ငွေ ငွေ…ငွေ ဆိုတာ…….

အာဂFebruary 8, 20111min24418

ငွေ ငွေ…ငွေ ဆိုတာ…….
…………………………
…………………………

အခုခေတ်မှာ ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ စကားကို လူတိုင်းပြောတတ်ကျ တာတွေ့တွေ့နေရပါတယ်။ တစ်ချို့ ကလည်း လောကမှာလိုအပ်နေတာ ငွေ..ငွေ..ငွေ ပဲ ဆိုပြီးအော်ဟစ်နေကြတာလည်းကြားရပါတယ်။ ဒီလိုကြားရဖန်များတော့ ကျွန်တော် တို့ တစ်ခါတစ်ခါ ငွေကို အရေးပါဆုံး သော နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်မိကြတော့ တာပါပဲ..။ မနက် မိုးလင်းကတည်း မိုးချူပ်နေဝင်ချိန် အထိ ငွေ ဆိုတာနာမည် ကို တစ်ကြိမ် မကတော့ ရွတ်ဆိုနေကြရတာပဲမဟုတ်လား။ ရှင်းပြောရရင် ကျွန်တော်တို့ ဟာအတိုက်အစား ခံရပါများတဲ့ ကျောက်ဆောင်တွေလို “ငွေရှိရင်ဘာမဆို ဖြစ်တယ်” ဆိုတဲ့ အဆိုကို လက်ခံလာကြရတာကိုတွေ့ရပါတယ်။
ဒီတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်လိုအပ်တာ ငွေမှ ဟုတ်ရဲ့လားဆိုတဲ့ အမေးခွန်းကို စဉ်းစားကြည့်ဖို့ ကျွန်တော့် ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို အခုလိုပေးဖတ် ကြည့်လိုက်ပါတယ် မိတ်ဆွေသူငယ်ချင်း တို့လည်း ဒီကဗျာလေး ဖတ်ပြီး ငွေဆိုတဲ့ ကောင် ကြီးကို ပိုင်းခြားဆင်ခြင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

ကဗျာလေးကတော့……

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာ ကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကို ငွေနဲ့ ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကို ငွေနဲ့ ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် စားစရာဝယ်စား လို့ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီး လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင်ငွေနဲ့ လုပ်လို့မရဘူး။
တွေ့တယ်နော်..?
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား…?
ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်
ကျူပ်ကို နည်းနည်းပါးပါးပေး လိုက်ပါတော့လား။

ကဗျာကတော့ ဒီလောက်ပါပဲ..သူငယ်ချင်းတို့..စဉ်းစားဆင်ခြင်နိုင်ကြပါစေ။
လွတ်လပ်စွာလည်း သဘောထားကွဲလွဲနိုင်ပါတယ်။


စာကိုး(နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် ၊ စာ ၁၀၂၊၁၀၃)

18 comments

  • zaw min

    February 8, 2011 at 11:46 am

    ငွေ ဆိုတာ မြွေလို ပါပဲ။ အသုံးချတဲ့သူအပေါ်မှာ မူတည်ပါတယ်။ လိမ္မာပါးနပ်စွာ အသုံးမချတတ်ရင်တော့ မိမိကို ပြန်ပေါက်သတ်တတ်ပါတယ်။

  • MaMa

    February 8, 2011 at 3:07 pm

    အရမ်းကောင်းတဲ့ အတွေးအမြင်ပါပဲ။ ဒါပေမယ့် (ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင် ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား) ဆိုတာက ခြင်္သေ့မဟုတ်ပဲ ဒေါ်လှကြီးဖြစ်နေပါလား။ အဲဒါကြောင့်လိုချင်နေတာ ခြင်္သေ့လား ဒေါ်လှလားမသိလို့ ပေးချင်ပေမယ့် မပေးတော့ပါဘူး။

    • eros

      February 8, 2011 at 3:13 pm

      ဒေါ်လှထက် ယုရိုကိုပိုသဘောကျပါတယ်။ မရတော့လည်း ဆင်ပေါ့။ အစစ်ပေးနော်။

      • R Ga

        February 10, 2011 at 9:00 am

        ဆင်ပြီးရင် တစ်သောင်းတန်က မျောက်ရုပ်နဲ့လာပါမယ်။ ပြီးရင် ခွေးရုပ်နဲ့ ၂သောင်းတန်…။

  • ဆူး

    February 8, 2011 at 3:54 pm

    များများ ရှိရင် များများပူရတယ် ရှိပူရသေး ကုန်မှအေး.. အဲဒီ စကားလေးများ ကြားဖူးကြလားလို့..

