မှန်တစ်ချပ်

ashinindakaFebruary 4, 20111min10511

အမြင်မှန်မှ အမှန်မြင်မယ်ဆိုတာနဲ့ ဆက်စပ်လို့
ဖတ်ဖူးတဲ့ ပုံပြင်လေး ပြောပြချင်တယ်။

တစ်ခါတုန်းက ရွတ်တစ်ရွာမှာ ကိုလူအေးနဲ့ ဒေါ်မွှေးလို့အမည်ရတဲ့
ဇနီးမောင်နှံနှစ်ဦးရှိဘူးတယ်။
ကိုလူအေးတို့နေထိုင်တဲ့ရွာကလေးဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲလှတဲ့အတွက်
လူသူအရောက်အပေါက် အင်မတန်နည်းတယ်။
ကိုလူအေးတို့ရွာသူရွာသားတွေကလည်း တခြားမြို့ရွာတွေကို ရောက်ဖူးတဲ့သူ ရှားသတဲ့။

အဲဒီတော့ နဂိုကရိုးသားအေးဆေးလှတဲ့ ကိုလူအေးတို့ရွာသားတွေဟာ
အကြားအမြင်ဗဟုသုတနည်းပါးကြတော့ လူရိုးလူအတွေ ဖြစ်ကုန်တာပေါ့။
ကိုလူအေးက ဘယ်လောက်အသလဲဆိုရင်
တစ်ခါက မြို့ကို နွားရောင်းသွားတဲ့အခါ
လမ်းမှာတွေ့ရတဲ့လူလည်တစ်ယောက်က သူထမ်းလာတဲ့ ကျောက်ဖရုံသီးကြီးကို
ဆင်ဥ လို့လိမ်ညာပြီး ကိုလူအေးရဲ့ နွားနဲ့ လဲယူသွားတာ ခံရဖူးသတဲ့။

ကိုလူအေးရဲ့ဇနီးဒေါ်မွှေးကလည်း ကိုလူအေးနည်းတူ ရိုးအတာပါပဲ။
ကိုလူအေးဟာ တောထဲကို လယ်ထွန်သွားရင်းနဲ့
မှန်ဝိုင်းလေးတစ်ချပ်ကို လမ်းဘေးက ကောက်ရသတဲ့။
သူကတော့ မှန်ရယ်လို့ မမြင်ဘူးတော့ မသိပါဘူး။

ဒါပေမဲ့ မှန်ဝိုင်းလေးကို ကောက်ယူကြည့်တဲ့အခါ
မှန်ထဲမှာ ယောင်တစ်စောင်းနဲ့ ယောက်ကျားတစ်ဦးရဲ့ မျက်နှာဝိုင်းဝိုင်းကြီးတစ်ခု
ပေါ်လာနေတာကို မြင်လိုက်ရတာမို့
“ဟာ၊ ဒါ သေသွားတဲ့ငါ့ဘကြီးပဲ” ဆိုပြီး
အိမ်ကို ယူလာခဲ့တာပေါ့။
အိမ်ရောက်တဲ့အခါ သူ့အင်္ကျီတွေထည့်တဲ့ ထန်းခေါက်ဖာကလေးထဲမှာ
မှန်ဝိုင်းလေးကို သိမ်းထားလိုက်တယ်။
ကိုလူအေးက သူ့ဘကြီးကို သတိရတိုင်း ထန်းခေါက်ဖာကလေးကို ဖွင့်ပြီး
မှန်ဝိုင်းလေးကို မကြာခဏကြည့်သတဲ့။

အဲဒါကို ဒေါ်မွေးက တွေ့သွားတော့
“ကိုလူအေးဟာ ဒီထန်းခေါက်ဖာကလေးကို ဘာကြောင့် ခဏခဏဖွင့်ကြည့်နေရတာလဲ” လို့
သိချင်လာသတဲ့။
တစ်နေ့ ကိုလူအေး တောကို လယ်ထွန်သွားနေတုန်း
ဒေါ်မွှေးဟာ ကိုလူအေးရဲ့ ထန်းခေါက်ဖာကလေးကို ဖွင့်ကြည့်တာပေါ့။
ဒီအခါမှာ ထန်းခေါက်ဖာထဲက မှန်ဝိုင်းကလေးကို တွေ့သွားတာပေါ့
ဒီမှန်ဝိုင်းကလေးကို ကြည့်မိတယ်ဆိုရင်ပဲ ဒေါ်မွှေးဟာ
တစ်ခါတည်း မျက်နှာကြီးနီရဲလာပြီးတော့ စိတ်တွေဆိုး၊ ဒေါသတွေ ထွက်သတဲ့။
မှန်ထဲမှာ ပေါ်နေတဲ့ ပုံရိပ်ကို ကြည့်ပြီးတော့
“ဟင်၊ လက်စသတ်တော့ ကိုလူအေးဟာ
သူ့မယားငယ်ပုံကို ခဏခဏ ခိုးကြည့်နေတာကိုး၊
ဒီလောက်ဖောက်ပြန်ချင်တဲ့သူ တောကပြန်လာမှ တွေ့မယ်”
လို့လည်း ကြိမ်းဝါးလိုက်သေးတယ်။

