“ဆြာသူရဿဝါ၏ မော်ဒန်နည်းကျ အိုင်တီအင်တာနက် ရှေ့ဖြစ်ပြောဟောစာတမ်းကြီး”

သူရႆဝါFebruary 9, 20111min722

ကျွန်ုပ်သည်ကား ငယ်စဉ်အခါကတည်းက ဗေဒင်ပညာကို ဝါသနာပါသည့် အားလျော်စွာ ကမ္ဘာအရပ်ရပ်ရှိ နာမည်ကျော် ဝေဒပညာရှင်ကြီးများထံမှ လက္ခဏာ ခြေခဏာ ဟိုခဏာ ဒီခဏာ နိမိတ်ဟော ရှေ့ဖြစ် နောက်ဖြစ် မှစ၍ တားရော့ကဒ်ဟောနည်း၊ ခေါင်းပန်းလှန်ဟောနည်း၊ နံကြားထောက်ဟောနည်း အစရှိသည့် ဗေဒင်ဟောနည်း ပေါင်းစုံကို အွန်လိုင်းမှတဆင့် မေးလ်ပေးမေးလ်ယူ (Mail To Mail) စနစ်ဖြင့် သင်ကြားတတ်မြောက်ပြီး သကာလ ကျက်သရေမင်္ဂလာ သာမက စိန်ခြူးကြာညောင်အပေါင်းနှင့်ပါ ပြည့်စုံပြီး ထူးချွန်ထက်မြက် ဉာဏ်ရည်တက်သည့် အမျိုးကောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ မည်သူမှ စိတ်မကူးမိသေးသော အိုင်တီ၊ အင်တာနက် လောကအတွက် ရှေ့ဖြစ်ဟောစာတမ်းကြီး တစ်စောင်ကို ရေးသားဟောကြားပြုစု၍ နောင်ဖြစ်လာလတ္တံ့သော ရှေ့ဖြစ်ဇာတ်ကြောင်းများအား နောင်လာ နောက်သားတို့ ဖတ်ရှုလေ့လာနိုင်ရန် အလို့ငှာ နာမည်ကျော် နည်းပညာဂျာနယ်တစ်စောင်ဖြစ်သော Net Guide ဂျာနယ် မှတဆင့် “ဆြာသူရဿဝါ၏ မော်ဒန်နည်းကျ အိုင်တီ အင်တာနက် ရှေ့ဖြစ်ပြောဟောစာတမ်းကြီး” အမည်ဖြင့် အောက်ပါအတိုင်း ဒက်ဒက်ထိ ဟောပြောပေး လိုက်ရပေတော့လေသတည်း။

