မမဖြိုးကိုချစ်တဲ့ မိုးရေစက်တွေ

(၁)

မ….မ….ရေ…
တိတ်တဆိတ်ကြေကွဲ
မျက်ရည်ဝဲရုံကလွဲပြီး
ဘာများတတ်နိုင်ဦးမှာလဲကွယ်
မြတ်မြတ်နိုးနိုးမက်ခဲ့ရတဲ့ အိပ်မက်ငယ်
မုတ်သုန်လေနဲ့ လွင့်တော့တယ်။
ငါချစ်တဲ့ မိုးစက်တွေရယ်
မမဖြိုးကို သယ်ဆောင်ခဲ့ကြကွယ်
စံပယ်တွေလည်း ပွင့်တော့မယ်။

(၂)
မမဖြိုးလေ….
မိုးနဲ့အတူ စေခဲ့တာ
စံပယ်နဲ့အတူ ဝေခဲ့တာ
ကြယ်ကမ္ဘာမှာ ကမ္ဗည်းထိုး
မမဖြိုးကို ချစ်တယ်ဟေ့..လို့
စို့စို့ပို့ပို့ ဟစ်ကြွေး
ဟောဒီကောင်ဟာ အရူးလေးပါ။
ရင်ထဲမှာ မိုးတွေရွာတယ်
ကဗျာဆရာရဲ့ အိပ်မက်ဟာ
ရင်နာစွာ ပျက်သုန်းကြေမွ
မလှမပ ရှုံးနိမ့်ခဲ့ရတာလေ …..
သေဆုံးသွားတဲ့ နှလုံးသား
အစားထိုးမရနိုင်တဲ့အချစ်
အသစ်မဖြစ်တော့တဲ့ ရာဇဝင်တစ်ခုလုံး
မိုးစက်တွေဖုံးလို့
အားလုံးကို ဆုံးရှုံးပေးလိုက်ပါတယ်မမရယ်။
အညတရ ကဗျာဆရာကို
ကံကြမ္မာက လှည့်စားလွန်းတယ်
ရယ်မောစရာ ဇာတ်စင်ပေါ်မှာ
`မြင်သာမြင်…မကြင်ရတဲ့ဘဝ´ တဲ့
ကဗျာဆရာ ကပြခဲ့ပါတယ်။
မူးယစ်နေတဲ့ သစ်ပင်တွေရယ်
မျက်နှာလွှဲထားကြစမ်းကွယ်
မမဖြိုးကို လွမ်းတော့မယ်။

(၃)
`ကဗျာဆရာက မိုးကိုချစ်တယ်လား´
မမဖြိုးမေးစကား
နှလုံးသားမှာစွဲနစ်
အို…. ချစ်ရပါသော မမဖြိုး
မိုးကိုချစ်သော မမဖြိုး။
နှင်းဆီနဲ့တူတဲ့အလှမျိူးပေမယ့်
နှင်းဆီရိုးမှာ ဆူးရှိတယ်
မမဖြိုးမှာ ဆူးမရှိဘူး။
မျက်ဝန်းနက်နက်တစ်စုံသာ အပ်နှင်းခဲ့
ညနေခင်းခါးခါးအတွက်
ကွက်ကြားမိုးတွေက မစဲတော့အောင်ရွာချ
မျှော်လင့်ထားသမျှ လောင်ကျွမ်းပြာကျ
ဘယ်ခြေလှမ်းနဲ့ ခရီးဆက်ရမတဲ့လဲ
ဘယ်အလွမ်းနဲ့ ရှေ့ဆက်လှမ်းရမတဲ့လဲ
လမ်းမခွဲခဲ့ကြပေမယ့်
လမ်းကွဲခဲ့ကြပြီ
ဟောဒီကောင်က ဝမ်းနည်းခဲ့ရပြီ…..
စံပယ်ပန်းကိုချစ်သော မမဖြိုးရေ
ဖွင့်မပြောသာတဲ့ အခြေအနေဆိုတာ
တိတ်တခိုးပဲ လွမ်းနေဖို့ရာ အတွက်လား
မှုန်ရီဝိုးဝါး နှလုံးသားအလယ်
စံပယ်ညိုးတဲ့ ကဗျာမိုးရယ်
မမဖြိုးအတွက် ရွာခဲ့တယ်။

(၄)
ဝေးမသွားချင်ဘူး
အတွေးများတဲ့ ညမျိုးမှာ
မမဖြိုးရဲ့ စကားသံနုနုကို
ပြန်ကြားမိတဲ့ အခါခါ
ကဗျာလေးတွေ မျက်ရည်ဥခဲ့။
သူပြုသမျှ ခံမယ့်ဘဝ
တေးတွေက…. ဝေပြီ
တေးတွေက….. ဝေပြီ……
သစ်ရွက်ကြွေမြင်
ရယ်ချင်တဲ့ကာလပါပဲ
မီးအိမ်လက်ဆွဲ ခရီးသည်လေးဟာ
နိုက်တင်ဂေးငယ်မဖြစ်နိုင်သလို
အပိုပစ္စည်းတွေနဲ့
နှလုံးသားကိုဖာထေးထားရတဲ့
အနားသတ်ဆောင်းဟာလည်း
အချစ်သူရဲကောင်းမဖြစ်နိုင်ပါဘူး။
ထူးတယ်
ရူးတယ်
မမဖြိုးတိုက်တဲ့ အလွမ်းတွေသောက်ပြီး
မူးတယ်။
ညရဲ့
လွမ်းတဲ့ ကဗျာရယ်
အမှောင်သို့ ကြယ်တို့ပြက်တော့မယ်
မမဖြိုးကို ချစ်ခဲ့တယ်။

(၅)
မယုံကြည်နိုင်ခဲ့
စကားရဲ့အဓိပ္ပယ်
စိတ်ဝယ်ဖော်ကျုး
ရူးသွပ်မတတ်
ပြတ်သားရက်သူ မမဖြိုးရေ…..
မိုးတွေလည်း ကြွေပြီ
စံပယ်တွေလည်း ဝေပြီ
ရာသီတွေဟောင်းခဲ့ပေမယ့်
မမဖြိုးကို ချစ်တဲ့အကြောင်း
ရင်ထဲမှာ ဘယ်ခါမှမဟောင်းဘူး။
အရူးလေး…. တဲ့
နဖူးကိုဖွဖွထု
မမရဲ့ယုယမှုဟာ
အခုထိသာယာစေဆဲ။
အသည်းကိုခါးတယ်ထင်ခဲ့တဲ့အကောင်
မမဖြိုးရဲ့ မာယာတစ်ထောင်မှာ
စကြဝဠာတစ်ခုလုံး မိုးခေါင်နေရဲ့။
လျစ်လျူရှုခံရတဲ့နှလုံးသားအပေါ်
မမ ဘာနဲ့များ အလျော်အစားပေးမှာလဲ
အဖြေရှာမရတဲ့အထဲ
မိုးဖွဲတွေက မြှားလိုရွာတယ်။
စံပယ်ရနံ့တွေ သင်းပျံ့တယ်
လေပြည်ညင်းတွေ ရှင်းသန့်တယ်
မိုးစက်တွေရယ် စဲတော့ကွယ်
နှလုံးသားလေး ချမ်းရော့မယ်။

(၆)
ပိုင်ဆိုင်သမျှ
ချပြရရင်
ငါ့မှာ
ဂစ်တာတစ်လက် ရှိတယ်
ဘာဂျာတစ်လက်ရှိတယ်
မပြီးသေးတဲ့ ကဗျာတစ်ဝက် ရှိတယ်
မမဖြိုးကိုချစ်တဲ့ နှလုံးသွေးတစ်စက် ရှိတယ်
ကမ္ဘာကြီးကို ဟားတိုက်ရယ်မော
မမဖြိုးကို ချစ်ကြောင်းပြောမယ်
မမဖြိုးရယ်… ကျနော်ရယ်
စိတ်ကူးထဲက အိမ်ကလေးဝယ်
အနမ်းတွေချွေမယ်…..
ပန်းတွေဝေမယ်…..
……………………..
ဪ… ရူးလိုက်တာကွယ်
ကြယ်ကလေးတွေကို ရေတွက်
အိပ်ရေးပျက်တဲ့ညပေါင်း
ထောင်သောင်းကုဋာကုဋေ
မမဖြိုးရေ….
အခုနေတော့
အလွမ်းတွေသာ ဝေလေပေါ့။
လမ်းတွေ့ရင်
တမြင်ကရှောင်
ယောင်လို့တောင် ငဲ့မကြည့်
ဟောဒီကောင်အပေါ်မှာ
အဲဒီလောက်ပစ်ခါရက်သတဲ့လား။
ကျနော့်ကိုပြောမယ့်စကားတွေကို
ဘယ်ထောင့်ကြားမှာ သိမ်းထားတာလဲ
မမဖြိုးရဲ့ နှလုံးသားက
စိမ်းကားလွန်းနေတော့တယ်။
မမဖြိုးရယ်…
ရာသီမိုးဦး ဖူးတဲ့စံပယ်
မျက်ရည်လူးတဲ့ အလွမ်းသည်
ပန်းကြွေတေးကို ဆိုနေပါတယ်။

(၇)
ယောက်ျားတန်မဲ့
မရွဲ့ချင်ဘူး
မိုးဦးရောက်ရင်
အစဉ်နွမ်းလျ
တမ်းတမ်းတတ မျက်ရည်ကျ။
ဘဝဆိုတာ
သူရှိပါမှ
ပြည့်စုံရလိမ့်
တသိမ့်သိမ့်ငို
(အို) သူ့အချစ်များ
ပေးသနားပါ… အရှင်။
သူ့ရင်ခွင်မှာ
ဝင်ကာမှေးစက်
စွယ်တော်ရွက်တို့
စိတ်ကူးသက်သို့ ဖြစ်ခဲ့ပြီ။
ပြန်ငဲ့ကြည့်ပါ
ဒဏ်ရာတွေကို
တောင်းဆိုချင်လည်း
မိုးဖွဲသည်းသည်း စဲခဲ့ပြီ
တိမ်ညိုမည်းမည်း လွင့်ခဲ့ပြီ
စံပယ်ပွင့်ဆဲ… ဝေး… ဝေး…….
ဝေး……ခဲ့……ပါ…….ပြီ။

(၈)
အပြင်မှာ မိုးတွေရွာသလို
မျက်ဝန်းမှာ မိုးတွေရွာ
ဘယ်တော့မှ စဲမှာလဲ မိုးရယ်
မမဖြိုးရဲ့ဘဝလေး
မိုးသည်းသည်းနဲ့ ဝေးပါစေ….
ဝေဝါးနေဆဲ နှလုံးသားကို
တစ်နေရာမှာပဲ အကျဉ်းချထားလိုက်ပါပြီ
ဘယ်အခါမှ မေ့သွားမယ်မထင်
ပိုင်ရှင်ရှိတဲ့ပန်း
လက်မလှမ်းတော့ပါ သခင်။
မိုးတွေရွာတဲ့ လမ်းတစ်ခွင်မှာ
ကဗျာပင်တွေ စိုက်ပျိုးရင်း
မမဖြိုးကြိုက်တဲ့ စံပယ်ပန်းကို
လွမ်းမိနေတိုင်း နမ်းတော့မယ်
မိုးစက်တွေရယ်… ကျေးဇူးပါကွယ်
မမဖြိုးလည်း….. ပျော်ရော့မယ်………။ ။

(စိတ်ကူးယဉ်မိုးစက်များသို့….)

ဥက္ကာကိုကို(သံတွဲ)

စုံထောက်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၇။