အများထဲကတယောက်


လွတ်လပ်ရေးကိုလူတိုင်း လိုချင်မက်မောကြသည်။ အသက်ပေါင်း ဘဝပေါင်းများစွာ ပေးဆပ် ရယူကြသည်။ သမိုင်းကိုကြည့်လျင် ကျနော်တို့သည် လွတ်လပ်ခြင်း အဓိပ္ပါယ်ထက် မခံချင်စိတ်ကို ရှေ့တန်းတင်တာများသည်။ အကျိုးဆက်အနေဖြင့် ဘေးဥပါဒ် အန္တရယ်များနှင့် ကြုံတွေ့ကြရသည်။ လွတ်လပ်ရေးကို အင်္ဂလိပ်ဆိုပြန်လျင် independence အမှီအခို ကင်းလွတ်ခြင်းဖြစ်သည်။ သို့သော် သူတပါးကို မမှီခိုဘဲနေရန် လက်တွေ့အလွန်ခက်သည်။ သက်ရှိသက်မဲ့များ အချင်းချင်း အပြန်အလှန် ဆက်နွယ်နေသော နည်းပညာဦးဆောင်သည့် ယနေ့ခေတ်တွင် ဤသဘောတရား ပိုမိုထင်ရှားသည်။ သာမန်အားဖြင့် အလွန်ချမ်းသာသည့် လုပ်ငန်းရှင်သူဌေး၊ ဩဇာတိက္ကမကြီးမားသည့် ခေါင်းဆောင်၊ အောင်မြင်ထင်ရှားသည့် အသိ အတတ်ပညာရှင်များသည် သူတပါးအားမှီခိုခြင်း ကင်းလွတ်သည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့နောက်ကွယ်တွင် အသိရခက်သည့် အပေးအယူအခြင်းအရာ များစွာရှိသည်။ နယူတန်၊ အိုင်းစတိုင်း၊ လီယိုတော်စတွှိုင်း၊ မဟတ္တမဂန္ဓီတို့လို ပါရမီရှင်များမှလွဲ၍ ကျန်သူများသည် တနည်းမဟုတ်တနည်း သူတပါးအပေါ် မှီခိုနေရသူများဖြစ်သည်။ တိတိကျကျပြောလျင် လောကတွင် အမှီအခိုကင်းခဲ့သူ တဦးတယောက်မှမရှိ၊ မြတ်စွာဘုရားတောင် ပါရမီဖြည့်ဖက် ယသော်ဓရာမင်းသမီး၊ ဗောဓိညောင်ပင်ကို အမှီပြုပြီးပွင့်သည်။
လွတ်လပ်ရေး အကြောင်းပြောလျင် ဆက်စပ်နေသည့် ဆင်တူယိုးမှား စာကားလုံးများပါမှ ပြည့်စုံနိုင်မည်။ လွတ်လပ်ရေးသည် အကျိုးတရား အဖြေဖြစ်ပြီး ၎င်းဖြစ်ပေါ်ရန် အကြောင်းများရှိသည်။ လွတ်လပ်ခွင့် (freedom) လွတ်မြောက်မှု (liberation)နှင့် လွတ်လပ်ရေး (independence) တို့သည် အစဉ်လိုက်သွားသည်။ လွတ်လပ်ခွင့် အဓိပ္ပါယ်ကို ကောင်းစွာမသိဘဲ၊ မကျင့်သုံးဘဲနှင့် မှန်ကန်သည့် လွတ်မြောက်မှုမဖြစ်၊ အထွက်ပေါက်မှားတော့ ရည်မှန်းရာ လွတ်လပ်ရေး လွဲရသည်။ လူတိုင်းတွင် မူလ မွေးရာပါ လွတ်လပ်ခွင့်ကိုယ်စီရှိသည်။ လွတ်လပ်ခွင့်အချင်းချင်း လေးစားရသလို အပြန်အလှန်လည်း ထိန်းကြောင်းရသည်။ မိမိကိုယ်မိမိ သို့မဟုတ် မိမိဖန်တီးသော အရာများ၏ ပိတ်ဆို့နှောင်ဖွဲ့မှုများမှ ကင်းလွတ်ရသည်။ သို့သော် အများစုက ငါဆိုသော ပုံစံခွက်ထဲတွင် ပျော်မွေ့ကြသည်။ အစွန်းရောက် လူ့အဖွဲ့အစည်းများတွင် ဟန်ဆောင်အတ္တ လွတ်လပ်ခြင်းအတုသည်ပင်လျင် ကင်းမဲ့သည်။
