ဗုဒ္ဓ နှင့် ကျန်းမာရေး

Yin Nyine NwayFebruary 9, 20111min652
ဗုဒ္ဓ နှင့် ကျန်းမာရေး
ရောဂါဝေဒနာ ပျောက်ကင်းလာစေရန် အတွက် လူနာအနေနှင့်လည်း သမားနှင့်လည်းကောင်း သူနာပြု နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သင့်၏ ဟု ဗုဒ္ဓက ညွှန်ကြား ဟောပြ ထားတော်မူသည်။ မည်ကဲ့ သို့ ပူးပေါင်း ဆောင်ရွက် ရမည်နည်း။
လူနာသည် ရောဂါ နှင့် မတည့်သောအစာကို ရှောင်ကျဉ်ပြီး တည့်သော အစာကိုသာ အတိုင်းအတာ နှင့် စားရမည်။ မည်မျှ စားသင့်သည် ကိုသိထားရမည်။ သမားပေးသော ဆေးကို မညည်းမညူဘဲ စားရမည်။ မိမိ၏ သမား သို့မဟုတ် သူနာပြုအား မိမိရောဂါဝေဒနာ အကြောင်းကို ရိုးသားစွာ တင်ပြရမည်။ မချိမဆန့် ရောဂါဝေဒနာ နာကျင်ခံခက် ဖြစ်နေသည့် အချိန်၌ ပင်ဖြစ်စေ၊ ဝေဒနာကို ခံနိုင်ရည်ရှိအောင် ကြိုးစား ရမည်။
အင်္ဂုတ္တရနိကယ်၊ တိကနိပါတ်
နာမကျန်းဖြစ်နေတော်မူသည့် အခါ၌ ဗုဒ္ဓ သည် တည်ငြိမ်သော စိတ်နှလုံးတော် ဖြင့် နေထိုင် သီတင်း သုံးတော် မူသည်ဟူ၍ သုတ္တန်ဒေသနာတော် များ၌ ပြောဆိုထားသည်။ မိမိအပေါ် ဒေဝဒတ်ကျောက်တုံး တွန်းချသည် ဖြစ်၍ ခြေတော် တွင် ကျောက်တုံး အစိတ်အပိုင်း ထိမှန်သွားသောအခါ ဗုဒ္ဓသည် မချိမဆန့် နာကျင်ခြင်း ဖြစ်တော် မူသည်။  သို့သော်လည်း သတိသမ္ပဇဉ် နှင့် ယှဉ်လျက် နာကျင်ခြင်းကို ခံနိုင်ရည် ရှိအောင် လုပ်တော်မူသည်။
သံယုတ္တနိကာယ်
ပရိနိဗ္ဗာန် စံချိန်၌လည်း ဗုဒ္ဓသည် ကိုယ်ခန္ဓာ နာကျင်ခြင်းကို သတိ သမ္ပဇဉ်နှင့် ယှဉ်လျက် ခံတော်မူပြီးလျှင် ထူးခြားသော စွမ်းအားကို ဆောင်လျက် ပါဝါမှ ကုသိနာရုံသို့ နောက်ပါ ရှင်အာနန္ဓာ  နှင့် အတူ ကြွတော်မူသည်။ ယင်းသို့ကြွရာတွင် လမ်းခရီး နေရာ အတော်များများ၌ ပန်းလျနေသော ကိုယ်ခန္ဓာ အပန်းပြေစေရန် နားနားပြီးမှ ကြွတော်မူသည်။
ဒီဃနိကာယ်
တစ်ခါတုန်းက ဗေလုဝဂါမ၌ ဗုဒ္ဓသည် အပြင်းအထန်နာမကျန်းဖြစ်ခြင်း ကို သတိသမ္ပဇဉ်နှင့် ယှဉ်လျှက် ခံနိုင်ရည် ရှိအောင် နေတော်မူသောကြောင့် ဝေဒနာကင်းရှင်းပြီးကျန်းမာခြင်း ဖြစ်လာသည်ဟု မဟာ ပရိနိဗ္ဗာနသုတ် ၌ ဖော်ပြထားသည်။
စိတ်ဓါတ်ကြံ့ခိုင်သူများသည် ရောဂါဝေဒနာ များကို ခံနိုင်ရည်ရှိကြသည်.။ တစ်ခါတုန်းက နကုလပိသာ သည် အသက်အရွယ် အိုမင်း ရင့်ရော် နေတော်မူပြီဖြစ် သည့် ဗုဒ္ဓထံ ရောက်သွားသောအခါ ဗုဒ္ဓ က နကုလပိတာ အား ကိုယ်ခန္ဓာ နာမကျန်း ဖြစ်နေစေကာမူ စိတ်ဓါတ် ကြံ့ကြံ့ခိုင်ခိုင် ရှိနေစေရန် ညွှန်ကြား တော် မူသည်။
