Valentin day ဆိုတာ ဘယ်လိုဖြစ်လာတာလဲ

manawphyulayFebruary 9, 20111min810

ချစ်သူတွေ ကို သွားမေးရင်တောင် မသိလောက်ဝူး..ဒီတော့ ဖော်ပြလိုက်ပါတယ်…..

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။
အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။
ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကိုမင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများကချစ်သူကို နှုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တစ်တွဲက ဘုန်းတော်ကြီးကို အကူအညီလာတောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုးတိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တစ်ယောက်နား တစ်ယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုးအပြတ်ခြိမ်းလေပြီပေါ့။ ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတစ်တွဲကို
လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲသွင်းထားလိုက်တယ်။
ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။
အဲဒီနေ့က အေဒီ ၂၇ဝ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။

နောက်မှုကွဲ တစ်မျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာ ခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတစ်ဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင် တစ်ဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင် လူမျိုးအတွက် အသက်
စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius
က ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကို လူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့်ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာValentineဟာ ထောင်မှူးသမီးကို နှုတ်ဆက်စာလေး တစ်စောင်ရေးပေးခဲ့တယ်။ စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇ဝ ရောမဘုရင် ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတစ်ဝိုက်ဟာ တောကြီးမြက်မဲနဲ့ ဝံပုလွေတွေ ပေါများခဲ့တယ်။
ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးတဲ့
နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ အဲဒီနတ်ဘုရားကိုပသပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ် ပြက္ခဒိန်ထက် အနည်းငယ်နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။
ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။
အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တစ်ပိုင်း ဖြစ်ပြီး ခေါင်းမှာ Pan လို့ခေါ်တဲ့ဂျိုပေါက်နေတယ်။ တိရစာ္ဆန်နဲ့လူတွေကို ကာကွယ်စောင့်ရှောက်တယ်။ ဒီလိုနတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက် အေတီ၁ရာစုက
ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။ သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား ပူဇော်ပွဲတစ်ခုမှာ သရဖူကို Jul ius Caesar လက်ထဲ
အပ်နှင်းလိုက်တယ်လို့ သိရတယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine တောင်ထိပ်ရဲ့ ဂူတစ်ဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင် နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို
နှစ်ဦးကို ဝံပုလွေမတစ်ကောင်က ကျွေးမွေး စောင့်ရှောက်ပြီး ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက လူကုံထံများဟာ ဆိတ်သရေကြာပွတ်ကို ကိုင်ပြီး လမ်းတစ်လျောက် ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာရပ်ပြီး ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။ လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို februa
လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့ စင်ကြယ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ နှစ်လပိုင်း February ဆိုတာ အဲဒီကနေ ဖြစ်လာတာပါ။

ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတစ်ခုလုံး ပျံ့နှံ့လာခဲ့တယ်။ နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ နိုက်တာပါပဲ။
မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက မဲနှိုက်ကြတယ်။ နှိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြည်းဖြည်းနဲ့
ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့
Lupercalia ပွဲကို Valentine ‘s Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ရွေးခဲ့ကြတယ်။ဘုန်းတော်ကြီး Valentineရဲ့ ရာဇဝင်နဲ့ ရှေးယခင်က ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။

ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။ မဲနှိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး မိန်းကလေးက အဲဒီတစ်နှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။ ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။ သမိုင်းအထောက်အထားအရ
ဒီလိုစုံတွဲမျိုးဟာ ၁၅ ရာစု နှစ်စမှာ ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ နှစ်အတော်ကြာချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့ ကြင်ယာတော်အတွက် ကဗျာတွေစပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆ဝကို ဒီနေ့ထက်ထိ သိမ်းဆည်းထားပါတယ်။

နှစ်၂၀ဝ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။
ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တစ်ဦးက Valentine’s Day မှာကြီးကျယ်တဲ့ညစာစားပွဲတစ်ခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက လာရွေးသူ ယောက်ျားလေးဆီကပန်းတစ်စည်းကို လက်ဆောင်ရကြတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကိုပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့
ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။
(သူငယ်ချင်းတွေလည်း လက်ဆောင်ပေးလို့ရတယ်နော်။ ဟီး လိုချင်လို့ ပြောတာ မဟုတ်ဘူး။)
မှတ်ချက်။ ။ လှယမင်းမှ ကူးယူဖော်ပြပါသည်။