တန်ဆေးလွန်ဘေး

moethidasoeFebruary 6, 20111min1447

တန် ဆေး လွန် ဘေး ဆိုတာ ရှေးလူကြီးတွေက ဆင်ခြင်တုံ တရားကို လက်ကိုင်ထားကြဖို့ အစွန်း မရောက်ဖို့ ဆိုခဲ့တာပါ

တောလိုက်မုဆိုး တွေ့ခဲ့ပြီးတော့မှ လူ့အသိုင်းအဝိုင်းကို ဝင်ရောက်လာတယ် ဆိုတဲ့ အရက်ကို ရေးချင်တာပါ ..

ကိုယ်တိုင်လဲ သောက်ခဲ့ဖူးပါတယ် .. မိတ်ဖြစ်ဆွေဖြစ်လို့ ပြောနိုင်တာပေါ့ (ကိုယ့်ကိုယ်ကို ကာတာ မဟုတ်ပါ) .. သောက်ပြီးခဏမှာ စကားတွေ ဖောင်အောင် ပြောလာတယ် .. (ကိုယ်တိုင်တော့ မသိခဲ့ပါ) .. အပျော်လွန်တဲ့အခါ သူငယ်ချင်းတွေ မတွေ့တာ ကြာတဲ့အခါ အန်တဲ့အထိ သောက်ခဲ့ဖူးသေးတယ် .. (အတော် အနေဆိုးပါတယ်)

ဒါကြောင့် ကောင်းလား ဆိုးလားဆိုတာကို သိခဲ့ပါတယ် .. နည်းနည်းဆိုရင် အတော်အသင့် ရင်ချောင်တယ် .. အာသွက်တယ် .. ခံတွင်းလိုက်တယ် လို့ ဆိုနိုင်ပေမယ့် .. လွန်လာတဲ့အခါ အတော် အခံခက်ပါတယ် .. မနက်ပိုင်း အရက်နာကျတယ်လို့ ပြောကြတာဟာ သောက်ချင်လို့ ဆင်ခြေ ပေးတယ်လို့ ယူဆပါတယ် .. သောက်ရင် အရက်နာကိုတော့ ခံနိုင်ရမှာပေါ့ ..

အခုတော့ များများသောက်အောင်လို့ ကံစမ်းမဲ ဆိုတာကြီးကလဲ အားသွန်ခွန်စိုက် ဝင်လာပါတယ် ..

များများသောက်ရင် များများ ပေါက်တာ (လက်ငင်း ကတော့ ..ရှူရှူးပါ) ..

တစ်ခါက သောက်သမားတစ်ယောက်ကို ဆရာဝန်က (ဝီစကီ တစ်ပက် ခန္ဓာကိုယ်ထဲ ရောက်လာရင် အသည်းက အဲဒီ အဆိပ်အတောက်ကို စွန့်ထုတ်ဖို့ တစ်နာရီ အချိန်ယူ ဆောင်ရွက်ရတယ်ဗျ .. ) လို့ ပြောတဲ့အခါ အဲဒီ အသောက်သမားက အရက် တစ်ပက်သောက်တယ် .. နာရီ ကြည့်တယ် .. တစ်နာရီ ပြည့်တဲ့အခါ နောက်တစ်ပက် သောက်တယ် .. ဆရာဝန်ရဲ့ စကားကို အဲဒီဆင်ခြေနဲ့ သောက်ခဲ့တယ် .. (အခုတော့ မရှိတော့ပါဘူး) ဒီနည်းနဲ့ ကိုယ့် အဖိုးတန် အသည်း အစရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခဏခဏ ဒုက္ခပေးမှာလား စဉ်းစားကြစေချင်ပါတယ် ..

နောက်ပြီးတော့ .. ဗုဒ္ဓဘာသာ အခြေခံ စာအုပ်မှာ ဘာ ပါသလဲ ဆိုတော့

သုရာမေဒယ ကံ ကျူးလွန်တဲ့လူဟာ

ဒီဘဝမှာ အခွင့်အခါတွေဆုံးရှုံးရပါတယ်

စဉ်းစားဆင်ခြင်ညာဏ် (ညလေးရေးချ စာလုံး ရှာမတွေ့လို့) နုံနဲ့သွားပါတယ် ..