ရှေ့နောက်မှီ လူကြီးတဦးပြောဖူးသည်။ မဆလခေတ် သမ္မတဦးစန်းယုနှင့် အလွန်ရင်းနှီးသော ကုလားသူဌေးတဦးသည် ဥက္ကဌဦးနေဝင်း မျက်စိနောက်အောင် နေမိသောကြောင့် မှောင်ခိုအမှုဖြင့် အချုပ်ခံရသည်။ အတူအချုပ်ကျသူများ ရင်းနှီးလာသည့်အခါ သူ့ကိုဆယ်သက်စာ စားမကုန်အောင် ပြည့်စုံလျက်သားနဲ့ ခေတ်အခါမကောင်းချိန် ငြိမ်ငြိမ်ထိုင်မနေကောင်းလားလို့ အပြစ်ဆိုကြသည်။ ကုလားသူဌေးက နေချင်ပေမဲ့ အောက်က တပည့်အခြွေအရံတွေက ပေးမနေဘူး။ ဆရာသွားပါ ငါတို့ ငတ်တော့မယ်ဆိုပြီး ရှေ့တွန်းထုတ်ကြတယ်လို့ဖြေသည်။ ဤသည်မှာ လွတ်လပ်သည်ဟုထင်ပြီး အနှောင်အဖွဲ့ ခံနေရခြင်း၏ ထင်ရှားသော ဥပမာဖြစ်သည်။
ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံး အမေရိကန်သမ္မတလည်း နိုင်ငံရေး စီးပွားရေး လူမှုရေး ဘယ်ဖက်ကမှ အမှီအခို မကင်းလွတ်။ အချမ်းသာဆုံး သူဌေးကြီး ဝါရင်ဘူဖေး၊ ဘီလ်ဂတ် တို့လည်း မလွတ်လပ်၊ သူတို့က ပိုဆိုးပါလိမ့်မည်။ လုပ်သမျှဟုတ် စေတလုံးပိုင်ရှင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကော အမှီအခိုကင်းသလားဆိုခြင်းကို ကုလားသဌေးကြီး ဥပမာကိုကြည့်လျင် မြင်နိုင်သည်။ သူ့လိုအတ္တမကြီးတဲ့ နိုင်ငံရေးသမား တိုင်းပြုပြည်ပြုခေါင်းဆောင်များလည်း မလွတ်လပ်။ ပုထုဇဉ် သာသနာဝင် ပုဂ္ဂိုလ်လည်း မလွတ်လပ်၊ ပို့စ်မော်ဒန်ဆရာလည်း မလွတ်လပ်၊ ပစ္စည်းမဲ့သမားလည်း မလွတ်လပ်၊ အာလုံး တနည်းမဟုတ်တနည်းဖြင့် အနှောင်အဖွဲ့ခံ နေကြရသည်။
အဆုံးစွန်သော လွတ်လပ်ခြင်းမျိုးကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပုဂ္ဂိုလ်များ၏ ရုပ်တရား နာမ်တရားတို့အပေါ်ကပ်ငြိခြင်းမှ သူ့အဆင့်လိုက် လွတ်မြောက်မှုမျိုးသာဖြစ်သည်။ ကြုံလို့ပြောရလျင် အနာဂါမ် အရိယာအဆင့်ရောက်နေသော ဘုန်းကြီးတပါးသည် တုတိသာနတ်ပြည်ရှိ အရိမေတ္တေယျ အလောင်းနတ်သားထံ စိတ်ညွှတ်၍ တရားဆက် မတက်နိုင်ဖြစ်သည်။ အဆုံးစွန် လွတ်မြောက်ခြင်းနှင့် နောက်ဆုံးအဆင့် အနူးညံ့ဆုံး နှောင်ဖွဲ့မှုသဘော ဥပမာဖြစ်သည်။ ကြီးလှစွာသော