လိုက်ဖက်

ashinindakaFebruary 10, 20111min1028

ရှင်အရဟံကြောင့် အနော်ရထာမင်းဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာတယ်။
ယုံကြည်ပြီးနောက် ပုဂံပြည်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့
အရေးအကြီးဆုံးအရာတွေကို ထားရှိပူဇော်လိုတယ်။
ဒီအတွက် အနော်ရထာမင်း ရှင်အရဟံအထံတော်မှ အကြံတောင်းတယ်။

ရှင်အရဟံက
ဘုရား တရား သံဃာရတနာသုံးပါးနဲ့ ပတ်သက်တဲ့
ဘုရားရတနာအတွက် ဘုရားရှင်ရဲ့ ဓာတ်တော်
တရားရတနာအတွက် ပိဋကတ်သုံးပုံ
သံဃာရတနာအတွက် ရဟန်းသံဃာတော်တွေကို
ပင့်ဖိတ် ထားရှိပူဇော်သင့်ကြောင်းမိန့်ပါတယ်။

ဒီမိန့်ကြားချက်အရ
အနော်ရထားမင်းကြီး ဘုရားရှင်ရဲ့ ဓာတ်တော်ရဘို့
သူ့ရဲ့သံတမန်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊
ကမ္ဗောဒီးယားနိုင်တို့အထိ စေလွှတ်ပါတယ်။
ဒါပေမဲ့ မရခဲ့ပါဘူး။

တရားရတနာအတွက် ပိဋကတ်သုံးပုံရဘို့ ရှင်အရဟံရဲ့ ဇာတိ
မွန်ပြည်နယ် သထုံမြို့ကို သံတမန်တွေစေလွှတ်ပြီး တောင်းခံပါတယ်။

မွန်ပြည်နယ်ကို အုပ်စိုးနေတဲ့ မနူဟာမင်းက
မောက်မောက်မာမာနဲ့ ပြောဆိုလိုက်လို့
ရရင်ရ၊ မရရင်ချ မူကို စွဲကိုင်ကာ
မရသည့်အဆုံး စစ်တိုက်ပြီး ပိဋကတ်သုံးပုံကို အရယူနိုင်ခဲ့ပါတယ်။
သထုံက မွန်ရဟန်းတော်များကိုလည်း ပင့်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မွန်ဘုရင် မနူဟာမင်းကိုပါ ဖမ်းဆီးပြီး
ပုဂံနေပြည်တော်ကို ခေါ်ဆောင်ခဲ့ပြီး အကျင်းချထားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရင်ဘဝတုန်းက ပုဂံကိုရောက်တော့ အတူသွားဖော် ပုဂံနယ်သားဦးဇင်းက
ပုဂံ တစ်နေရာမှာရှိတဲ့ အဆောက်အဦအောက်ထပ်လေးကိုပြပြီး
“ဒါ မွန်ဘုရင် မနူဟာမင်းကို အကျဉ်းချတဲ့နေရာပေါ့”
လို့ ပြောပြတာ မှတ်မိနေတယ်။

အဲ့ဒီအကျဉ်းချတယ်ဆိုတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ
မနူဟာဘုရားဆိုတာရှိတယ်။
မွန်ဘုရင် မနူဟာမင်း အကျဉ်းကျစဉ် အနော်ရထာမင်းထံ ခွင့်ပန်ပြီး
တည်ထားတဲ့ဘုရားလို့ ဆိုပါတယ်။
ပုဂံ မြင်းကပါ အရပ်မှာပါ။

ဘုရားဂူအတွင်း ရှေ့ဘက်မှာ ထိုင်တော်မူ ဆင်းတုတော်ကြီးသုံးဆူရှိပြီး
အနောက်ဘက်မှာ လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူရှိပါတယ်။
ဆင်းတုတော်ကြီးတွေဟာ တော်တော့ကို ကြီးပါတယ်။
စေတီဂူအတွင်း နေရာအပြည့်နီးပါးပါဘဲ။

ဆင်းတုတော်ကြီးဟာ
မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း
နေနေရသည့်ပုံပန်းသဏ္ဌာန်ဖြစ်နေပါတယ်။

ခရီးအတူသွား ပုဂံနယ်သားဦးဇင်းပြောပြတာက
မွန်ဘုရင် မနူဟာမင်းဟာ သူအကျဉ်းကျနေစဉ် ဘုရားစေတီတည်ဆောက်ပြီး
သူ့စိတ်ခံစားချက်ကို အနောရထာမင်းသိအောင် ပြသသွားတာလို့ ပြောပြပါတယ်။