  • kai

    February 9, 2011 at 12:00 am

    ငွေဆိုတာ ကြားခံပစ္စည်းတခုပါပဲ..။
    တဦးချင်းစီက အသိအမှတ်ပြု သတ်မှတ်ထားတာလည်း ပါသပေါ့..။

    ဆိုတော့..
    အခုရွာထဲရှိတဲ့ ပွိုင့်တွေကို ဒေါ်လာသတ်မှတ်တယ်ဟေ့ ဆိုရင်.. ဒေါ်လာဖြစ်သွားမှာပေါ.(ထီပေါက်ရင် လုပ်ပေးမယ်နော) 🙂
    ကျပ် ဟေ့ဆိုရင်..ကျပ်ပေါ့..။
    ချောင်ဟေ့ ဆို..ချောင်ပေါ့နော..။
    အဲဒီ တချောင်က .. ကိုနီ့ဆိုင်က ထန်းရည် တခွက်ရတယ်ဆို တန်ဖိုးတခုဖြစ်ပြီပေါ့။
    ဆူးမမ ကုမ္ပဏီက .. ချောင် ၁၀၀ဝ ပေးရင် ချောင်းသာအလည်တခေါက်ပို ့ပေးတယ်ဆိုလည် း.. တန်ဖိုးတခုဖြစ်ပြီပေါ့နော..။
    ချောင် ၁သောင်းပေးရင် … တပ်ထဲရောက်နေတဲ့ ကလေးစစ်သားတယောက်ကို ရွေးပေးမယ်ဆိုတဲ့ ကတိ ရွာသားတွေထဲကတယောက်ယောက် ပေးလိုက်ရင် .. အဲဒီ တသောင်းဟာ.. တန်ဖိုးတခု တည့်ပြန်ပါတယ်..။
    အဲဒီလိုနဲ့.. ငွေရယ်လို့ ဖြစ်လာတာဖြစ်ပါတယ်…။

  • Myanmar

    February 9, 2011 at 2:01 am

    “ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
    ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။”
    Money cannot buy a good sleep but a bed. However, money can put you in the comfortable place in the uncomfortable situation. Money cannot do everything but it can do many things otherwise we will do all non-profit works.

  • ဆူး

    February 10, 2011 at 1:22 pm

    ငွေ ဆိုတာ ဘာလဲ ပိုက်ဆံ ဆိုတာ ဘာလဲ..
    သဂျီး ပွိုင့်ကို ဒေါ်လှ အဖြစ် ပြောင်းပေးမယ်ဆို ကြိုဆိုပါတယ်။
    ဟေးးးးးးးးးးးးးးးးးး ရွီးးးးးးးး ဖောင်းဖောင်း (လက်ခုပ်တီးသံ)

  • pinoolwin

    February 11, 2011 at 8:35 am

    ငွေ ဆိုတာရှိလဲကောင်း ငွေ ရှိတိုင်းလည်း မရတာအများကြီး–
    အဓိက စိတ်ချမ်းသာဖို ့အရေးအကြီးဆုံးပဲ–

  • kai

    February 11, 2011 at 8:44 am

    အခုလောလောဆယ်တက်လာတဲ့ သတင်းအရ… လူကိုမသေအောင် .. ၂၀၄၅လောက်မှာ လုပ်နိုင်ဖို့.. ဖြစ်မယ်ဆိုလားပဲ..။
    အဲဒါ … ငွေရှိမှပေါ့နော..။

    တယောက်ယောက် ..ဘာသာလေးပြန်ပေးလိုက်ဖို့ကောင်းတယ်..။
    အဲဒီဆေးနည်း.. မြန်မာပြည်က ..ဝိဇ္ဇာ၊ ဇော်ဂျီတွေဆီက ခိုးသွားတာလည်းဖြစ်နိုင်တာပဲ..။ 🙂
    2045: The Year Man Becomes Immortal
    http://www.time.com/time/health/article/0,8599,2048138,00.html?xid=rss-mostpopular

