သင်္ကန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁ဝ ကျော် မီးလောင်ဆုံးရှုံး

nyimalayFebruary 10, 20111min852

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက် အပိုင်း ၄ ရှိ သီတာရေစင်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ မီးဖိုအသုံးပြုရာမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး မီးလောင်မှု အိမ်ခြေ ၁ဝ လုံးကျော် မီးလောင်ခဲ့ရကြောင်း သိရှိရသည်။

“နေ့လည် ၂ နာရီလောက်မှာ ညှော်နံ့တွေထွက်လာလို့ အိမ်အပြင် ထွက်ကြည့်လိုက်တော့ မီးခိုးထွက် နေတာတွေ့လိုက်ရတယ်။ နောက် ၁ဝ မိနစ်လောက်ကြာတော့ မီးညွန့်တွေ ထွက်လာတာတွေ့ရတယ်။ စဖြစ်တဲ့ အိမ်ကနေ တောက်လျှောက် လောင်လာတာ အိမ်ခြေ ၁ဝ လုံးကျော် လောက်ပါသွားပြီး သက်ဆိုင်ရာက မီးငြှိမ်းနိုင်ခဲ့တယ်”ဟု မီးလောင်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး က ပြောပြခဲ့သည်။

“ကျွန်မတို့က ဒီကိုပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခုမီးလောင်ခံခဲ့ရတဲ့ အိမ်မှာ ကျွန်မအမေတစ်ယောက်တည်း နေတာပါ။ ကျွန်မတို့က အခြားနေရာမှာနေပါတယ်။ မီးလောင်တယ်ဆိုလို့ ချက်ချင်းပြေးလာပြီး ကျွန်မအမေကိုတော့ စိတ်ချရတဲ့နေရာမှာ ထားပြီးပါပြီ။ ကျွန်မတို့အိမ်ထဲက ဘာပစ္စည်းမှပြန်မရလိုက်ဘူး။ ပိုက်ဆံတွေရော၊ ပစ္စည်းတွေပါ အကုန်ပါသွားတယ်”ဟု အိမ်မီးလောင်ခံခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

မီးလောင်ရာတွင် အိမ်ခြေဆုံးရှုံးခဲ့သည့်သူများအတွက် ကယ်ဆယ်ရေးစခန်းများကို သက်ဆိုင်ရာ ရပ်ကွက်ဓမ္မာရုံများတွင် ဖွင့်လှစ်ပေးထားခဲ့ကြောင်း သိရှိရသည်။

2 comments

  • ဆူး

    February 10, 2011 at 1:44 pm

    အသိ တယောက် ဆို မိသားစု ၃ယောက် ရှိတာ ၃ယောက်လုံး အလုပ်သွားနေလို့ ရှိတာ အကုန် ပါသွားသတဲ့။ ထိုနေ့က ဖြစ်ချင်တော့ လက်ဝတ်လက်စားများ အကုန် ချွှတ်ပြီး အိမ်မှာ ထားခဲ့ပါသည်။ မီးလောင်ပြီး ပြာကျနေမှ လက်ဝတ်လက်စားများ ရလေမလား ဆိုပြီး ပြာပုံမှာ မွေနောက် ရှာဖွေရင်း အရူး တပိုင်း ဖြစ်နေကြတယ် လို့ ပြောပါတယ်။ သူတို့ နေတဲ့ အိမ်က မိဘ အိမ်ဖြစ်နေတာ့ ကိုယ်ပိုင်အိမ် ဝယ်နိုင်ဖို့ ပိုက်ဆံ စုနေတာ ဖြစ်တဲ့ အပြင် ပိုက်ဆံ အထုပ်လိုက်ပါ ပါသွားခဲ့သည်။

    နောက်တယောက် ကတော့.. မီးမလောင်ခင် ၁ပတ်လောက်က အဲဒီမှာ ၁လ ၁သိန်းနဲ့ ၁နှစ်စာချုပ်ချုပ်ပြီး အိမ်ငှားနေတာ ပစ္စည်းတွေ ရွှေ့လို့လည်းပြိးရော မီးထဲ ပါသွားကော။ ကံခေပုံများ မပြောပါနဲ့တော့။

    မီးလောင်တာ ပိန္နဲသီး ပြုတ်စားလို့ ဖြစ်တာလို့ ကြားပါတယ် အရက်မူးသမား နှစ်ယောက် နဲ့ အဘွားကြီး တယောက် ရှိနေတာ အရက်မူးသမား မူးပြီး အိပ်ပျော်သွား လို့ မီးလောင်တဲ့ အထိ ဖြစ်တာပါတဲ့။

    အနီးအနား ရပ်ကွက် အတွင်းမှာတော့ လှူဒါန်းသူများ ရှိသလို မနေ့က သတင်းအရကတော့ တရုတ် ကုပ္မဏီ တခုက စောင်တွေ ခေါက်ဆွဲခြောက်တွေ လှူသွားတယ် လို့ ကြားပါတယ်။

  • ဆူး

    February 11, 2011 at 2:09 pm

    အိမ် ၁၅လုံး မိသားစု ၂၈စု ဖြစ်ပါတယ်။
    အခု ကယ်ဆယ်ရေး စခန်းမှာ အလူမီနီယံ သမား တယောက်က တအိမ်ထောင်လျှင် ဘီဒို တလုံး လာလှူပါတယ်။ နောက်ထပ်လည်း တစ်အိမ်ထောင် ဆန်တစ်အိတ်စီ လှူသော လူနှင့် တစ်အိမ်ထောင် ငွေကျပ် ၂သိန်း လှူသော အလှူရှင်တွေ ရှိနေပြီ ဖြစ်ကြောင်း ကြားသိရပါသည်။ မြန်မာတွေလည်း လူမှုရေး အလှူတွေ တော်တော် လှူလာကြတဲ့ အတွက် ဝမ်းသာစရာ ကောင်းလှပါသည်။ တခြား ပိုသိရတာ များရှိရင် ဒီမှာ ဆက်ရေးပေးပါအုန်းမည်။

Leave a Reply