ဒီမနူဟာဘုရားအတွင်းက သပိတ်ကြီးကလဲ အတော်ကြီးပါတယ်။
ဆင်းတုတော်နဲ့ လိုက်ဖက်အောင် လုပ်ထားတာ နေမှာပေါ့လေ။

ဒီနေရာမှာ ဖြူးမြို့နားက ကညွတ်ကွင်းဆိုတဲ့မြို့လေးမှာရှိတဲ့
ငါးထပ်ကြီးဘုရားက ဘုရားဆင်းတုတော်ကြီးကို သတိရမိတယ်။
ဒီဆင်းတုတော်ကြီးကလဲ အတော့်ကို ကြီးတာ။

တစ်နေ့ တောရွာက လယ်သမားတစ်ယောက်
ငါးထပ်ကြီးဘုရားဆင်းတုတော်ကြီးကို လာဖူးသတဲ့။
ဘုရားဖူးရင်း လယ်သမားဆိုတော့ လယ်အလုပ်ပဲ စိတ်ရောက်နေတာပေါ့။
ပထမဦးဆုံး ဘုရားဆင်းတုတော်ကြီးရဲ့ လက်တော်ကြီးကို
လယ်သမား ဖူးတွေ့ရတယ်။ မြင်တွေ့ရတယ်ပေါ့။

ဒီတော့ လယ်သမားက
“အားပါးပါး၊ လက်ကြီးက အကြီးကြီးပါလား၊ ဒီလောက်ကြီးတဲ့လက်ရှိတဲ့သူကို ငှားပြီး
ငါ့လယ်ထဲက စပါးတွေ ရိပ်လိုက်လို့ကတော့ ခဏလေးနဲ့ ပြီးသွားမှာ”
လို့ စဉ်းစားတယ်တဲ့။

အဲ့လိုစဉ်းစားရင်း ဆင်းတုတော်ကြီးရဲ့ လက်ကနေ တဖြေးဖြေးနဲ့ အပေါ်မော့ဖူးလိုက်တော့
ဆင်းတုတော် ပါးစပ်ကြီးကို တွေ့လိုက်ရသတဲ့။
ပါးစပ်ကလဲ ခန္ဓာကို အချိုးအစားနဲ့ညီအောင် အကြီးကြီး လုပ်ထားရတာပေါ့။

ဒီတော့ လယ်သမားက
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလောက်ကြီးတဲ့ပါးစပ်နဲ့ဆို
ငါ့လယ်ထဲက ထွက်တဲ့စပါး သူစားလို့ ကုန်လိမ့်မယ်”
လို့ ပြန်စဉ်းစားမိပြန်သတဲ့။

လူများ တယ်ခက်ပါလားနော်၊

ဘုရားဆင်းတုတော်ဖူးနေတဲ့အချိန်တောင်
ကိုယ့်အလုပ် ကိုယ့်စီးပွါးရေးကို အလွန်အမင်းသတိရနေကြတယ်။

8 comments

  • ဆူး

    February 10, 2011 at 1:35 pm

    မနူဟာ ဘုရင်နဲ့ ပတ်သတ်လို့ တလောကနဲ့ တွေ့လို့ ကြားမိတာ တခုရှိပါတယ်။ မနူဟာ ဘုရားကို တည်ပြီး ရေစက်မချရသေးခင်မှာ ထွက်ပြေးတာ ရေနစ်ပြီး အဲဒီနားက တောင်မှာ တောင်စောင့်ကြီး ဖြစ်နေတယ်တဲ့။ မြသပိတ် တောင် ဆရာတော် ဆိုလား သေချာတော့ မသိတော့ဘူး အဲဒီ တောင်နားက ဘုန်းကြီးကျောင်းမှာ ထိုင်တဲ့ ဆရာတော် တပါးဘဲ။ တောင်စောင့်ကြီး ဖြစ်နေတာ ဘုရားကို ရေစက်မချရသေးတာ စိတ်စွဲနေလို့ မကျွှတ်ဘူး ဖြစ်နေတာ ဆရာတော် ထံ မေတ္တာတောင်းခံပြီး အမျှဝေလို့ ကောင်းတဲ့ ဘုံဘဝ ရောက်နေပေမဲ့ အဲဒီ အလှူကို ရေစက်ချချင်လို့ ဆွေတော်မျိုးတော်တွေ ဒီခေတ်မှာ ဘယ်သူ လူဖြစ်နေလဲ လိုက်ရှာနေတယ် ဆိုလား။ သူ့ အလှူကို ရေစက်ချပေးဖို့ ကူညီခိုင်းမလို့တဲ့။ ကြားမိတာလေးပါ။ ယုံချင် ယုံ မယုံရင် ပုံပြင် သာမှတ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 10, 2011 at 3:14 pm

