Sexy ဝတ်စုံ

ashinindakaFebruary 7, 20111min1087

အသောကမင်းကြီးရဲ့ ကျေးဇူးနဲ့ ဘီစီ ၂၃၅ ခန့်မှာ
ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို မွန်ပြည်နယ် သထုံတဝိုက်ရောက်လာတယ်ပဲ ဆိုပါစို့။
အဲ့ဒီအချိန်ကစပြီး သထုံတဝိုက် ဗုဒ္ဓဘာသာ အတော်စည်ပင်ပြန့်ပွါးခဲ့ပုံပေါ်ပါတယ်။

ဒါ့ကြောင့် သထုံဒေသမှာရှိတဲ့ မွန်လူမျိုးတွေဟာ
မြန်မာနိုင်ငံအလည်ပိုင်းနဲ့ အထက်ပိုင်းမှာရှိတဲ့လူမျိုးတွေထက်စောပြီး
ဗုဒ္ဓဘာသာအရသာနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို
သုံးဆောင်ခံစားကျင့်သုံးခွင့်ရခဲ့တယ်လို့ မှတ်ယူနိုင်တယ်။

ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စာပေများကို
သထုံတဝိုက်မှာရှိတဲ့ မွန်လူမျိုးတွေက အရင်ကျင့်သုံးခွင့်ရတဲ့အတွက်
ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆင့်အတန်း၊ စာပေမြင့်မားမှုမှာ
သူတို့က ရှေးပိုကျတယ်လို့ ဆိုနိုင်ပါတယ်။

လူနဲ့သူနဲ့တူအောင်နေနိုင်တာ သူတို့က ပိုစောတယ်လို့ဆိုရမယ်။

ဒါ့ကြောင့် အညာသားရှင်ဘုရင် အနော်ရထာတို့ မွန်ဘုရင် မနူဟာမင်းဆီသွားပြီး
ပိဋကတ်သုံးပုံတောင်းတော့
“မင်းတို့လိုအရိုင်းအစိုင်းတွေနဲ့ ပိဋကတ်နဲ့လားလားမှ မထိုက်” လို့
ပြောလွှတ်လိုက်တာဖြစ်မယ်။
ထား။

ဒီနေရာမှာ ပြောချင်တာက
သထုံတဝိုက်မှာ အသောကမင်းလက်ထက်ကစပြီး
ဗုဒ္ဓဘာသာစတင်ရောက်ရှိထွန်းကားလာတယ်လို့ ပြောလိုရင်းဖြစ်တယ်။

နောက်ပိုင်းနှစ်အတန်အကြာ အေဒီ ၁၁ ရာစုမှာ
မွန်ပြည်နယ်မှာ မနူဟာဆိုသူ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတယ်။
သူနဲ့ခေတ်ပြိုင်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးဘက်က ရှင်အရဟံဆိုတဲ့ဘုန်းကြီးရှိတယ်။

အညာ ပုဂံဒေသမှာက
သူနဲ့ခေတ်ပြိုင် အနော်ရထာ ရှင်ဘုရင်လုပ် အုပ်ချုပ်နေတယ်။
အဲ့အချိန် ပုဂံဒေသမှာ အနော်ရထာမင်းတို့တတွေက အရည်းကြီးတွေ ကိုးကွယ်ကြတယ်။

ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့မွန်ပြည်နဲ့ အရည်းကြီးကိုးကွယ်နေတဲ့ ပုဂံပြည်
ဘာသာယဉ်ကျေးမှု အတော်ကွာဟမှုရှိပါတယ်။

သထုံတဝိုက် ဗုဒ္ဓဘာသာယဉ်ကျေးမှုမြင့်မားနေချိန်
ကမ္ဗောဒီးယားမှာ ခမာဘုရင်တွေ အုပ်စိုးတယ်။

ဒီခမာဘုရင်တွေက ဟိန္ဒူဘာသာဝင်တွေ။
ဒါ့ကြောင့် ကမ္ဗောဒီးယားနိုင်ငံမှာ ထင်ရှားတဲ့ အန်ကောဝပ်ကျောင်းတော်ကြီးကို ကြည့်လိုက်ရင်
ဟိန္ဒူယဉ်ကျေးမှု ဘယ်လောက်လွှမ်းမိုးသွားတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်တယ်။
အဲ့ဒီ ဟိန္ဒူခမာဘုရင်တွေ နယ်ချဲ့လာတာ ထိုင်းကိုရောက်လာတယ်။
ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်ဘက်ကို ရောက်လာတယ်။

