ရဟန်းနှင့် သူနာပြုဆရာမ

manawphyulayFebruary 8, 20111min661

အရှင်ဘုရား

ရဟန်းတော်များ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ စသည်ပြုရာ ၎င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်၊ မသင့် အပြစ်ရှိ၊ မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော် မူစေလိုပါသည်ဘုရား၊

တပည့်တော် ဃောသိက

သံတွဲ- ရခိုင်ပြည်နယ်။

သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ်ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ်ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် များသည် မာတုဂါမများနှင့် မထိမိအောင် သတိထားကြရသည်။

သို့သော် အမှတ်တမဲ့ထိခြင်း၊ ကား၊ ရထားပေါ် စသည်တို့၌ တိုးဝှေ့မိခြင်း၊ ခြေတော်စုံကို ဦးခိုက်ရှိခိုးခြင်း၊ အာမိသ ဆက်သရာ ဆွမ်းလောင်းလှူရာ၌ လက်ချင်းထိခြင်းသည် ခြွင်းချက်သဘောနှင့် အာပတ်မှ လွတ်သည်လည်း ရှိပေသည်။

ဝန္ဒနဝတ္ထုသ္မိ ံဣတ္ထိပါဒေ သမ္ပာဟိတွာ ဝန္ဒိတုကာ မာဝါ ရေတဗ္ဗာ၊ ပါဒါဝါပဋိစ္ဆာ ဒေတဗ္ဗာနိစ္စလေနဝါ ဘဝတဗ္ဗံ၊ နိစ္စလဿ ဟိစိတ္တေန သာဒိတောအနာပတ-၁၃၂

ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်က ရဟန်း၏ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရ၏။ ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ်( မလှုပ် မရှားနေ၍) သော်လည်း နေရမည်။ ခြေထောက်ကိုဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမ၏လက်မှ လွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟုဆိုပေသည်။

ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ်ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ၊ ပရိတ်သတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာ၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိမိသောအရာ၊ မိန်းကလေးကို ယောက်ျားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။

ယခုခေတ် ဆေးရုံ၊ ဆေးခန်းတို့၌ အမျိုးသမီး ဆရာဝန်မ၊ သူနာပြုဆရာမတို့ သွေးစမ်းခြင်း၊ ဆေးထိုးခြင်း၊ စသည်တို့၌လည်း ရဟန်းက မလှုပ်မရှားခံယူခြင်း၊ မလှုပ်မရှားခံယူရာ၌ စိတ်ကသာယာမူရှိသည့်တိုင်အောင် အပြစ်အာပတ် မရှိဟု မှတ်သား ရပါသည်။ သာယာသောစိတ်ဖြင့် ကိုက်လက်လှုပ်ရှားခြင်း၊ မိမိ( လူနာရဟန်း)က သွားရောက်ထိကိုင်ခြင်းမျိုးများ မပြုမိအောင် အထူးပင်သတိပြုသင့်ပါသည်။ ဤခေတ်၌ ပြဿနာရှင်တင်ပြသကဲ့သို့ ဆေးရုံ၊ ဆေးခန်းများ၌ အမျိုးသမီးဆရာဝန်မ၊ သူနာပြုများ မကင်းနိုင်သဖြင့် အထူးသတိပြုဖွယ်ပင်ဖြစ်ပါသည်။

အထူးအားဖြင့် ဤကိစ္စမျိုးအပြင် ဆေးရုံများတွင် သံဃာဆောင်ဟူ၍ သီးသန့်ဆောက်လုပ်ထားလေ့ရှိရာ ဂိလာနသံဃာဆောင်တို့အတွက် အထူးဝမ်းသာဖွယ်ရှိသော်လည်း လူနာစောင့်အဖြစ်ဖြင့် လူသာမဏေများ( အချို့ ဒကာမများ) လာ၍ ညအိပ်ညနေ ပြုစုနေထိုင်လေ့ရှိရာ လူပုဂ္ဂိုလ်လူနာ ကျား၊ မများနှင့် သီးသန့် သီတင်းသုံးနိုင်ရန် စီစဉ်ပေးထားပါမှ လူနာစောင့်ပုဂ္ဂိုလ်များကြောင့် သံဃာတော်များ သဟသေယျ အာပတ်သင့်နိုင်သဖြင့် အထူးသတိပြုသင့်ပါသည်။ လူနာစောင့် အဖော်အနေဖြင့် ရဟန်းအချင်းချင်းစာ ဖြစ်သင့်ပါကြောင်း အကြောင်းအားလျော်စွာ ရေးသားသတိ ပေးအပ်ပါသည်။

မြတ်သတိဝါဒီ မဂ္ဂဇင်း

ဒီဇင်ဘာလ၊ ၂၀၀၁ ခုနှစ်

One comment

  • bigcat

    February 8, 2011 at 5:59 am

    ဒုလ္လဘဝတ်တုန်း မိခင်ကိုထိမိရင် ဆိုင်လားမသိဘူးနော်။

Leave a Reply