    ဒီဇာတ်လမ်းကတော့ သေချာလေ့လာကြည့်ရင်တော်တော်သုံးသပ်စရာတွေများလှပါတယ်
    အဲ့သည်ဘုရင် သေသည့်နောက် ဘာဖြစ်သည်ကတော့
    ပုဂ္ဂိုလ်ထူးများ စာအုပ်မှာလည်း ပါဝင်ပါတယ်
    ဒါက ဝေဖန်ဖို ့သိပ်အလိုမရှိလှပါဘူး ဘုရား
    ဒါပေမယ့် ခေတ်ကာလအနေနဲ ့သုံးသပ်မယ်ဆိုရင်
    အဲ့သည် သထုံပြည်ပျက်ရတာ အလွန်ညံ့ဖျင်းတဲ့ ဘုရားမသိ တရားမသိတဲ့ ဘုရင်ကြောင့်လို ့
    ပြောလို ့ရပါတယ်
    အနော်ရထာမင်းက သာသနာတော်ကို လာရောက်ပင့်ဆောင်စေတဲ့အချိန်မှာ
    သူ ဓမ္မတရားကို နားမလည်လို ့ဒီလိုပြောခဲ့တာဖြစ်ပါတယ်
    ရှင်အရဟံနေရာကနေကြည့်ရင်
    ရဟန္တာကြီးအနေနဲ ့အနာဂတ်ကို သိ၏မသိ၏က တစ်ပိုင်းသွားပါမယ်
    သေခြာတာ
    အဲ့သည်အချိန် အဲ့သည်ဒေသမှာ ဂမ္ဘီယတွေ ဘာတွေ ကြီးစိုးနေလောက်ပါတယ်
    ဟို …
    ရေမျောကမ်းတင် ဗျတ်ဝိတို ့အောင်ပုတို ့ရဲ ့
    ပါးစပ်ရာဇဝင်တွေကို ထောက်ရှုကြည့်တာပါ
    ဒီနေ ့ခေတ်မှာတောင် ယတြာလိုလိုဘာလိုလို
    ဘုရားတွေတည်နေကြတာဘဲလားနော
    ဘာဘဲဖြစ်ဖြစ် မှတ်သားသင့်တာကတော့
    ဗုဒ္ဓဘာသာ အမည်ခံပြီး ဘာသာတရားကို သေခြာနားမလည်ဘဲနဲ ့
    တစ်ခြားဘာသာတွေကို ခါးခါးသီးသီး
    ပြောဆိုတာကြောင့် ဖြစ်ခဲ့ရတဲ့ သမိုင်းတွေလို ့သင်ခန်းယူသင့်ပါတယ်
    အဲ့သည်အချိန်မှာသာ
    မွန်ဘုရင်က အနော်ရထာကို
    သာသနာပြုခွင့်ပေးခဲ့မယ်ဆိုရင်
    မွန်နဲ ့ဗမာ နှစ်ပြည်ထောင်ချစ်ကြည်ပြီး စည်းပွားရေးတွေတိုးတက်မယ်
    နည်းပညာတွေဖလှယ်ပြီး နျူကလီးယားတွေထုပ်မယ်
    အိမ်နီးချင်းနိုင်ငံတွေက မွန်ဗမာတွေကို ဖိန် ့ဖိန် ့တုန်အောင်ကြောက်မယ်
    တရုပ်မတွေက
    မြန်မာပြည်ထည်းမှာ အလုပ်အကိုင်တွေ လာပြီးလုပ်ကိုင်ကြတော့
    မြန်မာပြည်ထဲမှာ တရုပ်မတွေ ဖောဖောသီသီရှိမယ်
    နောက်ပြီး………
    ဆရာတော် အာပါတ်သင့်မှာကြောက်လို ့..
    မဟုတ်လို ့ကတော့…ဟင်းးးးးး 🙂 🙂 🙂

    • ashinindaka

      February 10, 2011 at 10:49 pm

      ဆရာတော်အာပတ်သင့်မှာကြောက်တဲ့ ဒကာပုကတော့ လုပ်ချလိုက်ပြန်ပြီဟေ့။

  • bigcat

    February 11, 2011 at 3:48 am

    မနူဟာမင်း အပြောအဆို မတတ်လို့ဆိုတာ သထုံကိုသိမ်းဖို့ ဆင်ခြေတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ် အရှင်ဘုရား။ စဉ်းစားကြည့်တာ အနော်ရထာမင်းကလည်း ဘယ်လိုပုံစံမျိုးနဲ့ သွားတောင်းသလဲမ ှမသိတာ။ ဘုရင်အစား ရှင်အရဟံလို ရဟန်းတော်များက ဦးစီးဆောင်ရွက်သင့်တဲ့ ကိစ္စလို့ထင်ပါတယ်။
    ကြံဖန်စဉ်းစားမိတာ မနူဟာမင်းတည်ထားခဲ့တဲ့ ဆင်းတုတော်ကြီးသုံးဆူသည် မူလက အမိုးအာကာမဲ့လား၊ လက်ရှိအဆောက်အဦးနဲ့ တခါထဲတွဲသလား။ မနူဟာမင်းကို နာမ်နှိမ်တဲ့အနေနဲ့ နောက်ပိုင်းမှ ကွက်တိအဆောက်အဦး ဆောက်လိုက်တာရော မဖြစ်နိုင်ဘူးလား။

    • ashinindaka

      February 11, 2011 at 4:24 am

      စဉ်းစားမယ်ဆို စဉ်းစားစရာတွေချည်းပဲပေါ့။ ပုဂံရာဇဝင်ပြောရင် ဒုတ်ထမ်း၊ ဓားထမ်းပြီး ပြောရတယ်ဆိုလားပဲ။ အခုခေတ်ဆိုရင်တော့ သေနတ်ပါထမ်းပြောရမှာ။ ဆိုလိုတာကတော့ ငြင်းခုံစရာတွေအများကြီးလို့ပြောတာ။ ကဲ။ သေနတ်အရင်ထမ်း ဒကာကြောင်ကြီး။ ပြီးမှ ဆက်ငြင်း။

  • ဆူး

    February 11, 2011 at 7:43 am

    သေနပ်ထမ်းပြီး ဒကာ ကြောင်ကြီး စစ်မှု ထမ်းမလို့ပါ ဘုရား မကြောက်ပါနဲ့။ တိုင်းပြည် အတွက် ကြောင်မျိုး ကြောင်နွယ်တွေ သိက္ခာတက်အောင် ရှေ့ဆုံးက သေနပ်ထမ်းပြီး နယ်စပ်ကို သွားမှာပါ ဘုရား ပြန်လာမည် မဟုတ်တော့တဲ့ အတွက် ဆက်မငြင်းနိုင်တော့ပါဘူး။ အဆင်ပြေသွားမှာပါ။

  • kai

    February 11, 2011 at 8:28 am

    ဒီခေတ်ကတော့ .. Carbon 14 Dating Test နဲ့ သမိုင်းနှစ်သက်တန်းတွေ စစ်ဆေးနိုင်..။ အနုကြည့်မှန်ပြောင်း၊ ဒီအန်အေ၊ မျိုုးရိုးဗီဇတွေ တိတျကျကျ စစ်ဆေးနိုင်တဲ့ နည်းပညာခေတ်ဖြစ်တာမို ့ ပုဂံရာဇဝင်..ဘုရာသမိုင်းတွေ .. ဓါးတွေသေနတ်တွေ ထမ်းငြင်းစရာ .. မလိုလောက်ဖူးထင်ပါတယ်ဘုရား..။
    စစ်ဆေးခံနိုင်တယ်ဆိုရင် ..မနူဟာ ဘုရားကို အိပ်စ်ရေးရိုက်..။ အယ်ထရာဆောင်းရိုက်.. ကာဗွန်၁၄ တက်စ်လုပ်လိုက်ရင် ..သမိုင်းမှန်တချို ့..ဗူးပေါ်သလိုပေါ်ပါတယ်..။
    ==
    ပြောရရင် ..ဒီအထဲက သမိုင်းဆောင်းပါးတပုဒ်ဘာသာပြန်မှာ .. အလောင်းဘုရားက ရန်ကုန်သိမ်းတော့ ..မွန်ရဟန်းတွေထောင်ချီ ဆင်နဲ့နင်းသတ်ခဲ့တဲ့အကြောင်း ပါတယ်..။
    အင်္ဂလိပ်ကလည်း အဲဒီအချိန် ပုသိမ်ဖက်တပ်စွဲထားပြီဖြစ်တာမို ့..သူတို့ စံနစ်တကျတင်ထားခဲ့တဲ့ မှတ်တမ်းပါ..။

    ပြန်ရှာတင်ပေးပါဦးမယ်..။

  • zawana

    February 11, 2011 at 8:58 am

    ကိုခိုင် ပြောတဲ့ အကြောင်းအရာကို “ဟံသာဝတီ မကျဆုံးမီ နေ့ရက်များ”

    http://myanmargazette.net/22489/arts-humanities

    မှာ ဖတ်ရှုနိုင်ပါတယ် ဘုရား။

Leave a Reply