ဟိန္ဒူတွေ ဗုဒ္ဓဘာသာထွန်းကားတဲ့ မွန်ပြည်နယ်ဘက်ရောက်လာတော့
ဗုဒ္ဓဘာသာဘုန်းကြီးတွေ သိပ်အဆင်မပြေဘူးပေါ့။

မနူဟာမင်းလက်ထက် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်တဲ့ ရှင်အရဟံလည်းပဲ
ဟိန္ဒူဘာသာဝင်တွေဝင်ရောက်လာတဲ့ မွန်ပြည်နယ်မှာ သိပ်နေလိုဟန်မရှိတော့လို့ ထင်ပါရဲ့။
အထက်ဗမာပြည် ပုဂံကို ကြွပါတယ်။
ပုဂံပြည် တောထဲတစ်နေရာမှာနေနေပြီးတော့ တရားကျင့်နေပါတယ်။

မုဆိုးတစ်ယောက်က သားကောင်လိုက်ရင်းနဲ့
တောထဲမှာနေနေတဲ့  မွန်ပြည်နယ်သားရဟန်းတော် ရှင်အရဟံကို တွေ့သွားတယ်။
ခေါင်းပြောင်ပြောင် ပခုံးတစ်ဖက်ဖေါ်ထားတဲ့ ရှင်အရဟံကိုတွေ့တော့
ပုဂံသားမုဆိုးမျက်စိထဲ အတော်ထူးဆန်းသွားတယ်။

ဟုတ်တယ်။ အခုခေတ်မှာလဲပဲ
ခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထားတဲ့ ရဟန်းတော်တွေရဲ့ အသွင်အပြင်ကို
ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ သီဟိုဠ်၊ ထိုင်း၊ မြန်မာနိုင်ငံက လူတွေက
မထူးဆန်းပေမဲ့ တခြားနိုင်ငံက လူတွေက အထူးအဆန်းဖြစ်ပြီး ကြည့်လေ့ရှိတယ်။

အိန္ဒိယမှာနေတုန်းကဆိုရင် ကုလားတစ်ယောက်က
သင်္ကန်းကို လာကိုင်ပြီး
“ဒီဝတ်စုံက မြန်မာနိုင်ငံက ရိုးရာဝတ်စုံလား” လို့တောင် မေးဘူးတယ်။

ဘုရားရှင်က မြို့ထဲရွာထဲ သွားရင် သင်္ကန်းရုံသွားဘို့ ပညတ်ထားတဲ့ဝိနည်းစည်းကမ်းရှိပါတယ်။
အဲ့ဝိနည်းစည်းကမ်းကို မလိုက်နာပဲ ပခုံးတစ်ဖက်ဖော်သွားရင်
မြန်မာနိုင်ငံတွင်းမှာဆိုရင် ဘာမှ အထူးအဆန်းမဟုတ်ပေမဲ့
တခြားနိုင်ငံတွေမှာဆိုရင် အတော်အဆင်မပြေတာ တွေ့ရတယ်။

အိန္ဒိယက ကုလားတစ်ယောက်က ဒီအဝတ်အစားက
လူရိုင်းတွေ ဝတ်တဲ့အဝတ်အစားနဲ့တူတယ်တဲ့။

မလေးရှားက တရုတ်မတစ်ယောက်က
ဒီလိုပခုံးတစ်ဖက်ဖော်ပြီး ဝတ်ထားတဲ့အဝတ်အစားဟာ
အတော့်ကို sexy ဖြစ်တယ်တဲ့။

ရဟန်းတော်များ သင်္ကန်းမခြုံပဲ သင်္ကန်းမရုံပဲ မြို့တွင်းရွာတွင်းသွားရင်
ဒီလို အဆင်မပြေမှုလေးတွေ ရှိတာတော့ အမှန်ပဲ။
ဒါ့ကြောင့် သင်္ကန်းကို သေသေချာချာ သပ်သပ်ယပ်ယပ် ရုံပြီးမှသာ
သွားသင့်ပါတယ်။