နောင်လာလတ္တံ့သော နှစ်အနည်းငယ်အတွင်း လူတစ်ယောက်လျှင် ကွန်ပျူတာ တစ်လုံးထက်ပို ပိုင်ဆိုင်ကြရုံ မျှမက ဘယ်ဖက်တစ်လုံး ညာဖက်တစ်လုံးဖြင့် ဂျောင်းဂျောင်းပြေး ကွန်ပျူတာများ အသုံးပြုကြလတ္တံ့။ ကြီးမားလေးလံသော ဒက်စတော့အမည်ရှိ ကွန်ပျူတာများမှ အရွယ်အစားချုံ့၍ Laptop များ၊ Notebook များ သုံးလာကြသလို Notebook ထက် သေးကွေးပေါ့ပါးသော Netbook များလည်း သုံးလာကြပြီဖြစ်ရာ နောင်တွင် ဒီထက်ပို၍ သေးကွေးသော ကယ်ကူလေတာဘုတ်များ ပေါ်ထွက်လာလတ္တံ့။ iPod များ၊ iPad များ အသုံးပြု၍ အားမရသည်၏ နောက်တွင် YouPod၊ YouPad၊ FatherPad၊ MotherPad များ တီထွင်သုံးကြပြီး ထိုမျှနှင့် အားမရသေးပါက FatherInLawPad၊ GrandMotherPad စသည်တို့ကိုပါ ကြံကြံဖန်ဖန် သောက်ကျိုးနည်း တီထွင်အသုံးပြုကြလတ္တံ့။ နည်းပညာပစ္စည်းများကို လူသုံးများလာသည့်အခါ နည်းပညာကုမ္ပဏီကြီးဖြစ်သော Apple ၏နောက်တွင် Orange, Mango, Banana အစရှိသည့် နည်းပညာ ကုမ္ပဏီများ အစဉ်လိုက်အတန်းလိုက် တန်းစီပေါ်ထွက်လာလတ္တံ့။ ထုတ်လုပ်သည့်ပစ္စည်းက သုံးစွဲမည့်ဦးရေကို ကျော်လွန်၍ ရောင်းလိုအားက ဝယ်လိုအားကို လည်ပင်းညှစ်လတ္တံ့။ ထိုအခါ ကွန်ပျူတာများ၊ လက်ပ်တော့များကို ဘေထုပ်ကဲ့သို့ သုံးလုံးတစ်ထောင်ဈေးဖြင့် အော်ရောင်းကြလတ္တံ့။ ခေတ်မှီနည်းပညာများ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေပြီး လူတို့မှာလည်း ၎င်းနည်းပညာရပ်များနောက်သို့ မမှီမကမ်း ပြေးလိုက်ကြမည်ဖြစ်၍ လူတိုင်းလူတိုင်း ကွန်ပျူတာရှေ့တွင် ၂၄ နာရီလုံးလုံး ထိုင်ရာမထကြတော့သဖြင့် ရာဇဝတ်မှုခင်းများ အလွန်အမင်း ကျဆင်းလတ္တံ့။ တိုးတက်လာသော နည်းပညာကို အသုံးချ၍ သုံးဖက်မြင် 3D စနစ်ဖြင့် Avatar ဇာတ်ကားကို ရိုက်ကူးခဲ့သော နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်လည်း ထိုအချိန်တွင် သုံးဖက်မြင်ထက်ကျော်လွန်ပြီး ဒူးရင်းသီးတစ်လုံးကို ရှုထောင့်ပေါင်းစုံမှနေ၍ အဖက်ဖက်မြင် နည်းပညာဖြင့် ရိုက်ကူးထားသည့် “ဒူးရင်းသီး” ရုပ်ရှင်ကားဖြင့် အော်စကာရလတ္တံ့။

အိုင်တီနည်းပညာရပ်များ တဟုန်ထိုး တိုးတက်လာသည်နှင့်တပြိုင်နက် လူတို့အသုံးပြုကြသော အင်တာနက် ဆက်သွယ်ရေး စနစ်များ ယခုထက်ပို၍ ကောင်းမွန်လာလတ္တံ့။ ကွန်ပျူတာကို နဖားကြိုးထိုးစရာမလိုဘဲ အသုံးပြု၍ရသော ကြိုးမဲ့ Wi-Fi အင်တာနက်စနစ်များ ကျယ်ပြန့်ထွန်းကား လာလတ္တံ့။ Wi-Fi အင်တာနက်လှိုင်း ထုတ်လွှင့်သော တိုင်များမှာ လမ်းပေါ်မှ ဓါတ်တိုင်များနှင့် အပြိုင်အဆိုင် နေရာမရွေး ခပ်စိပ်စိပ်ပေါက်ရောက်၍ မိုးတိုးမတ်တပ်ရပ်ကြလတ္တံ့။ မှတ်တိုင်တိုင်း၊ လမ်းကြိုလမ်းကြားတိုင်းတွင် ကွမ်းယာဆိုင်များနှင့်အပြိုင် အင်တာနက်ဆိုင်များ မှိုလိုပေါက်လတ္တံ့။ ထိုအခါ လူတို့သည် “Wimax နဲ့တစ်ရာဖိုးလုပ်လိုက်၊ ကော်နက်ရှင်ထူထူလေးပေါက်ပေး၊ ADSL နဲ့က တစ်ရာ့ငါးဆယ်ဖိုး၊ ငါးဆယ်ဖိုး ပိုပေးနော်” စသဖြင့် ကွမ်းယာဝယ်စားသလို ခပ်လွယ်လွယ် အင်တာနက်သုံးစွဲကြလတ္တံ့။ Internet Service ပေးသော ကုမ္ပဏီများ အပြိုင်အဆိုင်ပေါ်ပေါက်ကာ ၎င်းနေရာဌာနများတွင်လည်း Help Desk ဝန်ထမ်းဦးရေက အများဆုံးဖြစ်လတ္တံ့။ အင်တာနက် လောကကြီး ကျယ်ပြန့်လာသည့်အတွက် အွန်လိုင်းတွင်သီးသန့်သုံးစွဲမည့် Internet Language တစ်မျိုး ပေါ်ထွက်လာလတ္တံ့။ ၎င်းဘာသာစကားကိုလည်း “နေကောင်းလား ဆိုလျှင် nay kaung lar ၊ ဘာလုပ်နေလဲ ဆိုလျှင် bar lote nay lae`” စသည်ဖြင့် ခက်ခဲပင်ပန်း ကြီးမားစွာ တီထွင်ထားရသော အင်္ဂလိပ်မြန်မာ ရောသမမွှေ Burglish အမည်ဖြင့် မြန်မာအင်တာနက်ယူဇာများမှ ကမ္ဘာတစ်လွှား အားကျလောက်အောင် စတင်သုံးစွဲသည်မှစ၍ တစ်ချိန်တွင် ကမ္ဘာသုံး အင်တာနက် ဘာသာစကား (Global Internet Language) အဖြစ် သတ်မှတ်ခြင်းပင်ခံရသည်အထိ အောင်မြင်လတ္တံ့။