လောကုတ္တရာဈာန် ကုသိုလ်စိတ်သည်ပင် လွတ်လပ်မှုခရီးအတွက် အဟန့်အတားဖြစ်ရသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် မြန်မာပြည်ကို မဟတ္တမဂန္ဓီ လာစဉ် ဘာသာရေး နှီးနှောဖလှယ်ကြသည်။ ကာမကိလေသာဆန္ဒအား ထိန်းချုပ်ရာတွင် ဂန္ဒီကြီးက ကျမ်းစာ ရွတ်ဖတ်၊ ဟိန္ဒူဘုရားဂုဏ်တော်ပွား၍ ဆင်ခြင်သည်ပြောတော့ မြန်မာဗုဒ္ဓဘာသာပညာရှိများက ပြသနာကို ရှောင်ပြေးခြင်း၊ ပိုအားကြီးသောအရာဖြင့် ဖုံးအုပ်ခြင်းသည် မှန်ကန်သော ဖြေရှင်းနည်းမဟုတ်။ ပညာနဲ့ ရင်ဆိုင်တွေ့မှသာ အဆုံးတိုင် ဖြေရှင်းခြင်းမည်သည်ဟု ပြန်လှန်ဆွေးနွေးသည်။ သစ္စာလေးပါးတရားတော်ဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းကို ဆိုလိုသည်။
လွတ်လပ်ခွင့်သည် လူတိုင်း၌ရှိသော်လည်း စိတ်ထားတတ်သူသာ လွတ်မြောက်သူဖြစ်သည်။ အင်္ဂလိပ်လို open mind မြန်မာလို ခွင့်လွှတ်နားလည် စိတ်ထားရှိခြင်းသည် ကျနော်တို့လို သာမန်လူ များအတွက် လွတ်လပ်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ကိုယ်နှင့်မတူ ကွဲပြားခြားနားသည်များကို လက်ခံနားလည်ပေးခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်း တို့ဖြင့် မိမိကိုယ်မိမိ ချုပ်နှောင်ဖွဲ့ ပုံသွင်းထားခြင်းမှ ရုန်းထွက်ရသည်။ မိမိ လက်ခံထားသော အယူအဆနှင့် မတူသည်များကို ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖုံးကွယ်ခြင်းတို့သည် ပြသနာကို ရင်မဆိုင်ဘဲ ရှောင်ပြေးခြင်းဖြစ်သည်။ မိမိက အားကောင်းနေလျင် အဆင်ပြေသော်လည်း အားနည်းသည့်အခါ အလွယ်တကူ ဆုံးရှုံးသည်။ အမြော်အမြင်ရှိသူများက အိမ်တွင်းရေးမှ ဘာသာရေး နိုင်ငံရေးအထိ မျက်စိနားစွင့် နှလုံးသားကိုဖွင့်ပြီး မတူသူများထံမှ ပေါင်းစပ် ဖွဲ့စည်းပြီး ပိုမိုကောင်းမွန် လိုက်လျောညီထွေဖြစ်ခြင်းတို့ကို တည်ဆောက်သည်။
ကနဦးရှိရန်မှာ ခိုင်ခန့်တည်ကြည်သောစိတ်ဖြင့် မိမိကိုယ်မိမိ ကပ်ငြိခြင်းကို ခွာရန်ဖြစ်သည်။ နိုင်ငံရေးတွင် နိုင်ငံရေးသီလ၊ စီးပွားရေးတွင် စီးပွားရေးသီလ လူမှုရေးတွင် လူ့ကျင့်ဝတ်သိက္ခာသီလ လုံရမည်။ ထိုမှတဆင့် နားလည်သည်းခံနိုင်စွမ်း စိတ်ဓါတ်အင်အား တည်ဆောက်ပြီး မတူကွဲပြားသော တဖက်အမြင်ကို လက်ခံစဉ်းစားခြင်းဖြင့် လွတ်လပ်ပေါ့ပါးသောဘဝကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး