ခုတုံး

ashinindakaFebruary 5, 20111min18412

တတိယသံဂါယနာတင်ပွဲကျင်းပပြီးတော့
အသောကမင်းကြီး နိုင်ငံရပ်ခြားသို့ သာသနာရောက်ရှိပြန့်ပွါးအောင်
ကိုးတိုင်းကိုးဌာနသာသနာပြုစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့တယ်။
ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရမထေရ်တို့က
သုဝဏ္ဏဘူမိအရပ်ကို သာသနာပြုကြွရကြောင်း အရင်ပြောပြခဲ့တယ်။
သမိုင်းသုတေသီတို့က မြန်မာနိုင်ငံမှာရှိတဲ့ မွန်ပြည်နယ်၊ သထုံဒေသဟာလဲ
သုဝဏ္ဏဘူမိထဲမှာ အကျုံးဝင်တယ်လို့ ယူဆပြောဆိုကြတယ်။
ဒီယူဆချက်မှန်တယ်ဆိုရင်
အသောကမင်းလက်ထက် (ဘီစီ ၂၃၅) ခန့်က  မြန်မာပြည်ကို ဗုဒ္ဓဘာသာ
သာသနာရောက်ရှိတယ်လို့ ဆိုနိုင်တယ်။
ဒါပေမဲ့ တချို့က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက
ဘုရားရှင်ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း၊
ဒါ့ကြောင့် ဘုရားရှင်အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ
ဘုရားရှင်လက်ထက်ကတည်းက ရောက်ရှိကြောင်း
ရေးသားဖော်ပြကြတယ်။
ဒါနဲ့စပ်လို့ သာသနာ့တက္ကသိုလ်ကျောင်းသားဘဝတုန်းက
ညနေတိုင်း အညောင်းပြေ တက်ခဲ့တဲ့ မန္တလေးတောင်ကို သတိရမိတယ်။

မန္တလေးမှာနေတုန်း မန္တလေးတောင်ပေါ်တက်ရင်
လက်ညှိုးထိုး ရပ်တော်မူဘုရား (ဗျာဒိတ်ပေးဘုရား) ကြီး တွေ့ရလိမ့်မယ်။
ရပ်တော်မူဘုရားဘေးက ကျုံ့ကျုံ့လေးထိုင်ပြီး ရပ်တော်မူဘုရားကြီးကို
လက်အုပ်ချီနေတာက ရှင်အာနန္ဒာ။
ဒီရပ်တော်မူဘုရားကြီးနဲ့ရှင်အာနန္ဒာတို့ ရုပ်တုတွေ
မန္တလေးတောင်ပေါ် ဘယ်လို ရောက်လာကြတာတုန်း။

ဇာတ်လမ်းက
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားနဲ့အတူ ရှင်အာနန္ဒာတို့
မန္တလေးတောင်ကို ကြွလာကြတယ်တဲ့။

ကြွလာပြီး ရှင်အာနန္ဒာကို တောင်ခြေ လွင်ပြင်ကျယ်ကြီးကို လက်ညှိုးထိုးပြကာ
အာနန္ဒာ၊ ငါဘုရားပရိနိဗ္ဗာန်စံပြီး နောင်နှစ်ပေါင်း ၂၅၀ဝ ကြာရင်
ဟိုးနေရာမှာ မင်းတုန်းမင်းဆိုတဲ့ရှင်ဘုရင် ပေါ်ပေါက်လာပြီး
ငါဘုရားသာသနာကို အကြီးအကျယ်ထောက်ပံ့ပြီး
သာသနာတိုးတက် စည်ပင်ပြန့်ပွါးအုံးမယ် လို့
ကြိုတင်ဟောကိန်းထုတ်သတဲ့။
စာစကားနဲ့ပြောရရင် ဗျာဒိတ်ပေးတယ်ပေါ့။

တကယ်တော့
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ မန္တးလေးကို တစ်ခါမှ မရောက်ဘူးပါဘူး။
ဒီရပ်တော်မူနဲ့ ရှင်အာနန္ဒာတို့ရုပ်တုကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်
နှစ်ပေါင်း ၂၅၀ဝ ခန့်မှာ ပေါ်လာတဲ့ မင်းတုန်းမင်းကြီး
လူလည်ကျပြီး ဖန်တီးထားတာလို့ပဲ ပြောချင်ပါတယ်။