လူတို့သည် လမ်းတွင် တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံ၍ မိတ်ဆွေဖြစ်လျှင် နာမည်အရင်းမပြောကြတော့ဘဲ “ငါ့နာမည်က ဘာဘာညာညာ@gmail.com လေ … ဒါက ငါ့မိန်းမ ဟိုလိုလိုဒီလိုလို@gmail.com ပေါ့၊ ဒီမျောက်လွှဲကျော် လေးကတော့ ငါ့သားငယ်လေး ဇောက်ထိုးကျွမ်းပြန်@gmail.com လေ .. ဟဲဟဲ” စသဖြင့် မိမိ၏ အီးမေးလ်အမည်ကိုသာ ပြောဆိုမိတ်ဆက်ကြလတ္တံ့။ ထိုအခါ မတော်၍ အရှုပ်အရှင်း အမှုအခင်း ဖြစ်လျှင်တောင် လူကိုအရေးယူရမလား၊ အီးမေလ်း အကောင့်ကို အရေးယူရမလား ဟူ၍ တရားသူကြီးများ စဉ်းစားခေါင်းခြောက် ဦးနှောက်ပျက်ကြရလတ္တံ့။ အိမ်တွင် အိမ်သုံး ကွန်ပျူတာ၊ ရုံးတွင် ရုံးသုံးကွန်ပျူတာ၊ လမ်းပေါ်တွင် အများသုံး လမ်းဘေးကွန်ပျူတာများအပြင် အိမ်သာထဲတွင် အပေါ့အလေးသွားရင်း သုံးရန် အိမ်သာသုံး ကွန်ပျူတာများပင် ပေါ်ပေါက်လာသည်အထိ ကွန်ပျူတာနှင့် မျက်နှာမခွာဘဲ နေထိုင်ကြလတ္တံ့။ လူတိုင်းလူတိုင်း အင်တာနက် သုံးစွဲလာကြသည့်အတွက် ပစ္စည်းပေါင်းစုံဖြင့် Internet Acess လုပ်နိုင် သည်အထိ တိုးတက်လာကြလတ္တံ့။ ဒက်စတော့ကွန်ပျူတာတွင် အင်တာနက်သုံးသည်မှစ၍၊ ကြိုးမတပ်ဘဲ နုတ်ဘုတ် များတွင် အင်တာနက်သုံးသည်၏ အလယ်၊ ယခု လက်ကိုင်ဖုန်းများတွင်ပင် အင်တာနက်သုံးနိုင်နေပြီဖြစ်ရာ သိပ်မကြာမီ အချိန်အတွင်း ကယ်ကူလေတာများ၊ ကျောက်သင်ပုန်းများဖြင့်ပင် အင်တာနက်သုံးနိုင်သည့် အဖြစ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လတ္တံ့။