တောထဲမှ တစ်ကိုယ်တည်း ဦးခေါင်းပြောင်ပြောင်နဲ့ ပခုံးတစ်ဖက်ဖော်ထိုင်နေတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်တဲ့ရှင်အရဟံကို မြင်လိုက်တဲ့အချိန်
မုဆိုးမျက်စိထဲ မယုံနိုင်လောက်အောင်ကို ဖြစ်သွားတယ်။
လူရော ဟုတ်ရဲ့လား၊ တစ္ဆေလား၊ သရဲလားစသဖြင့် တွေးတော့တာပေါ့။

မုဆိုးက ပါလာတဲ့မြှားနဲ့ချိန်တွယ်ပြီး
ငြိမ်ငြိမ်နေဘို့ အသာအယာလိုက်လာဘို့ပြောဆိုကာ
ရှင်အရဟံကို အနော်ရထာမင်းရှိရာ နန်းတွင်းကို ခေါ်ဆောင်သွားတယ်။

7 comments

  • bigbird

    February 7, 2011 at 2:06 pm

    ဆက်တငတ်ငတ်ကြီးဘုရား..ဆက်ရေးပါဦး။

    • ashinindaka

      February 7, 2011 at 2:15 pm

      တရားစခန်းပွဲကြောင့် အလုပ်နည်းနည်းများနေလို့ တိုစိတိုစိ ရေးလိုက်တာ ဖတ်လိုက်ရတဲ့ ကိုငှက်ကြီး ဆတ်တငတ်ငတ်ကြီးဖြစ်သွားတာ။ ဆောရီး။ အင်း။ ဆက်ရေးပါ့မယ်။

  • bigcat

    February 8, 2011 at 3:28 am

    အရှင်ဘုရား ပို့စ်ခေါင်းစဉ်ကို ခေတ်မှီအောင် အင်္ဂုလိလို တပ်ထားတော့ သူနဲ့စာလုုံးခြင်းဆက်နွယ်ရာ အခြားပို့စ်တွေနဲ့ တပေါင်းလိုဖြစ်သွားလို့ အခြားစာလုံးပြင်သင့်သည်ဟု အကြံပြုလျောက်ထားလိုပါသည်။ ဥပမာ – ညို့အားပြင်းတဲ့ယူနီဖောင်း။

    • ashinindaka

      February 8, 2011 at 4:11 am

      နောက်တစ်ခါ ပို့စ်မတင်ခင် ဒကာကြောင်ကြီးထံက ခေါင်းစဉ်နာမည် တောင်းရအုံးမယ်။

  • cobra

    February 8, 2011 at 8:44 am

    အရှင်ဘုရား
    မေးစရာလေးရှိလို့ပါဘုရား
    သင်္ကန်းကိုတခြားအရောင်နဲံဝတ်လို့မရဘူးလားဘုရား
    ဘာကြောင့်သင်္ကန်းကဒီလိုအရောင်တွေပဲဝတ်ရတာလဲဘုရား….

    • ashinindaka

      February 8, 2011 at 8:54 am

      ဘုရားရှင်ခွင့်ပြုထားတဲ့ သင်္ကန်းအရောင်တွေ ရှိပါတယ်။ အညိုရောင် အဝါရောင်စသဖြင့် မဟာဝါပါဠိတော်ထဲမှာ မှတ်တယ်။ ငယ်စဉ်တုန်းက ဖတ်မှတ်ဖူးပါတယ်။ ထား။ ရှေးတုန်းကတော့ ပိတ်စတွေကို သစ်ခေါက်ပြုတ်ရေနဲ့ စိမ် ဆိုးပြီးဝတ်ရတာပါ။ ညိုညစ်ညစ်အရောင် ဖြစ်ဖို့များပါတယ်။ လူတွေလို ကြောင်ကြားကြား ဖြူတူတူ အရောင်တွေကို ရဟန်းတွေ မဝတ်ရပါဘူး။ သင်္ကန်းအရောင်ပေါ်မှာ တတ်မက်တဲ့စိတ်တွေ မပေါ်ပေါက်အောင် လို့ပါ။ လူတွေလို အရောင်မျိုးစုံလိုက်ဝတ်နေရင် အရောင်မျိုးစုံကို ရွေးချယ်ခွင့်တွေဖြစ်လာပြီး အရောင်နဲ့ဆက်စပ်ကာ တတ်မက်မှုတွေ လှပလိုမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ရှောင်ကြဉ်စေချင်လို့ပါ။