သံယုတ္တနိကာယ်
ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်းနှင့် စိတ်နာမကျန်းခြင်း ဟူ၍ ဝေဒနာ နှစ်မျိုးရှိသည်။
ဒွေဝေဒနာ ကာယိကာစ
စေတသိကာစ
အကယ်၍ ပုဂ္ဂိုလ်တဦး တယောက် အနေနှင့် ကိုယ်ခန္ဓာ နာမကျန်း ဖြစ်လာသည့်အတွက် စိတ်ဓါတ်ကျပြီး ပူပန်သောက ရောက်နေပါလျှင် စိတ်နာမကျန်းခြင်း ထပ်ဆင့်တိုးလာသည်။. မြှားနှစ်စင်း အပစ်ခံရသူနှင့် တူသည်။
သံယုတ္တနိကာယ်
စိတ်ဓါတ်ကြံ့ခိုင်သူသည် မိမိ၏ စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊ အချိုးအစားနှင့် လျော်ညီစွာ စိတ်ကို ကျန်းမာ အောင် ထားနိုင်သည်။ ရဟန္တာပုဂိ္ဂုလ် သည် စိတ်ဓါတ်ကြံ့ခိုင်မှု အပြည့်အဝရှိသောကြောင့် ကိုယ်ခန္ဓာ နာကျင်ခြင်း ကိုသာသိသည်။ စိတ်နာကျင်ခြင်းကို မသိပေ။
သောဧကံ ဝေဒနာ ဝေဒိယတိ
ကာယိကံ နစေသတိကံ
သံယုတ္တနိကာယ်
သုတ္တန်ဒေသနာတော်များစွာ၌ ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်းကို ကုစားရန်အတွက် ဗောဇ္စုင်္ဂသုတ် (ဗောဇ္စုင်သုတ်) ရွတ်ဖတ် သရဇ္စုာယ်ရသည်စု ညွှန်ပြထားသည်။ ရှင်မဟာကသ၁ပနှင့် ရှင်မဟာ မောဂ္ဂလန် မထေရ်မြတ်တို့ နာမကျန်းဖြစ်သောအခါ ဗောဇ္စုင်သုတ် ကို ဗုဒ္ဓ ရွတ်တော်မူ သောကြောင့် ရဟန္တာ အရှင်မြတ်နှစ်ပါးလုံး ပုံမှန်အတိုင်း ကျန်းမာလာသည်။
သံယူတ္တနိကာယ်
တစ်ခါက ဗုဒ္ဓာ နာမကျန်းဖြစ်တော်မူသောအခါ စုန္ဒမထေရ်အား ဗဗာဇ္စုင်သုတ် အရွတ်ခိုင်းတော်မူသည်။ ဗောဇ္စုင်သုတ်ကို နာကြားတော်မူသောအခါ ဗုဒ္ဓသည် ဝေဒနာ ကင်းရှင်းပြီး ကျန်းမာခြင်း ဖြစ်လာ တော်မူသည်။
ဗောဇ္စုင်္ဂသံယုတ်
တစ်ခါကလည်း ဂိရိမာနန္ဒရဟန်း နာမကျန်းဖြစ်သောအခါ ဒသသညာ (သညာဆယ်ပါး) အကြောင်း ဟောပြလျှင် ဂိရိမာနန္ဒာရဟန်းကျန်းမာလာလိမ့်မည်ဟု ဗုဒ္ဓက ရှင်အာနန္ဒာအား မိန့်တော်မူသည်။
ဒသသညာ (သညာဆယ်ပါး)ကား
၁။ အသုဘသညာ (impurity of the body)
၂။ မရဏသညာ(Ending of all component things)
၃။ အာဟာရေ ပဋိကူလသညာ(Disgustiveness with nutriment)
၄။ သဗ္ဗလောကေ အနဘိရတသညာ(Disen chantment with the entire world)
၅။ အနိစ္စသညာ(Impermance)
၆။ အနိစ္စ ဒုက္ခသညာ(Perception of suffering)
၇။ ဒုက္ခေ အနတ္တသညာ(Egolessnes)
၈။ ပဟာနသညာ(Elimination of sense pleasure )
၉။ ဝိရာဂသညာ(Detachment)
၁၀။ နိရောဓသညာ(Cessation)
ရှင်အာနန္ဒာသည် ဗုဒ္ဓထံတော်မှ ဒေသသညာ တရားတော်ကို နာကြားပြီးလျှင် ယင်းတရားတော်ကို ဂိရိမာနန္ဒ ရဟန်းသည် ရောဂါဝေဒနာ သက်သာရာ ရသွားသည်။
တစ်ခါတုန်းက ရဟန်းများကြားထဲတွင် အကျွမ်းဝင်သူရဟန်းမရှိသော ရဟန်းဖြစ်စ ရဟန်းတစ်ပါး နာမကျန်းဖြစ်နေကြောင်း ကြားသိတော်မူသောကြောင့် ဗုဒ္ဓသည် ထိုရဟန်းထံ ကြွသွားတော်မူသည်။  (သံယုတ္တနိကာယ်)
ဗုဒ္ဓကြွလာတော်မူသည်ကို တွေ့မြင်ရသော အခါ ထိုရဟန်းသည် လဲလျောင်းနေရာမှ အတင်းထသည်။ ဗုဒ္ဓက လဲလျောင်းမြဲ လဲလျောင်းနေရန် မိန့်တော်မူသည်။ တစ်နေရာ၌ ထိုင်တော်မူပြီးလျှင် ဗုဒ္ဓသည် ထိုရဟန်း၏ ကျန်းမာရေး အခြေအနေကို မေးမြန်းပြီးလျှင် ရောဂါသက်သာ မသက်သာ စုံစမ်းတော် မူသည်။
ထိုရဟန်းက ဝေဒနာအပြင်းအထန် ခံစားနေရကြောင်း အားနည်းနေကြောင်း သူ၏နာကျင်မှုသည် သက်သာ မသွားဘဲ တိုး၍သာလာကြောင်း လျှောက်ထားပြောပြသည်။
ထိုအခါက ဗုဒ္ဓက ထိုရဟန်းအား ပူပန်သောက နောင်တကြီးစွာ ရနေပါသလားဟု မေးမြန်းစုံစမ်းသည်။ ပူပန် သောကနောင်တကြီးစွာ ရနေပါသည်ဟု ရဟန်းက ပြန်လည်ဖြေကြားသည်။ ဗုဒ္ဓက ထိုရဟန်းအား သီလ ကျိုးပျက်သည့်အတွက် မိမိကိုယ်မိမိ အပြစ်တင်ခြင်းမျိုး ရှိနေပါသလားဟု မေးမြန်းစုံစမ်း တော်မူ ပြန်သည်။ ရဟန်းက သီလကျိုးပျက်ခြင်း မရှိပါ၊ မိမိကိုယ်မိမိ အပြစ်တင်ခြင်းမျိုးလည်း မရှိပါဟု ပြန်လည် လျှောက်ထားသည်။
ထိုအခါ ဗုဒ္ဓက သီလကျိုးပျက်ခြင်း အပြစ်မရှိလျှင် အဘယ်ကြောင့် ပူပင်သောက နောင်တရနေသနည်းဟု မိန့်တော် မူသည်။ အရှင်ဘုရားက သီလ ဝိသုဒ္ဓိတရားကို မဟောကြားဘဲ ရာဂကင်းကွာမှု (ရာဂ ဝိရာဂတ္ထာဝယ) အတွက်သာ ဟောကြားတော်မူ၏ဟု ရဟန်းက လျှောက်ထားသည်။ ကျေနပ်အားရခြင်း ဖြစ် သွားတော်မူသော ဗုဒ္ဓက သာဓု သာဓု သာဓု ဟု ချီးကျူးစကား ပြောကြားတော်မူသည်။
ထိုနောက် ဗုဒ္ဓက အာရုံခံ ဣန္ဒြေတို့သည် အနိစ္စဖြစ်၏။ ဒုက္ခဖြစ်၏။ အနတ္တဖြစ်၏။ ထိုကြောင့် ဣန္ဒြေတို့ကို တွယ်တာကပ်ငြိခြင်း မရှိတော့ပေ ဟူ၍ တရားဒေသနာ ဟောကြားတော်မူသည်။ ယင်းဓမ္မဒေသနာကို ဟောကြားသောအခါ တရားအမြင် (ဓမ္မစက္ခု) ဖြစ်ပေါ်လာပြီးလျှင် ထိုရဟန်းသည် ဖြစ်ခြင်း သဘောတရားရှိသော အရာအားလုံး ပျက်ခြင်းသဘောတရားရှိ၏ သိမြင်သဘောပေါက် သွားသည်။ တခြားစကားလုံးဖြင့် ပြောရလျှင် သောတာပန္န (သောတာပန်) ဖြစ်သွားသည်။
သောတာ ပတ္တိသံယုတ်၏ အဆိုအရ တစ်ခါတုန်းက နာမကျန်းဖြစ်နေသော အနာထပိဏ္ဍိက (အနာထပိဏ်သူဌေး) သည် ရှင်သာရိပုတြာကို ပင့်ဖိတ်သည်ဖြစ်၍ ရှင်သာရိပုတြာ သည် အနာထပိဏ္ဍိက ထံ ကြွ သွားတော်မူသည်။
သံယုတ်တ္တိနိကာယ်
ရောဂါဝေဒနာခံစားနေရသည် အကြောင်း  အနာထပိဏ္ဍိက က လျှောက်ထားပြောပြသောကြောင့် ရှင်သာရိပုတြာက အနာထပိဏ္ဍိကအား ယခင်က ဆောက်တည်ထားခဲ့သော သီလကို ပြန်လည် သတိရ စေခဲ့သည့် တရားဒေသနာကို ဟောကြားလျက် သရဏဂုံ သုံးပါးကို ယုံကြည်မှု မရှိသော သီလမရှိသော ပုထုဇဉ် ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာချုပ်ငြိမ်းသည့်အခါ ဒုဂ္ဂတိဘုံလားရသည်ဟု မိန့်ကြားတော်မူသည်။ သို့သော်လည်း အနာထပိဏ္ဍိကသည် ခိုင်မြဲစွာ သရဏဂုံတည်ပြီး သီလရှိသူ ပုဂ္ဂိုလ်ဖြစ်သည်။ သရဏ ဂုံ တည်ပြီး သီလရှိသူ ပုဂ္ဂိုလ်ဖြစ်လျှင် ရောဂါဝေဒနာကို ခံနိုင်ရည်ရှိသည်ဟုလည်း ရှင်သာရိပုတြာက အနာထပိဏ္ဍိကကို ဟောပြတော်မူသည်။
အယူမှားပြီး မဂ္ဂင်ရှစ်ပါးတရားကို မကျင့်သုံးသော ပုထုဇဉ် ပုဂ္ဂိုလ်သည် ကွယ်လွန်သောအခါ၌  ဒုဂ္ဂတိဘုံ ရောက်ရသည်ဟု ရှင်သာရိပုတြာက ဟောကြားတော်မူသည်။ သို့သော်လည်း  အနာထိပဏ္ဍိကသည် မဂ္ဂင်ရှစ်ပါး တရားကို ကျင့်သုံးသူပုဂ္ဂိုလ်ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးတရား ကျင့်သုံးသူသည် ရောဂါဝေဒနာကို ခံနိုင်ရည်ရှိသည်။ ရောဂါဝေဒနာ၏ လွှမ်းမိုးခြင်းကို မခံရဘဲ ဝေဒနာသက်သာပျောက်ကင်းသွားသော အနာထပိဏ္ဍိက သည် အိပ်ယာမှ ထလာပြီးလျှင် ရှင်သာရိပုတြာအား ဆွမ်းလုပ်ကျွေးသည်။
တစ်နေ့သောအခါ၌ အနာထပိဏ္ဍိကသည် နာမကျန်းဖြစ်လာပြန်သည်။ ထိုအကြောင်းကိုလည်း သောတာပတ္တိ သံယုတ်၌ ဖော်ပြထားသည်။
အခါတစ်ပါး၌ အနာထပိဏ္ဍိကသည် နာမကျန်းဖြစ်လာ၍ ရှင်အာနန္ဒာကို ပင့်ဖိတ်သည်။ ရှင်အာနန္ဒာသည် လူမမာ အနာထပိဏ္ဍိက၏ အိပ်ယာဘေး ကြွလာပြီးလျှင် တရားဒေသနာဟောကြားသည်။ သရဏဂုံ မတည်သော သီလမရှိသူ ပုထုဇဉ်ပုဂ္ဂိုလ်သည် သေခါနီး၌ တုန်လှုပ်ချောက်ချားသည်။ ထိတ်လန့် ကြောက်ရွံ့ သည်။ သို့သော်လည်း သရဏဂုံတည်ြုပီး သီလရှိသော ပုဂ္ဂိုလ်သည် သေခါနီး၌ မရဏ ဘေး ကို ထိတ်လန့်ကြောက်ရွံ့ခြင်း မဖြစ်ပေ။
အနာထပိဏ္ဍိကက မိမိ သရဏဂုံတည်မြဲကြောင်း လူဒါယကာတို့ စောင့်ထိန်းအပ်သည့် သီလ မကျိုး မပေါက် ကြောင်း လျှောက်ထားပြောပြသောအခါ ရှင်အာနန္ဒာက အနာထပိဏ္ဍိကကို သောတာပန် တည်ခြင်း သည် အလွန်ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်းမိန့်တော်မူသည်။ သို့ရာတွင် အနာထပိဏ္ဍိ က ရောဂါဝေဒနာချက်ခြင်း လက်ငင်း ပျောက်ကင်းသွားသည်ဟူ၍မူ မဆိုပေ။
အင်္ဂုတ္တရနကာယ်
နာမကျန်းဖြစ်သည့်အခါ၌ စိတ်ဓာတ် အားလျှော့တတ်ကြသည်။ သို့သော်လည်း စိတ်ဓာတ်မကျဘဲ တရားဓမ္မ ကျင့်ကြံခြင်းလမ်း၌ ရှေ့တိုးသွားစေရန် အတွက် သတိရှိရမည်။ ရောဂါဝေဒနာ သက်သာ သွားပြီးသည့် နောက်တွင်လည်း သတိလက်လွတ်မနေသင့်ပေ။ အကြောင်းမူကား မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေပါက တရားဓမ္မဆိုင်ရာ အဆင့်မြင့်ရောက်နိုင်သည့်အခွင့်အလမ်း လက်လွတ် ဆုံးရှုံး သွားနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။
အထက်ပါ ပါဠိပိဋကတ် ကျမ်းဂန်များ၏ မိန့်ဆိုချက်အရ လူနာ၏ ရောဂါဝေဒနာပျောက်ကင်းရေးအတွက် ဗုဒ္ဓအလိုကျ ကုစားနည်းသည် လုပ်သင့်လုပ်ထိုက်သော ကုစားနည်းဖြစ်သည်။ လူနာအား ဆေးဝါးမှီဝဲ စေခြင်း ၊ ပြုစုခြင်း နည်းလမ်းများ ဖြင့် ကုစားရုံမျှသာမက လူနာအား တရားဓမ္မဆီသို့ အာရုံညွတ် စေခြင်းသည်လည်း အရေးကြီးသော ကုစားနည်း ဖြစ်သည်ဆိုသော အချက်မှာ သိသာထင်ရှားလှပေ သည်။
ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်အရှင်မြတ်များ နာမကျန်းဖြစ်နေသည့်အချိန်များ၌ ဗောဇ္ဈင်္ဂ (ဗောဇ္ဈင်)သုတ် ရွတ်ဆိုသောအခါ အနာရောဂါပျောက်ကင်းပြီး ကျန်းမာလာကြသည်။ နာမကျန်းဖြစ်နေစဉ်အခါက ရဟန္တာ အဆင့် ရောက်ဟန်မတူသေးသော ဂိရိမာနန္ဒ ရဟန်းနာမကျန်းဖြစ်နေစဉ်ကမူ အနာရောဂါပျောက်ကင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံလာသည်မှာမူ ဒသသညာ တရားကို နာကြားရသောကြောင့်ဖြစ်သည်။
အနာထပိဏ္ဍိကသည် သောတပန်ဖြစ်သည်။သောတာပန်၏ ဂုဏ်အင်္ဂါနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခြင်သည် အနာထပိဏ္ဍိက၏ အနာရောဂါလျင်မြန်စွာ ပျောက်ကင်းခြင်း အကြောင်းတရား ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မိမိရရှိထားပြီးဖြစ်သော ဓမ္မ၏ ဂုဏ်အင်္ဂါရပ်များကို ပြန်လည် အောင့်မေ့လျှင် စိတ်နှလုံးတွင် ပိတိသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ခန္ဓာဓာတ်သဘာဝများကို ကျန်းမာရွှင်လန်းစေသည်။
ယင်းအချက်နှင့် စပ်လျဉ်း၍ ပပဉ္စသူဒနီ (မဇ္ဈိမနိကာယ် အဋ္ဌကထာ) ၌ ပြဆိုထားသော အကြောင်းအရာ တစ်ရပ်ကို သတိပြုသင့်သည်။ ရဟန်းတစ်ပါးသည် တရားဓမ္မကို နာကြားနေစဉ် မြွေကိုက်ခံရသည်။ ရဟန်းသည် မြွေကိုက်သည်ကို ဂရုမစိုက်ဘဲ တရားဓမ္မကို နာကြားမြဲ နာကြားနေသည်။ မြွေဆိပ်ပြန့် သွားပြီး မခံမရပ်နိုင်လောက်အောင် ဝေဒနာခံစားရသည်။ ထိုအခါ ရဟန်းသည် သူရဟန်းဖြစ်ချိန်မှစ၍ ကျင့်ကြံ အားထုတ်သော သီလ၏ စင်ကြယ်မှုကို ပြန်လည်စဉ်းစား ဆင်ခြင်သည်။
မိမိအကျင့်သီလ၏ မှဲ့စွန်းထင်ခြင်း မရှိသော သဘာဝကို သိမြင်သွားသောအခါ ရဟန်း၏ သန္တာန်၌ ကြီးမားသော ပီတိတရားနှင့် သောမနဿတရားဖြစ်ပွားလာသည်။ ယင်းရွှင်လန်းချမ်းမြေ့မှု အပြည့် ရှိသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသည် အဆိပ်ဖြေဆေးသဘောဖြစ်သွားပြီးလျှင် ဝေဒနာ ပျောက်ကင်း သွားသည်။
ယင်းအဖြစ်အပျက်ကို ထောက်ထားလျက် သိရသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နာမကျန်း ဖြစ်နေသည့် အခါ မိမိ၏ ဓမ္မဂုဏ်အင်္ဂါများဆီ အာရုံစူးစိုက်ပါက စိတ်ထဲတွင် သဒ္ဓ့ါအပြည့်ရှိသည့် ပီတိ လျှံတက် လာပြီးလျှင် ကိုယ်ခန္ဓာ၌ရှိသော ကျန်းမာမှု ဖြစ်ပေါ်စေတတ်သည့် အခြေခံအကြောင်းတရား များ၏  အစွမ်းကြောင့် ရောဂါဝေဒနာပျောက်ကင်းသွားသည်။
ယင်းသို့ပြုလုပ်ရခြင်းသည် သင့်လျော် အပ်စပ် သည့် သုတ္တန်ဒေသနာတော်များကို ရွတ်ဆိုသောအခါ ဓမ္မ နှင့် ပတ်သက်၍ တိုးတက်မှုရှိသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အား ရောဂါဝေဒနာ ပျောက်ကင်း သွားအောင် ပြုလုပ်သည့် စက်ယန္တရား သဖွယ် ဖြစ်သည်။
စာရေးသူ – ပါရဂူ

2 comments

  • MaMa

    February 10, 2011 at 1:15 am

    ဒီစာကိုဖတ်ရလို့ အတော်ကျေးဇူးများရပါတယ်။ Yin Nyein Nway ကိုလည်း ကျေးဇူးတင်ပါတယ်။

  • ဆူး

    February 10, 2011 at 2:02 pm

    ဖတ်လို့ကောင်းပါတယ်။ တရားနှလုံးသွင်းပြီး ပီတိ သောမနဿ ဖြစ်ရင် သွေးတွေ ကြည်သွားတယ်။ မြွေ အဆိပ်တွေ ပျောက်သွားတာ အဲဒီ သွေးကြည်တဲ့ ဖြစ်ရပ်က အထောက် အပံ့ ပေးတာ ဖြစ်လိမ့်မည် ဟု ယူဆသည်။

Leave a Reply