  • ဆူး

    February 11, 2011 at 2:13 pm

    အသက်အရွယ်အရ ၂၀၄၅ ဆိုတဲ့ အချိန်မှာ အသက် ၆ဝကျော် လောက် ဖြစ်နေပြီ အသက် ၇ဝ လောက် အထိ အသက်ရှည်မယ်ဆိုရင်တော့ ဟုတ်မဟုတ် ကြည့်နိုင်မှာပေါ့။ ဒါပေမဲ့ စိန်ခေါ်ရဲပါတယ်။ လုံးဝ ဖြစ်နိုင်မယ် မထင်ပါ။ ဒီခေတ်မိုလို့ ပြောတာနော်။ ဆုပ်ကပ်က ကျော်သွားမယ် ဆိုရင်တော့ အာမ မခံဘူး မသေနိုင်တဲ့ ခေတ် ဆိုတာ ရှိချင်ရှိလာ လိမ့်မယ်။ လူတွေ မသေရင်လည်း သေချင်လို့ ကိုယ့်ဟာကို သတ်သေ ကြရအုန်းမယ်။

  • kopauk mandalay

    February 11, 2011 at 3:32 pm

    ငွေမရှိ ကတိမတည်
    ငွေရှိသူ ကတိမတည်တော့ လူတွေကခွင့်လွှတ်ကြပါတယ်။

    သေရင်ကိုယ့်နောက် မှာငွေဆိုတာ မပါဘူးတဲ့။
    ငွေမရှိရင်လဲ နေဘို့ခက်တာတော့မပြောနဲ့
    သေတဲ့အလောင်းတောင် သင်္ချိုင်းရောက်ဘို့ခက်ပါသည်။
    ငွေသုံးရတာ တကယ်လွယ်သလောက်
    အဲဒီအကောင်
    အိတ်ထဲရောက်အောင်လုပ်ရတာခက်ကြောင်း
    လူအပေါင်းကသိပါသည်။
    မပေါင်းလဲခက် ပေါင်းလဲခက်
    မချစ်သော်လည်း အောင့်ကာနမ်း
    ဆိုတဲ့ အတန်းအစားထဲ
    ငွေ ဆိုတဲ့အကောင်ထိပ်ဆုံးကပါဘဲ။

  • pinoolwin

    February 12, 2011 at 8:49 am

    ဘာသာရေးလို့အရလို့တော့မထင်ပါနဲ့နော်—
    ခရစ်ယာန်ကျမ်းစာအုပ်ထဲမှာရေးထားတာတွေကတော့–
    ခုလောကဖြစ်နေတာတွေနဲ့တော်တော်တိုက်ဆိုင်မှူတွေရှိတယ်နော်–

    တစ်နေ့ကျယင်လဲလူတွေဟာအရမ်းပဲသေချင်ယင်တောင်မသေနိုင်တော့တဲ့အချိန်တွေရှိလာမှာ—ထူးဆန်းတာတွေအများကြီးပေါ်လာမှာပဲ..

    တနေ့တုန်းကတောင်တရုတ်သတင်းမှာတွေ့လိုက်ရတယ်–
    ဘုံကျောင်းမှာဆွမ်းတင်ထားတဲ့ သစ်သီးတွေပေါ် အဖြူရောင်အလင်းတစ်ခုကပျံဝဲနေတယ်တဲ့—ခဏပဲလှည့်ပတ်ပျံဝဲပြီးပျောက်ကွယ်သွားတယ်…
    (ထိုင်ဝမ်မှာဖြစ်တဲ့သတင်းပါ)