လူတိုင်း အွန်လိုင်းစနစ်ဖြင့်ပင် ထိုင်ရာမထ အလုပ်လုပ်ကြမည်ဖြစ်ရာ ရုံးဝန်ထမ်းဆိုလျှင် မနက်ကိုးနာရီမှ ညနေ ငါးနာရီအထိ ရုံးသုံးနက်ဝါ့ခ်အတွင်းသို့ ဝင်ရောက်၍ အိမ်မှာနေရင်း ရုံးတက်ကြလတ္တံ့။ မျက်နှာစုံညီ အစည်းအဝေးရှိပါက ရုံးမှပြုလုပ်ပေးထားသော Chat Room များအတွင်းဝင်ရောက်၍ အလုပ်ကိစ္စများ ပွားများကြလတ္တံ့။ ပြင်ပလူနေမှုဘဝတွင် ချစ်သူရည်းစား ထားလိုပါက ကိုယ်တိုင် အပြင်ထွက်၍ ပိုးပန်းနေစရာမလိုဘဲ အွန်လိုင်းရှိ အောင်သွယ်တော် Dating Website များမှတဆင့် ချစ်သူရည်းစားရှာကြလတ္တံ့။ ထိုအခါ Social Network များ ယခုထက်ပို၍ ခေတ်စားလတ္တံ့။ ဖေ့ဘုတ် သာမက မေ့ဘုတ်၊ ဖိုးဘုတ်၊ ဖွားဘုတ်၊ တွစ်တာ မျှမက တစ်တီတူး၊ တွတ်တီးတွတ်တာ အစရှိသဖြင့် Social Website များ အပြိုင်အဆိုင် ဖြစ်လတ္တံ့။ ရည်းစားလုရင်း ကာလသားများ ရန်ဖြစ်လျှင်လည်း အပြင်တွင် အသားအနာခံ၍ ချိန်းပွဲများ၊ ဖိုက်တင်ပွဲများ၊ တုတ်နှင့်ရိုက်၊ ဓါးနှင့်ခုတ်ခြင်းများ မပြုလုပ်ကြတော့ဘဲ အွန်လိုင်းပေါ်တွင် နက်ဝါ့ခ် ချိတ်ကာ ဒိုတာခုတ်၍ ရန်ဖြစ်ကြလတ္တံ့။ လောင်းကစားသမား၊ ဖဲသမားများ အပြင်တွင် ဖဲရိုက်ပြီး အဖမ်းခံရသည်မှ ကင်းဝေးအောင် အွန်လိုင်းတွင် Poker, Casino စသည်တို့ကို ချိန်း၍ ကစားကြလတ္တံ့။ ကမ္ဘာလှည့်ခရီးသည်များ ပိုက်ဆံအကုန်အကျခံ၍ ခရီးမထွက် ကြတော့ဘဲ မိုနိုပိုလီကိုသာ သဲသဲမဲမဲ ဆော့ကြလတ္တံ့။ ယုတ်စွအဆုံး တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြင့်လျှင်တောင် စစ်မြေပြင်တွင် ရင်ဆိုင်၍ သူသေကိုယ်သေ ပစ်ခတ်ခြင်းများ မပြုတော့ဘဲ အွန်လိုင်းတွင်သာ ကမ္ဘာ့မြေပုံသုံး၍ Counter Strike, Call of Duty တို့ဖြင့် ပစ်ကြ ခတ်ကြ လတ္တံ့။