သူ့ရဲ့ နောင်တော် ခမည်းတော်တို့ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတဲ့
ထီးဟောင်း နန်းဟောင်း နေပြည်တော်ဟောင်းမှာ
နေချင်စိတ်ကုန်လို့
နေရာကောင်းလိုက်ရှာရင်း
မန္တလေးတောင်ခြေက ပျံ့ပျူးသာယာတဲ့မြေပြင်ကြီးကို ကြည့်ပြီး
သရေ (သွားရေ) ကျမိတာက စတာပါ။

ရှင်ဘုရင့်တို့ရဲ့ ရူးသွပ်မှုသဘာဝအရ
ဘုရင်မင်းတုန်းလဲ ဘုရင်ထဲက ဘုရင်တစ်ပါးဆိုတော့
ထီးဟောင်း နန်းဟောင်း နေပြည်တောေဟောင်းမှာ နေလိုတဲ့ဆန္ဒမရှိတော့တဲ့အချိန်။
ငါဘုရင်ဖြစ်သခိုက် ငါလဲ ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ပြီးနေရရင်
ပိုကောင်းမယ်လို့ မင်းတုန်းမင်း ယူဆမိဟန်တူပါရဲ့။

ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ဘို့ဆိုတာလဲ
အတွေးလွယ်သလောက် အရေးကျ အတော်ခက်သား။

တိုင်းသားပြည်သူ လူအများတို့ သဘောထား။
ဘုရင်ပြောင်းရင် နောက်က ဝန်းကြီး ဝန်လေးတွေ၊ တိုင်းသားပြည်သူတွေ
အကုန်လိုက်ပြောင်းရတာ။ သူတစ်ယောက်တည်း ပြောင်းသွားလို့ ဖြစ်တာမှ မဟုတ်တာ။
ထိုအတွက် ကုန်ကျစရိတ်၊
တိုင်းသားပြည်သူ လူအများစီးပွါးရေး စသည်
အကုန်ကြည့်ရတယ်။

တိုင်းသူပြည်သားက ငတ်ပြတ်နေပြီး
ရှင်ဘုရင်လုပ်တဲ့သူက တစ်ထီးတစ်နန်းနေချင်တဲ့ စိတ်ရိုင်းကြောင့်
ပြည်သူ့ငွေမြောက်များစွာ သုံးပြီး ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်မယ်ဆိုရင်
ပြည်သူ့အမျက်တော် ရှ လာနိုင်တယ်။
ဒါကို မင်းတုန်းမင်း စဉ်းစားခဲ့တယ်။
(ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေး စဉ်းစားဖော်ရတာကို ကျေးဇူးတင်ပါတယ်)

စဉ်းစားတယ်၊ ငါဘယ်လို ထီးနန်းသစ် တည်ထောင် ပြောင်းရွှေ့ နေထိုင်ရရင်ကောင်းမလဲ။
မင်းတုန်းမင်း စဉ်းစားတယ်။

နောက်ဆုံးတော့ အကြံတစ်ခုရလိုက်တယ်။
ငါ့တိုင်းပြည်လူမျိုးတွေ ဗုဒ္ဓဘာသာကို အလွန်ရိုသေလေးစားကြတာပဲ။
အကယ်၍ ဘုရားကို ခုတုံးလုပ် ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်ထောင်လိုက်ရရင်
ကောင်းမှာပဲ ဆိုပြီး လုပ်လိုက်တာ
ရှင်အာနန္ဒာနဲ့ လက်ညှိုးထိုးရပ်တော်မူဘုရားကြီး မန္တလေးတောင်ပေါ်ရောက်လာတော့တာပဲ။

သမိုင်းထဲက ရှင်ဘုရင်တွေ
မြတ်စွာဘုရားကို
တရားကို
ရဟန်းသံဃာတော်တွေကို
ဘယ်လောက်များ
ခုတုံးလုပ်
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားကြပြီလဲ။
ရှင်အာနန္ဒာဆိုလို့ ရှင်အာနန္ဒာ့ရုပ်တုနဲ့ဆက်စပ်ပြီး
တွေးမိတာပါ။