ဒါနဲ့ ညနေရောက်တဲ့အခါ ကိုလူအေးလည်း လယ်ထွန်ရာက ပြန်လာခဲ့တယ်။
အိမ်ရောက်တယ်ဆိုရင်ပဲ ဒေါ်မွှေးက ဆီးကြိုပြီး ရန်တွေ့တော့တာပဲ။
“ဒီမယ် ကိုလူအေး၊ ရှင်လုပ်ပုံ ကောင်းသေးရဲ့လား၊
မယားကြီးတစ်ယောက်လုံး အိမ်ပေါ်မှာရှိနေပါလျက်နဲ့
မယားငယ်ပုံကို ခိုးကြည့်တာ ရှင်မရှက်ဘူးလား”တဲ့။

ဒီအခါ ကိုလူအေးက
“ဟဲ့ မိမွှေး၊ နင်စိတ်မှ ကောင်းသေးရဲ့လား၊
အပတွေ စုန်းတွေ မှီလာသလား၊ ပြောစမ်းပါဦး၊
ဘယ်က မယားငယ်လဲ” ဆိုတော့
ဒေါ်မွှေးက ကိုလူအေးရဲ့ ထန်းခေါက်ဖာကလေးထဲက
မှန်ဝိုင်းကလေးကို ယူလာပြီးပြတယ်။ ပါးစပ်ကလည်း
“ကြည့်စမ်းပါဦး၊ ဒီပုံဟာ ရှင့်မယားငယ်ရဲ့ ပုံမဟုတ်လား၊
ဘီးဆံပတ်ကြီးနဲ့ လှမှလှ” လို့ ပြောသတဲ့။

ဒီအခါ ကိုလူအေးက
“မိမွှေးကလည်း မဟုတ်ကဟုတ်က ပြောရော့မယ်၊
အဲ့ဒါ ဘယ်ကလာ ငါ့မယားငယ်ပုံ ဟုတ်ရမှာလဲ။
အဲ့ဒါ သေသွားတဲ့ ငါ့ဘကြီးပုံဟဲ့၊ လာကြည့်စမ်းပါဦး၊
ယောင်တစ်စောင်းကြီးနဲ့ ဘယ်လောက်ခန့်သလဲ” လို့ ပြောပါတယ်။

ဒီလိုနဲ့ မှန်ဝိုင်းကလေးတစ်ချပ်ကို ဒေါ်မွှေးက ယူကြည့်ပြီး
“ကိုလူအေးရဲ့ မယားငယ်ပုံ” လို့ ပြောလိုက်၊
တစ်ခါ ကိုလူအေးက ယူကြည့်ပြီး
“ဒါငါ့ဘကြီးရဲ့ ပုံလို့ပြောလိုက်” နဲ့ ငြင်းခုံလို့ မပြီးနိုင်ဘူးဖြစ်နေတယ်။
အဲဒါ နောက်ဆုံးတော့ ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ
ခံယူမယ်ဆိုပြီးတော့ ကိုလူအေးရော ဒေါ်မွှေးပါ
ရွာဦးဘုန်းတော်ကြီးကျောင်းကို ရောက်သွားကြသတဲ့။

ဆရာတော်က
“ဟဲ့ လူအေးတို့ မိမွှေးတို့၊ ဘာဖြစ်လာကြသလဲ၊ လျှောက်ကြစမ်း”
လို့လည်း မေးလိုက်ရော ကိုလူအေးနဲ့ ဒေါ်မွှေးတို့ဟာ
မှန်ဝိုင်းကလေးကို ကိုင်ပြပြီး စောစောကလိုပဲ
သူတစ်မျိုး ငါတစ်ဖုံ ငြင်းခုံလျှောက်ထားကြသတဲ့။

အဲဒါနဲ့ဆရာတော်က
“ကဲ၊ ဒီလောက်ဖြစ်လှတာ၊ ဘယ်မလဲ ဒီဥစ္စာ ငါ့ကို ပြစမ်း” လို့
မိန့်တော်မူလိုက်ပါတယ်။
အဲဒီအခါ ကိုလူအေးက မှန်ဝိုင်းကလေးကို
ရွာဦးကျောင်းဆရာတော်ရဲ့ လက်ထဲကို ဆက်ကပ်ပေးလိုက်တယ်။

