူး
    အဲဒီအစား ငွေတန်ဖိုး မြင့်မားအောင် လုပ်သင့်ပါတယ်
    ငွေဖောင်းပွတာနဲ့ ဒေါ်လာလဲနူန်းလဲကွာသွားမှာပဲ
    သာမန်အထည်ချုပါစက်ရုံကလူတွေ တစ်လ ၃၀၀၀ဝ လောက်နဲ့
    ဘယ်လိုရင်ဆိုင်မလဲ မကြာခဏ လစာနည်းလို့ ဆန္ဒပြတဲ့ ပြသနာပေါ်
    နေတာ နောက်တစ်ကြိမ် အာဏာ သိမ်းပွဲ တွေ့ရဦးမယ်ထင်တယ်

  • kai

    February 6, 2011 at 10:17 am

    မြန်မာပြည်က တောက်လျှောက်ကုန်သွယ်ရေးပိုငွေပြနေတာမှာ .. ပြီးခဲ့တဲ့ ၅နှစ်ထက် ..၂ဆ ခုန်တက်နေတာတွေ့ရတယ်..။
    ဒီအထဲ .. ဓါတ်ငွေ့တွေနဲ့ စွမ်းအင်မပါလောက်ဖူးထင်ပါတယ်..။
    ဆိုတော့ .. အစိုးရသစ်က .. နည်းနည်းလုပ်တတ်ရင်… ဒေါ်လာနဲ့မြန်မာငွေဈေးမှာ .. မြန်မာငွေတန်ဖိုးတက်လာအောင် လုပ်နိုင်တဲ့ ပုံစံပါပဲ..။
    မြန်မာငွေတန်ဖိုးတက်ရင်.. အခြေခံစားကုန်တွေ ကုန်သည်တွေက ဈေးတင်လိုက်ပေမဲ့.. ပြည်ပပေါက်ဈေးကျော်သွားရင် … ဒါတွေအင်ပို့လုပ်ချလာမယ်ပေါ့..။
    ဒါဆို .. အခြေခံစားသောက်ကုန်တွေ ဈေးမတက်နိုင်တော့ပါဘူး..။

    နောက်တခုက .. အစိုးရရဲ့ ဝန်ထမ်းတွေ လျှော့ချတဲ့နည်းပါ.။
    လစာတိုးပေးသလောက်… ဝန်ထမ်းတွေအရေအတွက်ကို တဝက်လောက် လျှော့ချလိုက်ရင်လည်း .. ဖြစ်တာပါပဲ..။

    မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု(၂၀၁၀)

    ပမာဏ-အမေရိကန်ဒေါ်လာသန်း
    လအမည်
    ပို့ကုန် သွင်းကုန်
    ဇန်နဝါရီ ၆၈.၈၀ရ ၆၈.၇၄၈
    ဖေဖော်ဝါရီ ၅၅.၀၉၆ ၅၄.၇၃၃
    မတ် ၈၇.၃၁၉ ၇၈.၈၃၇
    ဧပြီ ၆၇.၉၀၈ ၅၇.၆၆၈
    မေ ၉၆.၈၉ဝ ၆၈.၄၀၅
    ဇွန် ၅၁.၃၂၆ ၆၁.၀၅၈
    ဇူလိုင် ၇၃.၇၆၄ ၆၆.၆၈၉
    ဩဂုတ် ၈၇.၃၂၈ ၆၈.၃၈၁
    စက်တင်ဘာ ၁၁၂.၁၃၃ ၈၇.၀၈၂
    အောက်တိုဘာ ၁၀၂.၈၈၄ ၇၄.၇၉၀
    နိုဝင်ဘာ ၉၃.၄၈၅ ၉၄.၂၁၂
    ဒီဇင်ဘာ ၁၀၄.၄၅၁ ၈၉.၇၃၈


    မြန်မာနိုင်ငံ၏ နှစ်အလိုက် ကုန်သွယ်မှုပမာဏ

    ပမာဏ-အမေရိကန်ဒေါ်လာသန်း
    ဘဏ္ဍာရေးနှစ်
    ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ
    ၂၀၀၃-၂၀၀၄ ၂၃၅၇.၀ဝ ၂၂၄၀.၀ဝ ၄၅၉၇.၀၀
    ၂၀၀၄-၂၀၀၅ ၂၉၂၈.၀ဝ ၁၉၇၃.၀ဝ ၄၉၀၁.၀၀
    ၂၀၀၅-၂၀၀၆ ၃၅၅၈.၀ဝ ၁၉၈၄.၀ဝ ၅၅၄၂.၀၀
    ၂၀၀၆-၂၀၀ရ ၅၃၂၂.၀ဝ ၂၉၃၇.၀ဝ ၈၂၅၉.၀၀
    ၂၀၀၇-၂၀၀၈ ၆၄၀၁.၀ဝ ၃၃၅၁.၀ဝ ၉၇၅၂.၀၀
    ၂၀၀၈-၂၀၀၉ ၆၇၇၈.၈၅ ၄၅၄၃.၄၅ ၁၁၃၂၂.၃၀
    ၂၀၀၉-၂၀၁ဝ ၇၆၀၉.၃၈ ၄၁၈၁.၄၁ ၁၁၇၉၀.၇၉
    ၂၀၁၀-၂၀၁၁ ၆၇၇၀.၆၄ ၄၁၂၁.၃၃ ၁၀၈၉၁.၉၇

    Source : စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

  • moethidasoe

    February 6, 2011 at 3:40 pm

    ဆရာခိုင် ကိန်းဂဏန်းတွေ လုပ်လှချည်လား .. ရသုံးမှန်းချေလေး သိချင်တယ် ..

Leave a Reply