နောင်ဘဝမှာ ငရဲကျမယ် လို့ ပါတယ် (ဒါကြောင့်လဲ နောက်ပိုင်း အဖော် ဘယ်လောက်ကောင်းကောင်း မသောက်ဖြစ်တော့ပါ)

ဒါကြောင့် သောက်နေဦးမယ် ဆိုရင်တောင်မှ တန် ဆေး လွန် ဘေး ဆိုတာကို မမေ့စေချင်လို့ပါ

7 comments

  • bigcat

    February 6, 2011 at 5:26 am

    ဒေါက်တာ့ရေးသားချက်က်ို ပြန်လည်ချေပဖို့ သဂျီးမင်းနဲ့ ယစ်ထုပ်ကြီးကိုအောင်ပု တို့ခေါင်းခြင်းရိုက်ဆွေးနွေးစဉ် အရှိန်လွန်သွားလို့ ဆေးရုံသို့ပို့လိုက်ရပါကြောင်း။ (မနေ့ညက အရှိန်မပြေသေးလို့တဲ့)။ ရွာသားများ လူနာသတင်းမေးကြပါရန် နှိုးဆော်ပါသည်။

    (ဗုဒ္ဓဘာသာ အခြေခံ စာအုပ်မှာ ဘာ ပါသလဲ ဆိုတော့ သုရာမေဒယ ကံ ကျူးလွန်တဲ့လူဟာ ဒီဘဝမှာ အခွင့်အခါတွေဆုံးရှုံးရပါတယ်၊ စဉ်းစားဆင်ခြင်ညဏ် နုံနဲ့သွားပါတယ် ..)

  • kai

    February 6, 2011 at 5:52 am

    ဗုဒ္ဓဘာသာ အခြေခံ စာအုပ်မှာ ပြောထားတဲ့ သုရာမေဒယ ကံ ကိုကျူးလွန်တဲ့လူဟာ ..

    – ဒီဘဝမှာ အမူးဓါတ်ငြိမ့်ငြိမ့်ကလေးနဲ့.. ဇိမ်တွေ့ပါတယ်..။
    – ဆရာဝန်တွေ သုတေသနပြုထားချက်အရ.. ဝိုင်နီသောက်သူတွေဟာ ကင်ဆာရောဂါကို တစိတ်တပိုင်းကာကွယ်နိုင်ပြီး .. ကျမ်းမာရေးကိုလည်း အထောက်အကူဖြစ်စေတယ်ဆိုတာမို ့.. ကျမ်းမာရေးလည်း သာမန်သူတွေထက်ပိုကောင်းပါတယ်..။
    – နေ့ပိုင်းအစည်းအဝေးတွေမှာ .. ပြောထားလို့ အဆင်မချောတဲ့ စကားတွေဆွေးနွေးမှုတွေဟာ .. ညပိုင်း အရက်တူတူသောက်ကြရင်း ဆက်ဆွေးနွေးကြတဲ့အခါ ..အများအားဖြင့် အဆင်ပြန်ပြေကြတာမို ့.. လုပ်ငန်းဆောင်တာ..လူမှုဆက်ဆံရေးတွေ အဆင်ပြေစေပါတယ်..။
    – အရက်ကလေးနည်းနည်းဝင်နေရင်.. အတွေးကွန်ခြာကွန့်တာမှာ ..သာမန်ထက် ပိုလုပ်နိုင်ပိုရဲတာမို ့.. စဉ်းစားတဲ့အတွေးတွေအကောင်အထည်ဖေါ်ရာမှာ ..ပိုထိရောက်ပါတယ.်.။

    ..
    ..
    အောင်မလေး..
    အရက်ကောင်းကြောင်းရေးနေရင်.. မကုန်နိုင်မခန်းနိုင်ပဲ..။
    ဘယ်ဘဝတွေမှ ထည့်မတွက်ဘူး.. လက်တွေ့ကျကျ ဒီနေ့နဲ့ မနက်ဖြန်ပဲ..။

    (ချွင်းချက်..။ မူးရူးအောင်တော့ အလွန်အကျွံမသောက်ရ..။ အစွန်းမနင်းရ..)

