ကြားလိုက်ရသည့် သတင်းကြောင့် သူရှက်မိနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီိကိစ္စကိုကျူးလွန်သူသည် သူ၏ တစ်ဦးတည်းသော ဆွေမျိုးရင်းချာ တစ်ယောက်ဖြစ်နေမိလို့ပါပဲ။ စဉ်းစားရမည်ဆိုလျှင် ဘယ်သူက ဘယ်သူ့ကြောင့်လို့အပြစ်ဖို့နေစရာအကြောင်းမရှိဘူးလို့ထင်တယ်။ သိက္ခာတွေ၊ အရှက်တရားတွေကို သူနှင့်အတူ သူကမိသားစုကပါပေးဆပ်လိုက်ရတာဟာ တန်ရဲ့လားလို့ ပြန်စဉ်းစားမိပြန်ရော။တကယ်ဆိုလျှင် ချမ်းသာလောက်သည့်ငွေကြေးပမာဏမဟုတ်သည့်တိုင်အောင် မိမိပတ်ဝန်းကျင် မိသားစုအားလုံး၏ အရှက်၊ သိက္ခာတွေနှင့် လဲလောက်ရအောင် သည်လုမစဉ်းစား မဆင်ခြင်ပဲလုပ်လိုက်သည့်အမှားဟာ ပြင်ဆင်လို့ရတဲ့ အမှားလားလို့ နည်းနည်းလေးမှ မတွေးမိဘူးတဲ့လား။ ကိုယ့်ကိုယ်ကိုယ် မျက်နှာပူရ၊ အားလုံးသော အထက်လူကြီးများကို မျက်နှာပူရ နှင့် သူ့မျက်နှာကို သူပြန်ပြီး မှန်ထဲ၌ မကြည့်ရဲသည့် အခြေအနေ။

မိသားစုအတိုင်းအ၀ိုင်း၊ ဆွေမျိုးများ၏ မျက်နှာများကိုမှမထောက် သည်လူပြုလုပ်လိုက်သည့်က သူများ ပစ္စည်းကို ကိုယ်ကျိုးအတွက် အသုံးချလိုက်သည်တဲ့။ ကြည့်လိုက်ပါဦး သည်လူ အသုံးချလိုက်သည့် ပစ္စည်းက ပြောရရင်တော့ အမိုက်ဖြစ်နေပြီလို့ အများကယူဆပြီး လွင့်ပြစ်တော့မည့် ပစ္စည်းတွေ။ အမိုက်ကလေးကြောင့်များ သည်လူ သိက္ခာတွေ အရှက်တွေနှင့်လဲလိုက်သည်ကိုတော့ သူအံ့သြလို့မဆုံးတော့။

ကုမ္ပဏီက မည်သို့ပင် အမှိုက်ဟူ၍ သတ်မှတ်စေဦးတော့ ကုမ္ပဏီ၏ ခွင့်ပြုချက်မရပါပဲ သည်လူ ဖြစ်ကတတ်ဆန်းလုပ်လိုက်သည်ကိုက မဟာအမှား။ အများက ယုံကြည့်ကိုးစားမှုကို လုပ်သက် ငါးနှစ်နည်းပါး တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ရှေ့၌ ရိုးသားစွာ ၊ ကျိုးနွံစွာ၊ တာဝန်ထမ်းတောင်လာခဲ့သမျှ သည်မဖြစ်စလောက်ကိစ္စလေးနှင့် သူမို့ အဆုံးသတ်ရက်တယ်။

ခုချိန်ကျမှ-

“ ဒီလိုကွာ ငါ့အမှားမဟုတ်ပါဘူး “ဆိုပြီး မုံလာဥလာလုပ်လို့မရတော့ပါဘူး။ ကိုယ်တိုင် သူခိုးအားပေးရာ ရောက်နေပြီဆိုတာကို ရှင်းလင်းပြနေရမယ် အချိန်မဟုတ်တော့ပါဘူး။ စာရင်းနှင့် အင်းနှင့် ပြုစုထားပြီးသား ပစ္စည်းတစ်ခုကို အမှိုက်ပါပဲ မသိတန်ကောင်းပါဘူးဆိုပြီး သည်လူနှင့် ကြံရာပါတစ်ဦးလုပ်လိုက်ကြတယ်။ ဟောခုတော့ ဘူးပေါ်သလိုပေါ်ပြီ။ ကုမ္ပဏီ၌ မျက်လုံးပေါင်းများစွာ၊ နားပေါင်းများစွာ ရှိနေကြတယ်။ ကြည့်နေကြတယ်။ နားစွင့်နေကြတယ် ဆိုတာကို မျက်ကန်းတစ္ဆေဖြစ်နေရအောင် သည်လူနှစ်ဦးဆီမှာ ပျော်စိတ်ပါးစိတ်၊ သောက်ချင် စားချင်စိတ်တွေက ကြီးစိုးနေခဲ့တယ်။

လူုဆိုတာက အပေါင်းသင်းကြောင့်မှားတယ်ဆိုတာကို လွယ်လွယ်လေး အမည်တပ်လို့ရပေမယ့် ကိုယ်ကိုယ်တိုင်က စိတ်မပါရင် အထမြောက်မည့်ကိစ္စ မရှိပါဘူး။ ကိုယ်တိုင်ကိုယ်က ပျော်ချင်ပါးချင်နေမှတော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ဆိုတာ မီးခိုးမဆုံး မိုးမဆုံးတောင်ဖြစ်နေဦးမှာပါ။