  • ဆူး

    February 9, 2011 at 2:13 pm

    ခေါင်းစဉ်နာမည်ကို ပြောင်းသင့်ပါတယ် ဘုရား။ တွဲရက် လင့်တွေ ပါနေတော့ သိပ်မကောင်းလှဘူး။
    သင်္ကန်း အရောင်နဲ့ ပတ်သတ်လို့ သတိထားမိတာ တခုတော့ ရှိပါတယ် ဟုတ်မဟုတ်တော့ ဆက်ပြီး ပြောပြပေးပါ။
    ပိတောက်ခြောက်ရောင်လို ဝါဝါ ကြီးတွေ ယိုးဒယား ကမော္ဘဒီးယား လာအို စတဲ့ နိုင်ငံတွေ တကြောက အဲဒီ အရောင်တွေ ရုံတာ တွေ့ပြီးတော့ မျက်ခုံးမွေးလည်း ရိတ်တယ် ထင်တယ်။ ဆံပင်ကတော့ မြန်မာ ဘုန်းကြီးတွေလို ပြောင်အောင် ရိတ်တာ သိပ်မတွေ့ဘူး။ မြန်မာ ပြည်မှာ နေလို့လား မသိဘူး မြန်မာပြည်က ပိန္နဲရောင် (နီညိုရောင်အရင့်) ရုံထားတဲ့ ရဟန်းဆိုရင် စိတ်ထဲမှာ အလိုလိုကို ကြည်ညိုမိတယ်။
    ဖားအောက်က ဆရာတော်တွေဆို အညိုရင့်ရောင် ဘက်သွားတာ သတိထားမိတယ်။ သင်္ကန်း အရောင် မကွဲပြားဘဲ အရင့်ဆိုတော့ စိတ်ရဲ့သဘော မပျံ့လွင့်အောင် အရောင် မတပ်မက်အောင် ရုံကြတယ်နဲ့ တူတယ်။
    နောက်ပြီး သတိထားမိတာ မြန်မာမှာ သင်္ကန်း အဝါ ရုံတဲ့ ကိုယ်တော်တွေ မြင်ဘူးတယ်။ စာအောင် သံဃာတွေ စာတတ်ပေတတ် ဘုန်းကြီးတွေမှန်း သိအောင် တမင် တကာ အဝါ ရုံတယ်လို့ ကြားမသိသလို သုဓမ္မာ က သင်္ကန်း အဝါ ရုံတယ်လို့ ကြားမိပြန်ပါတယ်။ သင်္ကန်း အဝါကို စာအောင် သံဃာတွေ ရုံရတာက မြတ်စွာဘုရား ဧဟိဘက္ခူ ဆိုပြီး ခေါ်တဲ့ အချိန်မှာ သင်္ကန်းနဲ့ ရဟန်း ဖြစ်သွားတဲ့ အရောင်က ဝါဖန့်ဖန့် အရောင် ဖြစ်တဲ့ အတွက် ပိဋကတ် စာအောင် သံဃာများ အဲဒီ ရည်ရွယ်ချက်နဲ့ ရုံတယ်လို့ ကြားသိရပါတယ် ဘုရား။
    နောင် တခု တွေ့မိတာ ရှိပါသေးတယ် သပြေသီး ရောင် ခရမ်းရောင်သန်းပြီး မဲညစ်ညစ် ဖြစ်တဲ့ အရောင် အဲဒီ အရောင်မျိုးတွေ ကကော သစ်ခေါက် ဆိုးရင် အဲဒီ အရောင်မျိုး ထွက်သလား ဘုရား။
    သစ်ခေါက် ဆိုးလို့ရတဲ့ အခေါက်တွေ နာမည်တွေကို တစု တစည်းထဲ တင်ပြပေး စေလိုပါတယ်။ ဘာအခေါက် ဆိုးရင် ဘာအရောင် ဖြစ်တယ် ဆိုတာလေးပေါ့ တောင်းဆိုပါတယ် ဘုရား။
    လေးစားစွာဖြင့်
    ဆူး

Leave a Reply