  • ချစ်စ/ဆ ရာ

    February 6, 2011 at 6:01 am

    အလွန်ကျေးဇူးပြုတဲ့ပို ့စ်နဲ ့ကွန်မန် ့ပါခင်ဗျ
    အောင်ပုတို ့များ သည်းခြေပျက်ပုံများခင်ဗျ
    တစ်နေ ့ထန်းတောထဲမှာ မူးမူးနဲ ့
    အောင်ပုနော် ကျွန်တော်မဟုတ်ဘူးခင်ဗျ
    မိုးကြိုးပြစ်ထားတဲ့ တန်းပင်ခေါင်းပြတ်ဂျီးကို ဖက်ပြီး
    ပြစ်မှားနေတာ အိန္ဒြာကျော်ဇင် ဆိုပြီးတော့
    သဂျီးနာမည်တောင်ကြားလိုက်သလိုဘာလိုလိုဘဲခင်ဗျ
    ဒါနဲ ့ကျွန်တော်ကလဲ ပြောရှာပါတယ်
    အောင်ပု
    မင်းကွာ သေရည်တွေသောက်ပြီး
    အသိတရားတွေ ခေါင်းပါးနေပြီ ဆင်ခြင်ပါဟ လို ့ပြောတော့
    အမလေး ငမူး ရဲ ့အာဘော်ကို နာကြားကြပါခင်ဗျ
    မင်းက သေရည်ရဲ ့ဆိုးကျိုးကို ပြောရအောင် ဘယ်နှစ်ခွက်သောက်ဘူးသလဲ
    တဲ့ခင်ဗျ
    နောက် သူကဆက်ပြောတယ်
    ငါတို ့က အခုနေဆင်ခြင်လိုက်ရင် တစ်ခချက်ထည်းနဲ ့တရားရမှာ
    မင်းက စာအုပ်ဖတ်ပြီးလာဟောမနေနဲ ့
    သေရည်ရဲ ့ကောင်းဆိုးကို
    ငါမင်းထက်သိတယ်တဲ့
    ဒါနဲ ့ဗျာ ကျွန်တော်လည်း မနေသာတော့ ပညာပေးရတာပေါ့
    အကျိုးပေးက ကောင်းသဗျ
    အဲ့သည်ချိန်မနီးမဝေးမှာ ခွေးတစ်ကောင်က ချီးစားနေတယ်ဗျ (ကန်တော့ပါခင်ဗျ)
    ကျွန်တော်က လက်ညှိုးထိုးပြီး
    အောင်ပု မင်းချီးစားမလားမေးတော့
    ဟ ချီးစားရအောင် ငါက ခွေးမဟုတ်ဘူးကွ တဲ့
    ဟုတ်ပါပြီ
    ဘာဖြစ်လို ့မစားရတာလဲ လို ့မေးလိုက်တော့
    ချီးဆိုတာအညစ်အကြေးလေကွာ အညစ်အကြေးဆိုတာ ငါကသိနေမှတော့ စားမလားကွ တဲ့
    သည်မှာမှ ကျွန်တော်က
    အေးးးးး
    ငါလဲဒီလိုဘဲ
    အရက်ဆိုတာ မကောင်းဘူးဆိုတာ သိနေပြီးသားဖြစ်တဲ့အတွက်
    မင်းလို သောက်ကြည့်စရာမလိုဘူး
    ဒါကြောင့်ငါမင်းကိုပြောနေတာ
    လို ့ပြောပြီး ဆုံးမခဲ့ရတယ်ဗျာ
    ဒါတောင် ကျွန်တော့်နောက်ဘက်ကို
    မျက်စောင်းထိုးနေလို ့
    မနည်းကြီးထွက်ပြေးခဲ့ရတယ်
    ပြောရဘူးလေ
    အရက်သမား
    သူ ့ဒေါသက
    ကိုယ့်နောက်ဘက်ရောက်လာရင်ဒုက္ခ

  • cobra

    February 6, 2011 at 7:28 am

    ဟားဟားဟား….
    အကိုချစ်စရာပြောတာတကယ်လား
    အကိုအောင်ပုကရောတကယ်ထန်းပင်ခေါင်းပြတ်ကိုဖက်ထားတာလား
    တော်သေးတယ်ထန်းပင်မို့လို့….
    မှားလည်းမှားတတ်ပါပေ့ကိုအောင်ပုရယ်……..

