တရားထူးရခြင်း ဆိုသည်မှာ

Yin Nyine NwayFebruary 5, 20111min910

တရားထူးရခြင်း ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက်ထက်တော်က တရားတစ်ပိုဒ် ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က တရားတစ်ပိုဒ်နာကြားရယုံဖြင့် တရားထူးရခြင်းသည် ဝိပဿနာအလုပ် မပါဟုလည်း ထင်ကြသူများလည်း တွေ့ရပါသည်။ သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်။ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘဝသာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖြစ်ရန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။ ၁) သပ္ပုရိသသံသေဝေါ = သူတော်ကောင်းနှင့်ပေါင်းခြင်း။ ၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။ ၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်းခြင်း။ ၄)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။ အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။ ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖြစ်ရန်အကြောင်းလေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုင်ပါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါသည်။ “စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံနိ ္တ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံနိ ္တ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံနိ ္တ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံနိ ္တ၊ ကတမေ စတ္တာရော- သပ္ပုရိသသံသေဝေါ သဒ္ဓမ္မဿဝနံ ယောနိကော မနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တ “ မြတ်စွာဘုရား တရားဟောပြီးတိုင်း ကျွှတ်တန်းဝင်သူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုင်သည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထင်မှတ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေးလျှင် ကျင့်၍ တရားထူးရကြပါသည်။ နားကတရားနာ၍ ဉာဏ်က ခန္ဓာလှည့်သည့်အချိန်တွင် ရကြသည်ဟု သိရပါသည်။ ” ဘယ်လောက်ကြာ ကျင့်လျှင် တရားထူးရပါသလဲ”လျှင် တရားကျင့်သူ အင်္ဂါရပ် ၅ ပါး(ပဓာနိယင်္ဂ ၅ ပါး)ပြည့်စုံလျှင် ရပါသည်။ ၎င်းတို့မှာ- ၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။ ၂) ကျန်းမာသူဖြစ်ရမည်။ ၃) စိတ်ထားဖြောင့်မတ်သူ ဖြစ်ရမည်။ ၄) ဇွဲသန်ကြိုးစားအားထုတ်သူ ဖြစ်ရမည်။ ၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။ တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ- ၁) ဥဂါ္ဃဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။ ၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။ ၃) နေယျပုဂ္ဂိုလ်။ အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။ ၄) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပါွးများခြင်းများ ပြုလုပ်သော်လည်း ဤဘဝ၌ တရားထူးမရနိုင်။ နောက်နောင်ဘဝများတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။ ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည် ဝိပဿနာတရား အားမထုတ်ရပဲ မဂ်ဖိုလ်ရသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသဘောတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ဝိပဿနာပညာလည်း ဖြစ်ရိုးမရှိ၊ အရိယာမဂ်လည်း ဖြစ်ရိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါသည်။ ထိုသို့ ရှုမှတ်ရာတွင် “တရားနာဆုံးသည်နှင့် ရနိုင်လောက်အောင် သမာဓိရရန် အချိန်မလိုဘူးလား”ဟု မေးစရာရှိပါသည်။ မဟာစည်ဆရာတော်ကြီးက သုဒ္ဓဝိပဿနာယာနိကလမ်းဖြင့် သွား၍ ခဏိကသမာဓိရသည်နှင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကို သိမြင်နိုင်ပါသည်ဟု ဟောကြားထားပါသည်။ ခဏိကသမာဓိကို ဝိပဿနာ သမာဓိဟုလည်း ခေါ်ပါသည်။ သမာထဝိပဿနာယာနိကလမ်းနှင့် ကြည့်လျှင် ဥပစာရသမာဓိနှင့် ဆင်တူသည်ဟု ဆိုပါသည်။ နီဝရဏခေါ် ဆန့်ကျင်ဘက်ကိလေသာများ မနှောက်ယှက်နိုင်အောင် တည်ကြည်သောစိတ် အခိုက်အတန့်ကလေးအတွင်း ဖြစ်လာသော ခဏိကသမာဓိ (သို့) ဥပစာရသမာဓိတို့ဖြင့် ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိမြင်နိုင်ပြီး အရဟတ္တမဂ်အထိပင် ပေါက်ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။ ထို့ကြောင့် အမှတ် ၁ ပုဂ္ဂိုလ်များသည် တရားနာရင်းဖြစ်စေ နာင်္ပြီးလျှင်ပြီးခြင်းဖြစ်စေ ခဏိကသမာဓိဖြင့် အရိယာမဂ်ရသွားသည်ဟု မှတ်ယူရပါမည်။ ရုပ်နာမ် မရှုပဲ ကျက်မှတ်လေ့လာ သရုပ်ခွဲ ဆင်ခြင်ရုံဖြင့် ဝိပဿနာဉာဏ် အရိယာမဂ်ဉာဏ် သမ္မာဒိဌိ မဂ္ဂင် အစစ် မဖြစ်နိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားထားပါသည်။ ယနေ့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသလောက် ရှားသွားပြီဟု မိမိထင်မြင်မိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုင်ပါ။ မိမိ ဤဘဝတွင် ပဉ္စာနန ္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနိုင်မည်ဟု ယုံယုံကြည်ကြည်ဖြင့် အားထုတ်သင့်ပါသည်။ ယခင်ဘဝက ကျူးလွန်ခဲ့လျှင်လည်း လက်ရှိငရဲကျနေမည်မှာ သေချာပါသည်။ လူဘဝကိုရောက်နေခြင်းသည် မရှိခဲ့လို့ဟု မှတ်ယူရပါမည်။ ထို့ကြောင့် တရားနာရုံဖြင့် ဖတ်မှတ်လေ့လာ ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားပြီး တရားရနေပြီဟု မိမိကိုယ်မိမိ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ ဖြစ်နေမလားဟု အထင်ရောက်နေပါက ကျင့်စရာမလိုဟု ထင်မိပါက ကိုယ်ကျိုးနည်းတော့မည်။ ပုဂ္ဂိုလ် ၄ ဦး စလုံး ခန္ဓာကို ဉာဏ်ဖြင့်လှည့်ပြီး ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မတို့၏ အဖြစ်အပျက်ကို တွေ့ပြီးမှသာ အရိယာမဂ်ရကြကြောင်း၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားချက်များကို ထောက်ရှု၍ တင်ပြလိုက်ရပါသည်။