12 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 2:54 pm

    ရိုသေစွာလျှောက်တင် မေးမြန်းအပ်ပါသည် အရှင်သူမြတ်ဘုရား
    မင်းတုန်းမင်းနဲ ့
    ကြပ်ပြေးနေပြည်တော် အသို ့သဘောရှိပါသနည်း ဘုရား
    ရဟန်း၏ ဝိနည်းအရ အဖြေကြပ်နေသည်ရှိသော်
    ဘဒ္ဒ န္တ ကြောင်ကြီး၏ အရာဟု မှတ်ယူပါမည်ဘုရား။

    • ashinindaka

      February 5, 2011 at 3:15 pm

      ကဲ၊ ဒကာကြောင်ကြီး ဖြေပေတော့။

  • bigcat

    February 5, 2011 at 5:14 pm

    အရှင်ဘုရား ပြောတာကို သဘောတူပါတယ်။ မြန်မာဘုရင်တွေက သူတို့ကိုယ်သူတို့ နေမျိုးနေနွယ် သာကီဝင်မင်းမျိုတွေ၊ ဘုန်းရှင်ကံရှင် မင်းဧကရာဇ်တွေလို့ နောက်ဆုံးအင်္ဂလိပ်စစ်သင်္ဘောတွေ မန္တလေးရောက်ချိန်ထိ ထင်နေသေးတာလေ။ ဘုန်းတန်ခိုးကြီးတဲ့ သာသနာပြုဘုရင်ဆိုရင် ပြုတ်တော့မဲ့တိုင်းပြည် သွားအုပ်ချုပ်မယ်မထင်ပါဘူး

    ဒကာကိုအောင်ပုရဲ့မေးခွန်းကို ဘဒ္ဒ န္တ ကြောင်ကြီး မြန်မာပြည်ကြွရန်ရှိသေးသမို့ ဖြေရန်ခက်သေးသကွဲ့။ ပြန်လာမှ အဖြေပေးလို့ရဖူးလား။

  • kai

    February 6, 2011 at 12:11 am

    သူကြီးပဲ ဝင်ဖြေပေးလိုက်မယ်..။
    ဂေါတမမြတ်စွာဘုရားရှင်ဟာ မြန်မာပြည်ထဲ တခါမှ မကြွလာဖူးဘူး။ လူသားဘုရားဟာ .. သာသနာပြုတာမှာ လမ်းလျှောက်ပြုရတာမို ့ ဗုဒ္ဓဂါယာရောက်ဖူးတဲ့သူတိုင်း ..ဘုရားရှင်ဘယ်လောက်ခက်ခက်ခဲခဲ သာသနာပြုခဲ့ရတယ်ဆိုတာသိသာတယ်..။ အဲဒီခေတ်က လူသားတယောက်ကျင်လည်နိုင်တာက ..တဘဝစာမှာ ..မိုင်၅ဝ အဝန်းထက် မပိုနိုင်ဘူး..။ ဒီတော့….
    ရွေစက်တော်ရော။ မန္တလေးရော။ ရခိုင်မှာ မဟာမြတ်မုနိ ဆင်းတုထုတော့ ကိုယ်ငွေ့လှုံပေးခဲ့တယ်ပြောတာရော. ..အကုန် ဘုရင်တွေ ကိုယ်ကျိုးအတွက် လူထုကိုမှိုင်းတိုက်ပြီး ပြောသွားရေးသွားတာချည်းပဲ..။

    ကိုယ့်ကိုယ်ကို တန်ခိုးထွားတယ်ထင်တဲ့ ဘုရင်တိုင်းဟာ.. မြို ့သစ်တည်တယ်။ စေတီတည်တယ်။ ဆင်ဖြူရှာတယ်..။
    ဘုရင်ခေတ်ကုန်လည်း ..ဘုရင်ရူးတဲ့သူတွေ နိုင်ငံအကြီးအကဲဖြစ်ရင် အဲဒီစိတ္တဇကို အကောင်အထည်ဖေါ်ကြတယ်..။
    ဆိုတော့..
    ဦးနုက .. ကမ္ဘာအေးစေတီတယ်တယ်…။ ဦးနေဝင်းက မဟာဝိဇယစေတီတည်တယ်..။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက သူများထက်ထူးပြချင်တာမို ့.. မြို ့သစ် နေပြည်တော်ကိုတည်တယ်.။ ဆင်ဖြူပါရအောင်ရှာတယ်..။ ဥပ္ပါတသန္တိစေတီတယ်တယ်..။