  • ဆူး

    February 12, 2011 at 3:07 pm

    ဘာသာရေး အပြိုင် ပြောတာ မဟုတ်ပါဘူးနော်။
    တိုက်ဆိုင်လို့ နည်းနည်း ပြောကြည့်မလို့..
    သေချင်လို့တောင် သေလို့ မရ ဆိုတာကို ဥပမာလေး တခု ပေးချင်ပါတယ်။
    မိတ်ဆွေ တဦး ချောင်းသာ ဘက်သွားတာ လမ်းမှာ အဘွားကြီး ငှက်ပျောသီး ၄ဖီးရွက်ပြီး တုန်တုန်ချိချိ လိုက်ရောင်းနေတယ်။ ၂ဖီး ၅၀ဝ တဲ့ကွယ်.. သူ့လို အရွယ်အို မနိုင်မနင်းမပြီး ရောင်းနေတာ သနားလို့ အကုန်ဝယ်ပြီး အသက်မေးတော့ ၉ဝ တဲ့ ကွယ်။ သူခမျှာ သေရင်တောင် အခုခေတ်က လူတွေ အနေနဲ့ ၂ခါ သေလောက်တဲ့ အရွယ် ဖြစ်နေချိန်ထိတောင် မသေနိုင်ဘူး။ သားသမီး မရှိ တယောက်တည်း နေတာ ဆင်းရဲလွန်းလို့ ဒါလေး ရောင်းပြီးမှ ရတဲ့ ပိုက်ဆံ နဲ့ ထမင်းချက်စား မလို့တဲ့.. သနားတာနဲ့ အိမ်အထိ လိုက်ပို့ပြီး ကြည့်တော့လည်း တကယ် တယောက်တည်းနေတာ.. ဆူး အမြင်နဲ့ ကြည့်မယ် ဆိုရင်တော့ သူရဲ့ ဝဋ်ဘဲလေ ပြုစုမဲ့သူမရှိ အိုကလည်း အို နာကလည်း နာနေပြီ ဒီဒုက္ခကြားထဲမှာ သူကို လောကကြီးက ရှင်သန်ခိုင်းပြီး ဒုက္ခကြားမှာ နေခိုင်းထားတယ်။ ချမ်းသာပြီး ပြုစုမဲ့ သူတွေ များတဲ့ လူတွေ ကြတော့ သေလိုက်တာ တဖြုတ်ဖြုတ်.. အဲဒီလိုဘဲပေါ့.. သေချင်လို့တောင် မသေနိုင်ကြဘူး ဆိုတာ အတိတ်ကံက ပါလာတဲ့ ဝဋ်ကဲ့သို့ စိတ်ညစ်စရာတွေ ခြိမ်းခြောက်မှု ခံရတဲ့ ဘဝလို့ ယုံကြည်ပါတယ်။

    ဘုံကျောင်းမှာဆွမ်းတင်ထားတဲ့ သစ်သီးတွေပေါ် အဖြူရောင်အလင်းတစ်ခုကပျံဝဲနေတယ်တဲ့—ခဏပဲလှည့်ပတ်ပျံဝဲပြီးပျောက်ကွယ်သွားတယ်…
    ဆူးရဲ့ အတွေးနဲ့ ပြောကြည့်မယ်နော် ဆိုရင် မမြင်နိုင်တဲ့ အရာတွေက သူတို့ စားလို့ ရမလားလို့ လာကြည့်ပြီး ပြန်သွားတာ နေမှာပေါ့ ဟုတ်ဘူးလား။ တခါတရံ အကြောင်းမဲ့ အမွေးနံသာ အနံ ရတာမျိုးတွေ ရှိတတ်သေးတာဘဲ။ အတိုက်အခံ ပြောတာ မဟုတ်ပေမဲ့ အပြု သဘော ဆောင်ပြီး တွေးမိတာ ဝင်ဆွေးနွေးလိုက်ပါသည်။

  • naywoonni

    February 13, 2011 at 3:15 pm

    “ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
    ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။” ဆိုရင် အိပ်ဆေးသောက်ပြီးအိပ်ကြည့်ပါ့လားဟင် !

    • R Ga

      February 23, 2011 at 9:36 am

      အိပ်ဆေးဝယ်သောက်ပြီး အိပ်တော့လည်း ဘယ်နှရက်နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်မလဲဗျာ..။ နောက်ပိုင်း အိပ်ဆေးစွဲသွားရင်လည်း…ဂေါက်သွားတတ်တယ် မဟုတ်လား ။ သဘာဝက ပေးထားတဲ့ အိပ်စက်ခြင်းမျိုး ဘယ်မှငွေနဲ့ ဝယ်လို့ ရမလဲ..။

  • ဆူး

    February 13, 2011 at 3:30 pm

    ပိုက်ဆံ ရှိတိုင်း ငရဲပြည်မှာ နေရာ ဝယ်လို့ မရ (အကုသိုလ် လုပ်မှသာ နေရာရမည်)

  • etone

    February 23, 2011 at 10:22 am

    ” အတို အာဂရယ် … တူညားယေ …ပုံထဲကဟာကြီး လိုချင်တယ် …
    ဝယ်ပေးနော်.. ။ ” ထက်ထက် ထိုင်ပြူး လေသံဖြင့်…

    ” အေးပါကွ ဗွေးလေသံဖြင့် ”

    ” ဟယ်တော့… ဒါမှ ဒို့ အတိုကြီးတော့ 😀 “

Leave a Reply