မှန်ဝိုင်းကလေးကို စူးစိုက်ကြည့်ရင်းနဲ့
ဆရာတော်ရဲ့ မျက်နှာတော်ဟာ ပြုံးရွှင်လာပြီး
“ဟဲ့ လူအေးတို့ မိမွှေးတို့၊ နင်တို့ တယ်မိုက်လုံးကြီးကြပါလား၊
ဒါဟာ လူအေးရဲ့ ဘကြီးပုံလည်းမဟုတ်၊ မယားငယ်ပုံလည်း မဟုတ်ပါဘူး။
ပျံလွန်တော်မူသွားတဲ့ ငါတို့ဆရာတော်ဘုရားကြီးရဲ့ ပုံတော်ဟဲ့၊
ဒီဟာကို ငါ့ကျောင်းမှာ ထားခဲ့ပေတော့။
ကဲ.. ကဲ..၊ မင်းတို့လည်း အေးအေးဆေးဆေး အိမ်ပြန်ကြ” လို့
မိန့်တော်မူလိုက်သတဲ့။

တော်ဝင်နွယ်၊ အပ္ပမာဒ ဓမ္မရသပုံပြင်များ မှ

11 comments

  • koyinmaung

    February 4, 2011 at 11:19 am

    ဟုတ်ပ…

  • ဆူး

    February 4, 2011 at 2:37 pm

    ရွာသူကြီး ဆီ မသွားဘဲ ဘုန်းကြီး ဆီ သွားလျောက်ကြတာကိုး.. သူကြီး နဲ့ တွေ့ရင် ပြသနာ ပိုရှုပ်ကုန်မယ်။

    • kai

      February 4, 2011 at 10:41 pm

      သူကြီးဆီရောက်သော်..
      ————-
      သူကြီးက
      “ဟဲ့ ငအေးတို့ ငမွှေးတို့၊ ဘာဖြစ်လာကြသလဲ၊ ပြောကြစမ်း”
      လို့လည်း မေးလိုက်ရော ကိုလူအေးနဲ့ ဒေါ်မွှေးတို့ဟာမှန်ဝိုင်းကလေးကို ကိုင်ပြပြီး စောစောကလိုပဲ သူတစ်မျိုး ငါတစ်ဖုံ ငြင်းခုံလုပြောကြသတဲ့။

      အဲဒါနဲ့သူကြီးက
      “ကဲ၊ ဒီလောက်ဖြစ်လှတာ၊ ဘယ်မလဲ ဒီဥစ္စာ ငါ့ကို ပြစမ်း” လို့ပြောလိုက်ပါတယ်။
      အဲဒီအခါ ကိုလူအေးက မှန်ဝိုင်းကလေးကို ရွာသူကြီးရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။

      မှန်ဝိုင်းကလေးကို စူးစိုက်ကြည့်ရင်းနဲ့ သူကြီးရဲ့ မျက်နှာဟာစူပုတ်လာပြီး
      “ဟဲ့ လူအေးတို့ မိမွှေးတို့၊ နင်တို့ တယ်မိုက်လုံးကြီးကြပါလား၊
      ဒါဟာ ငါမြို ့တက်တုံး အရေးပိုင်မင်းကတော် လက်ထဲကဟာပဲ။ ငါချောင်းကြည့်တော့ နတ်သမီးတပါးပုံ ထည့်ထားတာတွေ့ခဲ့တာ။ အခု ဘီလူးပုံဖြစ်နေပြီ။ နင်တို့ထဲက တယောက်ယောက် ပြုစားလိုက်တာဖြစ်ရမယ်။
      နတ်သမီးကိုဖွက်လိုက်တာ နင်ပဲဖြစ်ရမယ်”ဆိုပြီး ..
      သူ့နှလုံးပြူးကြီးထုတ်..။
      ကိုလူအေးကို ထိုးချိန်ပြီး .. ရင်ဘတ်တည့်တည့်ကို ဒိုင်းကနဲ့ပစ်ချလိုက်ပါတော့တယ်..။