“သွေးသားသောင်းကျန်းမှုဆိုတာ“ ယောကျာ်းတွေမှာ ဖြစ်နေကျပါ။ သို့ပေမယ့် သောင်းကျန်းမှုဒဏ်ကို ခံနိုင်ရည်ရှိစွာ တုံ့ပြန်နေကြသည့် ယောကျာ်းတွေ ဒုနှင့်ဒေးရှိပါတယ်။ ပြစ်မှုမြောက်စရာ အတို့အထောင်တွေ မည်မျှပင်ရှိစေဦးတော့ မိမိစိတ်သာ ပဓာနကျတာက အဓိကပါ။ ဆန္ဒကို အလိုလိုက်ပြီး မှားယွင်းသွားသည့် သေးသေးမွှားမွှားအမှား တစ်ခုဟာ သည်လူကိုတိုင်ကိုမပြောနှင့် မိသားစု ဆွေမျိုးသိုင်းအ၀ိုင်းများ၏ မျက်နှာတွေကို အိုးမည်းသုတ်သလိုဖြစ်သွားတော့တာပါ။

အပေါင်းအသင်းဆွယ်လို့၊ သူ မူးနေလို့ပါဟု ရမည်ရှာ ဖုံးဖိပြောလို့ရတော့သည့်အခြေအနေမဟုတ်။ ကျူးလွန်ပြီးမှ မှားသွားလို့ပါဟူသော တောင်းပန်ခြင်းမျိုးကို မည်သူကရော ခွင့်လွတ်ပါတော့မည်နည်း။ သိန်းဂဏန်းကျော်ကျော်လောက် ငွေကြေးပမာဏဟာ သည်လူ့၏ တစ်လစာ ၀င်ငွေတောင်မရှိ။ သိက္ခာနှင့် အရှက်တရားကို ငွေလေး တစ်ပဲခြောက်ပြားနှင့် ရောင်းစားလိုက်သလိုမျိုး။

လိင်ကိစ္စနှင့်ပတ်သတ်ပြီး နေ့တိုင်း စိတ်ဓါတ်ပြင်းထန်မှုကြောင့်၊ ယစ်မှုလိုမှုကြောင့် နေ့တိုင်း ယမကာမှီဝဲလိုမှု၊ ဆိုသည့် ခေါင်းစဉ်ကြီးတွေဟာ ကိုယ်လစာဝင်ငွေပမာဏကိုကျော်လွန်နေပြီဆိုတာ သိသိရက်နှင့် မိမိစိတ်ကို မိမိမထိန်းနိုင်မှုကြောင့် အမှားကြီးမှားမိပြီ။

ဆင်ခြင်တုံတရား ဆိုတာ မရှိတော့လောက်အောင် သည်လူဥာဏ်တွေ ချို့ယွင်းသွားရပါလိမ့်။ ခုအလုပ်သည် သည်လုအတွက် ဘ၀အာမခံချက်အပြည့်ရှိသောအလုပ်။ ရှေ့ရေးကို တွေးပူစရာမလိုလောက်အောင် ပြီးပြည့်စုံသည့်အလုပ်။ အလုပ်ရှင်သူဌေး၏ လူယုံတစ်ပိုင်းဖြစ်နေသည့် သူ။ ယုံကြည့်မှုအဆင့်အတန်း နံပါတ်(၁)မှာရှိနေသည့်သူ။ မိမိအလုပ်ရှင် သူဌေး၏ စိတ်ဓါတ်ကို ကိုယ်တိုင်သိမြင်သည့်သူ။ သည်လူ၏ ရှေ့၌ စံနမူနာ ယူစရာ ဖြစ်ရပ်အထွေထွေကိုတောင် သည်လူက ဖြေရှင်းဖူးသည့်သူ။

ခုလိုအခြေအနေမျိုးကို သည်လူ ဖန်တီးမိလိမ့်မည်ဟု မည်သူကမျှ ယူဆခဲ့လိမ့်မည် မဟုတ်။ အလုပ်ရှင် သူဌေး၏ သည်လူအပေါ်အမြင်များကို သူမတွေးဝံ့တော့။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို သည်လူအပေါ်မြင်ပုံမျိုးနှင့် သင်ကာမကင်းဖြစ်မနေဘူးဟု မပြောနိုင်။

မည်သို့ဆိုစေ “လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနှင့်ကင်းအောင်နေ“ဆိုသည့် မင်္ဂလာတရားတော်ကို မျက်နှာလွဲခဲပစ်လုပ်၍မရဘူးဆိုတာကိုတော့ သည်လူ နည်းနည်းတော့ သဘောပေါက်လိမ့်မည်ဟု ထင်တယ်။ အမှားတစ်ချက်က ဘ၀ကို ရောက်ယက်ခတ်စေတာ၊ အရှက်ရစေတာတွေကိုရောပါ့။ သူတစ်ပါးပစ္စည်း သူတစ်ပါးမသိအောင်ယူတာ “ အဒိန္နဒါနာကံ“မြောက်နေပြီဆိုတာ သည်လူသိနိုင်ပါလိမ့်မည်။  သိလည်းသိစေချင်တော့တာပါ။

သော်ဇင်(လွိုင်ကော်)

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား