နီးလျက်နဲ့ဝေး Shortsighted

shortsighted

အနီးမှုန်
ကံဆိုတာ အလုပ်လို့ လူအများ ပြောကြပါတယ်၊ အဲသည်အလုပ်ကိုပဲ ပုဂ္ဂိုလ်စရိုက်အလိုက် ကွဲပြားစွာ အဓိပ္ပါယ်ဖွင့်ပါတယ်။ ရွာထဲမှာလည်း အမြင်အမျိုးမျိုးနဲ့ပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူများ၊ စူးစမ်းလေ့လာလိုသူများ၊ ဝေဖန်တိုက်ခိုက်သူလိုများအတွက်လည်း ပစ်မလွဲစတင် ဆွေးနွေးတတ်ကြတဲ့ ခေါင်းစဉ်တခု ဖြစ်လေ့ရှိပါတယ်။ စာပေကျမ်းဂန်များ၊ သမထအမြင်သန်သူများ ကိုယ်တွေ့တွေမှာ ရှေးဘဝနောက်ဘဝ၊ ငရဲ နတ်ပြည် စတာတွေကို အတိအကျ ဆိုလေတော့ ဗုဒ္ဓဘာသာဝင် အများစုဟာ ကံဆိုတာကို အတိတ် ပစ္စုပ္ပန် အနာဂတ်တို့နဲ့ ယှဉ်တွဲလက်ခံကြပါတယ်။ တဖက်မှာလည်း ကံသည် ပစ္စုပ္ပန်အလုပ်လို့ ယုံကြည်သူ ကမ္မပစ္စုပ္ပန်ဝါဒီများလည်း ထုနဲ့ဒေးပါ။ အတိတ်ကံ အစွန်းရောက်များက ဘာဖြစ်ဖြစ် အတိတ်ကံကို ပုံချလေ့ရှိပြီး ပစ္စုပ္ပန်အစွန်းရောက်တွေကတော့ လက်ရှိဖြစ်တည်မှုကိုသာ လက်ခံကြပါတယ်။ ထင်ရှားတဲ့ ကမ္မဌာန်းဆရာတော်များရဲ့ သွန်သင်ချက်တွေမှာတော့ အတိတ်ကံရဲ့ လွှမ်းမိုးမှုကို ပိုအလေးထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။
အတိတ်ကံသည် မူလမြစ်ဖျားခံရာ အကြောင်းတရားဖြစ်လို့ သူဖန်မလာခဲ့ရင် ပစ္စုပ္ပန်အကျိုး ဖြစ်ခွင့်မရှိလို့ နားလည်ပါတယ်။ ပစ္စုပ္ပန်အကျိုးရှိပေမဲ့ အတိတ်ကံ အားနည်းခဲ့ရင်လည်း ထိုနည်းတူစွာ အောင်မြင်ဖို့ အခွင့်အလမ်း နဲလွန်းမှာပါ။ ဥပမာ- နေ့စားကုန်ထမ်းသမားကို ခြောက်လလောက် အနားယူ ဆေးသောက်ရင် နှလုံးရောဂါပျောက်မယ်ဆိုပေမဲ့ အတိတ်ကံ မွဲခဲ့လေတော့ ရောဂါပျောက်ဖို့ ပစ္စုပ္ပန်ကံအခွင့်အလမ်း အလာဟသ ဖြစ်သွားပါတယ်။ သူနဲ့ပြောင်းပြန် အခြားဆင်းရဲသားကြတော့ အတိတ်ကံကြောင့် ကူမဲ့သူပေါ်လာပေးရတယ်။ အတိတ်ကံမပါလို့ ကုသဖို့ဆေးမရှိတဲ့ ရောဂါဆန်း ဖြစ်ရသူများ ပိုက်ဆံဘယ်လောက်ရှိရှိ ကူမဲ့သူ ဘယ်လောက်ပေါပေါ သေမဲ့နေ့ထိုင်စောင့်ရပါတယ်။ အတိတ်ကံပါပြီး ပစ္စုပ္ပန်အလုပ် ဂရုမစိုက်သူများ ဖြစ်သင့်သလောက်မဖြစတာတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံနှစ်ခုု အားကြီးပုံခြင်းမတူနိုင်လို့ အားကြီးသူ သာစတမ်းဆိုပေမဲ့ ဆင်ခြင်သည်းခံစွမ်းပညာ၊ စိတ်ဓာတ်အင်အား ချို့တဲ့သူအများစုအတွက် အတိတ်ကံသည် အရာရာကို ဦးစီးသည်လို့ ပြောစမှတ်ပြုပါတယ်။ စကားစပ်လို့ ရွာထဲက လူပျိုအပျိုကြီးများလည်း ကံပါရဲ့သားနဲ့ မိမိရွေးချယ်မှုကြောင့်လား၊ အတိတ်ကံကြောင့်လားဆိုတာ ဆင်ခြင်နိုင်သလို အိမ်ထောင်ရှင်များလည်း သိနိုင်ကြပါတယ်။