    • bigcat

      February 6, 2011 at 2:17 am

      သဂျီးမင်းပြောတာ မှတ်တမ်းတင်ထားပါတယ်။ နောင်တချိန်ကြမှ ရွာထဲ virtual pagoda တည်မလို အလှူခံရင် နာဖို့သာပြင်။

      • kai

        February 6, 2011 at 5:31 am

        လဲသေလောက်အောင်ကို ကောင်းတဲ့ အိုင်ဒီယာပဲ..။

        တကယ်တော့ ..ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ စိတ်ထဲ ဗစ်တူစ်ရယ်စေတီ အဆူဆူ … တည်ပြီးသားပါ..။ ဂေါတမဘုရားသခင်ကိုယ်တော်တိုင်ကိုလည်း ..စိတ်ထဲရည်မှန်းထုဆစ်ထားပြီးသား..။
        ဒီအိုင်ဒီယာကို .. သေသေချာချာ တခုခုလက်တွေ့လုပ်နိုင်ဖို့ စဉ်းစားကြည့်ဦးမယ်..။
        ဗစ်တုရယ်စေတီ(စိတ်ငွေ့စေတီ)ရှိရင်… လူတွေလည်း ..အင်တာနက်ကနေ… သက်သက်သာသာ ဘုရားဖူးလာလည်လို့… ရတာပေါ့..။
        မွေးနေ့..ဘာနေ့ညာနေ့..အထိမ်းအမှတ်… ရွှေပြားတင်မက ..စိန်ပြားပါကပ်လို့ရအောင် လုပ်ပေးဦးမှာ…။ လုပ်ပေးဦးမှာ..

        ငွေတွေကတော့ .. တကယ်လှူရလိမ့်မယ်..။ အဲဒီငွေတွေတကယ် ရကြောင်း. ဆာတီဖကိတ်ထုတ်ပေးလိုက်မယ်လေ…။
        ဒါပေမဲ့.. အဲဒီငွေတွေကို … လူတွေတိုက်ရိုက်အကျိုးရှိတဲ့.. ဆေးရုံ၊ ကျောင်း တွေပြန်လှူပေးလိုက်မယ်..။

        အဲဒီလို…။

      • bigcat

        February 6, 2011 at 5:58 am

        ဒါဆို သဂျီးတည်မဲ့ဘုရား ဂေါပကလူကြီးနေရာ အခုထဲက လျောက်ထားပါရစေ။ ဖြစ်နိုင်ရင် ဘဏ္ဍထိန်းရာထူး လိုခြင်ပါတယ်။

        လက်တွဲဖေါ်ပါ
        ခေါ်သွားပါကွဲ့
        အတူတကွ
        ခြူကြရအောင်
        သဂျီးဘုရား
        ရွာသားကောင်းမှု။

  • phantom

    February 6, 2011 at 5:39 am

    တဂျီးပြောတာမှန်တယ် ဘုရင်တွေနဲ့ ဘုရင်ရူးတွေအားလုံးက သူတို့လုပ်ချင်တာကို သမိုင်းလို့ ပုံသွင်းပြီးတော့ တကယ့်သမိုင်းကိုတော့ ပုံပြင်လို့ သတ်မှတ်လိုက်ကြတယ်

    • ashinindaka

      February 6, 2011 at 7:11 am

      ဂေါပကလူကြီးက တယ်လုပ်ချင်ကြသကိုး။

  • ဆူး

    February 9, 2011 at 3:14 pm

    ၁ဝတန်းတုန်းက သချာင်္ဆရာ ပြောတဲ့ ဘုန်းကြီး တူမ ဂေါပက သား ညားတဲ့ အခါ အလွန်ရစ်တယ် ဆိုလား ဘာအလုပ်လုပ်မှ မလုပ်ဘဲ ညာဝါးတယ် ဆိုတာမျိုး ပြောချင်တာလေး သတိရမိတယ်။

Leave a Reply