ထိုသို့ ကွန်ပျူတာ အင်တာနက်ကိုသာ အသုံးပြု၍ နိစ္စဓူဝ အချိန်ကုန်ကြမည်ဖြစ်၍ PC Security Software များ ရိုက်သတ်၍ မကုန်အောင် ပေါများလာလတ္တံ့။ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ပေါ်နေသော Virus ရန်ကို ကာကွယ်ရန် အလို့ငှာ Anti-Virus များ တီထွင်သုံးစွဲရင်းမှ Virus အရေအတွက်ထက် Anti-Virus အရေအတွက်များ ပိုမို၍ များပြားလာ လတ္တံ့။ ထိုအခါ ၎င်း Anti-Virus များကို ပြန်လည်နှိမ်နှင်းရန် အလို့ငှာ Virus များကို ပြန်လည်၍ ဈေးကြီးပေး ဝယ်ယူသုံးစွဲ ရလတ္တံ့။ နိဂုံးကမ္ပတ် အဆုံးသတ်သောအခါ ကွန်ပျူတာ၊ အိုင်တီ၊ အင်တာနက် ခေတ်ကြီးအတွင်း အီးမေလ်း၊ အီးဘုတ်ခ်၊ အီးအက်ဂျူကေးရှင်း၊ အီးလိုင်ဘရီ၊ ၊ အီးမဂ္ဂဇင်း၊ အီးဂျာနယ်၊ အီးမီဒီယာ စသည်တို့နှင့် လက်ပွန်းတတီးနေရင်း အီးလူသားများ ဖြစ်မှန်းမသိဖြစ်ကာ ကမ္ဘာလောကကြီးတစ်ခုလုံး အနံ့တထောင်းထောင်းထလတ္တံ့။ ကမ္ဘာကျော် အွန်လိုင်းဗေဒင်ဆရာကြီးဖြစ်သည့် ကျွန်ုပ် အီးသူရဿဝါ၏ ပညာကုန်သုံးထားသော “မော်ဒန်နည်းကျ အိုင်တီ၊ အင်တာနက် ရှေ့ဖြစ်ပြော အီးဗေဒင်ဟောစာတမ်းကြီး” မှာလည်း ကမ္ဘာတလွှား ဖိန့်ဖိန့်တုန်အောင် နာမည်ကျော်ကြားကာ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ အီဂျစ်၊ ဆိုမာလီးယား၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား စသဖြင့် ဘာသာပေါင်းများစွာဖြင့် ဘာသာပြန်ဆို ထုတ်ဝေခြင်းခံရပြီး ကျွန်ုပ်မှာလည်း ကျိကျိတက်ချမ်းသာကြွယ်ဝလာလတ္တံ့ ဟုဟောပြောလိုက်ရပေသည်။

ဤတွင် စာမူခအကျိုးမျှော်ကိုး၍ …အဲ .. အင်တာနက်လောကကြီး တစ်ခုလုံးအကျိုးမျှော်ကိုး၍ ကျွန်ုပ်ရေးသား ပြုစုအပ်သော “အိုင်တီ ရှေ့ဖြစ်ဟောစာတမ်းကြီး” ပြီးဆုံးလေတော့သတည်း။

မှတ်ချက် ။ Net Guide Journal | Volume 1, Issue : 70 တွင် ပုံနှိပ်ဖော်ပြခဲ့သော သရော်စာဖြစ်ပါသည်။

သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်

ဖေဖော်ဝါရီလ ၉ ရက် ၊ ၂၀၁ဝ ခုနှစ်
Net Guide Journal, Volume : 1, Issue : 70

2 comments

  • timothy

    February 9, 2011 at 9:33 am

    ကဲ၊ ကျနော်ကလဲဟောစာတမ်းထုတ်လိုက်မယ်။
    ဗိုလ်သန်းရွှေနောက်၅နှစ်အတွင်းမှာသေပြီ။
    မသေသေးရင်နောက်၁ဝနှစ်အတွင်းသေမယ်။
    သေတဲ့အချိန်မှာအာဏာပါဝါမရှိတော့လို့
    ဖျာနဲ့လိပ်ထုပ်ရမယ်။
    အဝီစိဂျိုးအကပ်ဘဲ။
    ဆာဒမ်ဟူစိန်လိုကြိုးဒါဏ်စီရင်ခံပြီးသေကိန်းအနည်းငယ်ရှိတယ်။
    ပြည်သူလူထုများလမ်းပေါ်ထွက်ကကြမယ်။
    ဘယ့်နဲ့ရှိစ။

  • kai

    February 9, 2011 at 10:17 am

    ဟိုလေ..
    အင်တာနက်ကနေ.. ပီဇာတို့..။ ဟမ်ဘာဂါတို့..မုန့်ဟင်းခါးတို့ …ပရင့်ထုတ်သလို..ထုတ်ပြီး.. ယူစားလို့ရတဲ့ခေတ် မပါဘူးလားဟင်င်ငင်…။
    အိုဘားမားကို မကျေနပ်ရင်..
    အိမ်ဖြူတော်ကွန်ပျူတာဆီ..ငပိရည်ကို ..မကြိုပဲ.. ကြက်သွန်ဖြူထောင်းထည့်ပို့လိုက်သည် ..ဆိုတာမျိုးလုပ်လို့ရတဲ့..ခေတ်ပေါ့..။ 🙂

Leave a Reply