ကံအကြောင်းကို အခုလို မိမိသန်ရာ ငြင်းခုံကြတော့ ဗုဒ္ဓဝါဒသည် ကမ္မဝါဒလို့ ကင်ပွန်းတပ် ကြပါတယ်။ ဘယ်သူတပ်သလဲ အကောင်းလား အဆိုးလားတော့ ရေဖျားမြေဖျားဇစ်မြစ် တိတိကျကျ မစုံစမ်းမိလို့ မသိပါ။ လူအများက ရှေးဘဝနောက်ဘဝ၊ ၃၁ဘုံ၊ ကောင်းတာလုပ် ကောင်းတာဖြစ်၊ ဆိုးတာလုပ် ဆိုးတာဖြစ်၊ ကံအကျိုးပေး စိတ်ဇောခုနှစ်ချက်၊ တချို့လည်း ဒါတွေတခုမှ ဘုရားဟော မဟုတ်၊ ပစ္စုပ္ပန်အလုပ်နဲ့ အနာဂတ်အကျိုးသာရှိတယ်လို့ လက်ခံကြပါတယ်။ ဗုဒ္ဓဝါဒနဲ့ ခေတ်ပြိုင် ဖန်ဆင်းရှင်ဝါဒတွေမှာလည်ူး ဖန်ဆင်းရှင်ဘုရားသခင်က တဦးချင်းစီရဲ့ကံကို သတ်မှတ်ပြီးသားလို့ ကမ္မဝါဒလို ဆင်တူရိုးမှားရှိသလို Statistics ဘာသာရပ်မှာ သတ်မှတ်ချက်ဘောင်အတွင်း သူဖာသာသူ ဖြစ်ချင်သလိုဖြစ်တယ်ဆိုတဲ့ ကျပန်းသဘော random walk အခြေခံသီအိုရီ ရှိပါတယ်။ အခုပို့စ်ရဲ့ အဓိကဆိုလိုရင်းက ကံ၊ သံသရာ၊ ဂုဏ်တော်၊ အဘိညဉ်တန်ခိုး၊ သိဒ္ဓိမဟိဒ္ဓိ စတာတွေကို ဗုဒ္ဓဘာသာနဲ့ ခွဲမြင်တတ်ဖို့ပါ။ အထက်မှာပြောတဲ့အချက်တွေသည် အခြားအယူဝါဒများမှာလည်း သူ့ဟာနဲ့သူရှိလို့ ဘာမှမထူးခြား၊ ကိုယ့်ဖက်က ရုပ်ဝတ္ထုပိုင်း နိမ့်ကျနေတဲ့ အခြေအနေဆိုရင် မသိနားမလည်သေးတဲ့ မိမိတို့ရဲ့ သားသမီး ဆွေမျိုးသင်္ဂဟများ ဝေခွဲမရဖြစ်ပြီး အယူတိမ်းကြ၊ ဗုဒ္ဓဝါဒကို အမြင်စောင်းကြ ဖြစ်သွားတတ်ပါတယ်။ နားမယောင်သူများကြတော့လည်း ပြန်လှန်မချေပတတ်ဘဲ သဒ္ဓါတရားကိုသာ အားပြုလို့ အတ္တနဲ့ကြိတ်မှိတ်ဖြေရ၊ တုံ့ပြန်ဒေါသထွက်ကြရပါတယ်။
ဗုဒ္ဓဘာသာသည် သံသရာမှလွတ်မြောက်ရန် ဗုဒ္ဓအဆုံးအမ သစ္စာလေးပါးတရားကို လိုက်နာ ကျင့်ကြံခြင်းဖြစ်ပြီး ကံဖြစ်ဝါဒမဟုတ် ကံဖြတ်ဝါဒသာဖြစ်ပါသည်။ ပညာရှိများပြောသလို ပိဋကတ်သုံးပုံ အနှစ်ချုပ်ရင် ဖြစ်ပျက်ပဲရှိတယ်။ ကျန်တာတွေသည် နာယူသူပုဂ္ဂိုလ်စရိုက်လိုက်လို့ ဆုံးမထားခဲ့တာပါ။ မြတ်စွာဘုရားက ငါသည် စရိုက်အမျိုးမျိုး ဘဝအဖုံဖုံနဲ့ လေးအင်္သချေ ကမာ္ဘတသိန်း ကျင်လည်ပါရမီ ဖြည့်ခဲ့တယ်။ သတ္တဝါများ သစ္စာတရားတော်ကိုမသိလို့ သံသရာမှာ ဖြစ်လိုက်ပျက်လိုက်နဲ့ မျောတယ်။ ကျွတ်သင့်ကျွတ်ထိုက်သော သတ္တဝါအပေါင်းကို ကယ်တင်ဖို့ (ဝါ) သံသရာမပြတ် ပြေးလျောက်စေတဲ့ အကြောင်းကံကိုဖြတ်ဖို့ ငါဘုရားပွင့်တယ်လို့ အတိုချုပ် မှတ်သင့်ပါတယ်။ နို့မို့ရင် လိုက်နာသူအများ ဘုရားဟော ကံဇာတ်ကြောင်းထဲမျောပြီး ဖြစ်ပျက်သံသရာကနေ ရုန်းထွက်ဖို့ မေ့သွားတတ်ပါတယ်။ သံဝေဂတရားရပြီး ဖြစ်ပျက်ကင်းရာ ကုသိုလ်အကုသိုလ်လွတ်ရာ ဇာတိတဖန် ပြန်မဖြစ် ကံချုပ်ငြိမ်းရာ သစ္စာဆိုက်ဖို့ဆိုတဲ့ မူလတရားကနေ ချော်ထွက်ကုန်ပါတယ်။ ပါရမီနည်းသူများအတွက်သာ အရင်း မဆုံးလေအောင် ကုသိုလ်ကံပြုခွင့် ရှေ့ဆက်ဖြစ်ခွင့်၊ ပါရမီဖြည့်ခွင့်နည်းနိဿယများကို ထားခဲ့တာပါ။
တချို့ကြပြန်တော့ ဒိဠိ တောင်မပြုတ်သေးဘဲ ကိလေသာစင်ကြယ်သွားတဲ့ ဘုရား ရဟန္တာများ သိတဲ့အမြင်တွေနဲ့ ကိုယ်လိုရာ အဓိပ္ပါယ်ဖွင့်ကြပြန်ပါတယ်။ ဘုရားဟောတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ကလွဲရင် ဘာမှမမြဲ။ ပရမတ်သဘောအရ ဘုံဗိမ္မာန် သံဌာနမရှိ၊ ဖြစ်ခြင်းပျက်ခြင်းတောင်မဲ့လို့ အတိတ် ပစ္စုပ္ပန် အနာဂတ် မရှိ၊ သမထ ဝိပဿနာ မရှိ၊ ဘုရား ရဟန္တာမရှိ၊ ဝိဇ္ဇာ သိပ္ပံ မရှိ။ ပညတ်လို အတိုက်ဓာတ်နဲ့အခံဓာတ်ကြောင့်ဖြစ်တဲ့ အပွင့်ဓာတ်အပေါ် ဝိဇ္ဇာအမြင်နဲ့ အဝိဇ္ဇာအမြင်သာ ရှိတယ်။ ဝိဇ္ဇာအမြင်ကို အာသဝေါကိလေသာကုန်သွားတဲ့ အရဟတ္တဖိုလ်ဆိုက်သော ပရမတ်ဝိဇ္ဇာ ပညာညဏ်နဲ့ ဇာတိမချုပ်သေးတဲ့အရိယာ ပညတ်ဝိဇ္ဇာညဏ်လို့ အကြမ်းခွဲနိုင်ပါတယ်။
ပရမတ်ဝိဇ္ဇာညဏ် လုံးလုံးမဆိုက်သ၍ ဘယ်သူမှ လောကပညတ်ချက်တွေနဲ့ ကင်းလို့မရနိုင်။ ကိုယ်တိုင်က စိတ်မကုန်သေးသမျှ ကင်းလို့ဖြစ်ပါ့မလား၊ စဉ်းစားစေလိုပါတယ်။ ပရမတ်သစ္စာထိုက်ပြီး ဘုရား ရဟန္တာများတောင် ပညတ်သတ်မှတ်ချက်တွေနဲ့ ကင်းကွာမရလို့ အနန္တောအနန္တငါးပါး၊ လောက အကျိုး ဆွေမျိုးညာတကာအကျိုး ဆိုင်ရာဝေနေယျ အကျိုးစီးပွားများကို ငှဲ့ညှာပေးရပါတယ်။ ကိုယ့်မှာ ပညာညဏ်မဖြစ်သေးဘဲ အရိယာတို့ သိပြီးသလို ပစ္စုပ္ပန်ပရမတ်တဲ့တဲ့ရှုပြီး ပညတ်ကို မျက်ကွယ်ပြု လိုသူများ သတိချပ်စေရန်ပါ။ သမ္မဒိဠိ မှန်ကန်စွာသိမြင်ခြင်းသည် အကျင့်မဂ္ဂင်ရှစ်ပါးမှာ အစဖြစ်တာမို့ အသိမှန်ရန် မိမိအကျိုး၊ ဆွေမျိုးညာတကာအကျိုး၊ လောကအကျိုးအတွက် လွန်စွာအရေးကြီးကြောင်း စေတနာရှေ့ထား ဆော်ဩလိုက်ကြောင်းပါ။