      သွပ်သွပ်သွပ်… 🙂

  • naywoonni

    February 4, 2011 at 3:22 pm

    ဆူးမရေ ညည်း မှန်မကြည့်တော့နဲ့.. ဆရာတော့်လည်း မှန်မလှူတော့ဘူး ။
    ရှေးမြန်မာတွေက လူတွေကို ပုံပြင်လေးတွေနဲ့ ပညာပေးတာကတော့ကောင်းပါတယ် ဘုရား။ ဒါပေမဲ့ ပုံပြင်ဆိုတိုင်းလည်း ပညာမပေးသလို ယုံကြည်မှု မှားယွင်းစေမဲ့ အကြောင်းအရာတွေ ဖန်တီးပြီး ပြောခဲ့တာကို နောက်လူတွေက အဟုတ်ထင်နေကြပုံရတယ်။ ရှင်အဇ္ဇေဂါဏနဲ့ ဓါတ်လုံးပုြံပြင်မျိုး ။ သမိုင်းအထောက်အထားလဲခိုင်ခိုင်မာမာရှာမတွေ့။ နောက်သရဲ တစ္ဆေ ပုံပြင်တွေ ဝိဇ္ဇာ ဇော်ဂျီပုံပြင်တွေ ခုလူတွေက ဘာပြောပြော စိတ်ကူးယဉ်လို့ကောင်းရင် အဟုတ်မှတ်နေကြတော့တာ………

  • ဆူး

    February 4, 2011 at 3:31 pm

    အဘနီ ဓါတ်လုံး လုပ်မလို့လား။ ဓါတ်လုံး အောင်ရင် ဆူး ကို ပြောနော်။
    အခုခေတ်ကတော့ မလွယ်ဘူး ဘာလာလာ ခေတ်အမြင်နဲ့ စစ်ပြီး လိုက်တွေးနေကြတာ တချို့ကိစ္စတွေ တော်တော် ငြင်းစရာတွေ ပေါ်နေပြီ။

  • kai

    February 4, 2011 at 10:32 pm

    အဲဒီပုံပြင်လေးအရကောက်ပြောရရင်.. မြန်မာပြည်မှာ ..နိုင်ငံတကာ ဆိုရှယ်ဆားဗစ်၊ လူမှုဆက်ဆံရေး၊ စတဲ့ ခေတ်ပညာတွေမှာ လူတွေနဲ့တန်းးတူဘွဲ့ရထားတဲ့ ရဟန်းသံဃာတွေ လိုနေပြီလို့ ထင်မိပါတယ်ဘုရာ့..။
    မြန်မာပြည်က သာသနာ့တက္ကုသိုလ်တွေမှာ (အနည်းဆုံးတော့)ဘာသာရပ်တခုအနေနဲ့ ထည့်ပေးထားသင့်ပါတယ်..။

    ကျောင်းထိုင်ဆရာတော်များဟာ မြန်မာ့လူနေမှုထဲ ထဲထဲဝင်ဝင် ပတ်သက်နေတာမို ့.. (အနည်းဆုံးတော့ )အထက်တန်းပညာအဆင့်လောက် တတ်ထားဖို့အတွက် .. သက်ဆိုင်တဲ့ဝိနည်းတွေ ပြင်ဆင်သတ်မှတ်သင့်တယ်လည်း ထင်ပါတယ်ဘုရား..။

    • ashinindaka

      February 5, 2011 at 1:21 am

      ဟုတ်တယ်။ အခုသာသနာ့တက္ကသိုလ်တွေမှာ ခေတ်မှီဘာသာရပ်တွေ သင်ပေးနေပါပြီ။ အခုနောက်ပိုင်းမှာဆိုရင် ဦးဇင်းလေးတွေ ခေတ်မှီလွန်းလို့ ခေတ်လွန်သွားမှာတောင် စိုးရိမ်နေရပါကြောင်း။

  • bigcat

    February 5, 2011 at 3:00 am

    တပည့်တော် မှန်ကြည့်လိုက်တာ တောသုံးတောင် တောင်သုံးထပ်ကို ပိုင်စိုးတဲ့ ကေသရာဇာ မဟာခြသေ့င်္မင်း ဖြစ်နေတယ်။ နမိတ်ပုံဖော် ပြောတာနော်၊ နိမ့်ကျတဲ့ တိရစာ္ဆန်လို့ အတွေးမချော်ကြပါနဲ့။

  • nyimalay

    February 5, 2011 at 5:10 am

    ဦးခိုင်ပြောသလိုဆိုရင် ဒေါ်မွှေးပဲကျန်ခဲ့မှာပေါ့နော်… သူ့ခမျာသနားစရာ အထီးကျန်ဖြစ်ရအုံးမယ်…
    မှန်ကိုလဲသူကြီးက ပြည်သူပိုင်သိမ်းသွားမှာလား သူကြီးပိုင်သိမ်းသွားမှာလား ဟင်…… မသိလို့နော် မေးကြည့်တာ
    စိတ်မဆိုးရဘူးနော်… အဟိ 😛

Leave a Reply