  • naywoonni

    February 6, 2011 at 10:49 am

    အရက်နာကျတယ်ဆိုတာက ချွေးမထွက်လို့ ဖြစ်တာပါ။ အရက်နာကျနေတာကို လန်းသွားအောင်ဆိုပြီး ချွေးထုတ်အောင် ကိုယ်လက်လှုပ်ရှားမှု မလုပ်ပဲနဲ့ ရေချိုးလိုက်ရင် ခေါင်းပိုကိုက်တတ်ပါတယ်။ ကျွန်တော်ကတော့ အရက်နာ ကျနေတဲ့ အချိန် စက်ဘီးစီးရတာအကြိုက်ဆုံးပဲ။ လေကိုဆန်ပြီး မနှေးမမြန် နင်းသွားရင် နားသယ်ဆံစပ်က ချွေးစို့ထွက်လာတဲ့အခါ လေတိုးခံရတဲ့ အရသာကို ခံစားကြည့်ဖူးကြလား။ (ကိုခိုင်တို့ အောင်ပုတို့ကိုပြောပါတယ်။) နောက်အိမ်ပြန် ရေမချိုးသေးဘူး။ ဆန်ပြုတ် ဒါမှမဟုတ် ထမင်းရည်ထဲကို သကြားခပ်ပြီး သောက်လိုက်သေးတယ်။ ချွေးတိတ်သွားမှရေချိုး ပြီးရင်ပြန်သောက်..။ နတ်ပြည်ရောက်…………

    • char too lan

      February 8, 2011 at 9:10 am

      ဟော……..ဒီမှာလဲတစ်ဂျိုး (အရက်ဂျိူး) 😀

  • moethidasoe

    February 8, 2011 at 4:13 am

    ကိုကြောင်ကြီးမေးလို့ ဖြေတာနော်
    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်) တတိယအကြိမ်ထုတ် (၁၉၉၅) စာမျက်နှာ ၁၄၃ အောက်ဆုံးစာပိုဒ်

    သုရာမေရယကံကို လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး လင်္ကာနှင့် အဓိပ္ပါယ်
    သေရည်သေရက် စသော မူးယစ်ဆေးဝါးအားလုံးသည် တစ်ခါသောက်သုံးမိလျှင် ထပ်ခါထပ်ခါ သောက်ချင် သုံးစွဲချင်၏။ ဤသောက်သုံးမှုသည် မူးယစ်မှု အားကြီးလာသောအခါ အချင်းချင်းကိုဖြစ်စေ၊ အခြားသူအား ဖြစ်စေ၊ ရိုက်မှု၊ သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ သူ့သား အိမ်ရာပြစ်မှားမှု စသည်တို့ကို ဆက်လက် လွန်ကျူးမိတတ်ကြသည်။ ဤ (စာမျက်နှာ ၁၄၄ အစပိုဒ်) သေရည်သေရက် မူးယစ်ဆေးဝါး သောက်စား သုံးစွဲမှုသည် ဤဘဝမှာပင် အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးများကိုသာ ဖြစ်စေတတ်ပြီး သေသောအခါ ငရဲ၌ ကျရတတ်သည်။
    ထိုသေရည်သေရက် မူးယစ်ဆေးဝါးကို သောက်စား သုံးစွဲသောသူသည် မျက်မှောက်ဘဝ၊ နောက်ဖြစ် လေရာ ဘဝတို့၌ –
    (၁) အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း၊
    (၂) ပျင်းရိတတ်ခြင်း၊
    (၃) မေ့လျော့မူးဝေတတ်ခြင်း၊
    (၄) သူ့ကျေးဇူးကို မသိခြင်း၊
    (၅) အရှက်အကြောက် ကင်းခြင်း၊
    (၆) ရူးသွပ်တတ်ခြင်း၊
    (၇) မကောင်းမှု အားလုံး ကျူးလွန်လွယ်ခြင်း –
    ဤသို့ စသော များစွာသော အပြစ်ကိုလည်း ခံစားရတတ်သည်။
    လင်္ကာ
    သေရည်သောက်လင့်၊ သင့် – မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါ အပြန် အကျိုးတည်း။
    တဲ့
    .. မေးထားလို့ စာအုပ် ပြန်ရှာပြီး ဖြေတာပါ ..

Leave a Reply