6 comments

  • nigimi77

    February 10, 2011 at 6:15 am

    အလွန်ဖတ်လို ့ကောင်းတယ်။ ကိုကြောင်ကြီး။

  • ဆူး

    February 10, 2011 at 1:00 pm

    နီးလွန်းရင်လည်း မမြင် (မျက်တောင်မွှေး)
    ကြီးလွန်းရင်လည်း မမြင် (အထပ်မြင့်တိုက်ကြီး ထိပ်မှာ ရေးထားတဲ့ စာ အနီးကပ် အောက်နေ ဖတ်လို့ မမြင်နိုင်ပါ)
    ဘုန်းကြီး စာအုပ် တခုမှာ ဖတ်မိတာဘဲ။ မမှတ်မိတော့ဘူး ဘယ်သူလဲ ဆိုတာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 10, 2011 at 3:32 pm

    ဝေဖန်လိုခြင်း အလျှင်းမရှိလှပါဘူး
    ကိုကြီးကြော် ခင်ဗျ
    ဂင်္ဂ ါဝါလု သဲစုမကအောင်
    ပွင့်တော်မူခဲ့ပြီးကြလေသော
    ဗုဒ္ဓရှင်တော်ဘုရားအဆူဆူတို ့
    ကယ်ဆောင်ခြင်းငှာမတတ်သာတဲ့
    ဝေနေယျာတွေကို
    ငါဟဲ့ဘိုးတော် ဟုတ်ပါဘူး ကြောင်ကြီးဆိုပြီးများ
    ကယ်ဆယ်တော်မူနေပါသလားခင်ဗျ
    ဒါဆိုလျှင်လည်း
    ကိုကြောင်ကြီးရဲ ့ရွှေဉာဏ်တော်မှာ
    ရွာသားတွေ ကျက်စားနိုင်ဘို ့အရေး
    အာဘော်လေးကို နည်းနည်းလေးလျှော့လျှော့ပေါ့ပေါ့ရေးလျှင်ဖြင့်
    အကျိုးကြီးမည်ဟု
    အကြံပြုပါဂျောင်း

  • MaMa

    February 11, 2011 at 12:59 am

    ရေးထားတာတော့ ကောင်းပါတယ်။ သို့သော် (ကြောင်ပုဇွန်စားကြွပ်ကြွပ်ဝါးသကဲ့သို့ သင့်ကို တကျွတ်ကျွတ်နှင့် ဝါးစားမည်) ဆိုတဲ့ စာဖတ်ပြီး ကြားဖူးတဲ့ ပါးစပ်ကဘုရား ဘုရား၊ လက်က ကားရားကားရား ဆိုတာ သွား သတိရမိပါတယ်။ အဲလိုပြောတာမဟုတ်ဘူးနော်။ ဝါးစားမယ့် ဆောင်ပုဒ်ကြီးကို ပြင်လိုက်ရင်ကောင်းမယ်။ (အကြံပေးတာပါနော်။)

  • cobra

    February 11, 2011 at 8:19 am

    ပြောကုန်ကြပီ..
    ပြောကုန်ကြပီ..

  • manawphyulay

    February 11, 2011 at 12:27 pm

    ဦးကြောင်ရေ မနောက ပိန်းလို့လားမသိဘူး။ နှစ်ခေါက် သုံးခေါက်လောက် ပြန်ဖတ်ရတယ်။

Leave a Reply