(5)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘ၀”(ဦးကြီ်း)

“ဆယ်အိမ်မင်းစည်းစိမ် “

စည်းစိမ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင်၊
နှစ်ယောက်ကယ်ထိုင် ယှဉ်လက်ပြိုင်ကျယ်စပျစ်ကယ်နှင့်၊
ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊
ကြွက်နဖား ပုန်းရည်ကျိုသည်၊
အလိုဗျာ စားပုံတင့်ပါဘိ၊
ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။

စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊
ရသာချမ်းငြိမ် အခြင်မြေသက်၊
ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်၊
စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့၊
ကုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ၊
မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း၊
မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ
ထယ်မင်းပုံ နေလိုက်တယ်၊
နွားရေပြန့်အပေါ်မှာ ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ
သူအိပ်တယ်လေး။
“ဒြပ်ကြီးသည့် သမီးပျိုခင်”

သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊
အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊
ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊
ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊
သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊၀တ်စားငယ်ဆင်သယ်၊
အလိုမမြင်ဝံ့ပါလားနော်အဝေး။
အဘိုးတန်ရာ ဆင်သည်မှာလဲ၊
ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။
ရွှေချည်ဝတ်မှာ လက်စွပ်တွေရံလိုက်လို့၊
ခေါက်ပြန်ကျောရင် ၊ကျောက်ပုတီးညီအောင်ဆင်လို့၊
အင်မတန့်အနေမှာ သူအမေဆယ်အိမ်မင်းပေမို့ တင်းလှတယ်လေး။

ဒီကဗျာလေးကတော့ တောရွာတစ်ရွာက ဆယ်အိမ်ခေါင်းမင်းတစ်ယောက်စည်းစိမ်ဘယ်လို
ခံတယ်ဆိုတာလေးကို ပြုံ့းစဖွယ် ရေးပြထားတာလေးပါဘဲ။
ရှေးကတောရွာတွေမှာအုပ်ချုပ်သူလူတန်းစားဆိုတာအားလုံးကလေးစားကြောက်ရွံ့ရတဲ့သူတွေလဲ
ဖြစ်ကြပါတယ်။

“ပြုံးမိတယ် “

လယ်ကညို့ငယ်နှင့် မယ်တို့ရဲ့တောရွာ၊
ကောက်ငန်းငယ်သာ သင်းပြာပြာဝေ ခတောက်ကယ်နှင့်၊
လေသောက်ရာထုံကြူ မစုံသူ ဖော်မလွမ်းသော်ကော့၊
ကန်စွန်းငယ်ရေဖောင်ဆင်လို့ ယဉ်လှတယ်လေး။
စစ်စလီငယ် ပြာပီရေကြက် မောက်တင်ငှက်တို့၊
လက်ကွက်တခို ရိုးကျလျှိုက၊
လူလိုဘဲကြင် လွမ်းစထွင်လို့၊
မရွှင်နေကုန် သည်တ၀ှမ်းမှာလ၊
အလွမ်းသာဆုံတော့ ဖော်မစုံတကိုယ်မှာ၊
ရွှေမိုးညိုပတ်ကာချုန်းပါလို့ ပြုံးမိတယ်လေး။

“မန်ကျည်းသီး”
ထန်းစေ့ခွက်ကယ်နှင့် လက်ဖက်ကိုထည့်ကာ၊
တောငယ်ကလာ အိတ်ထဲမှာဘာပါသတုံးလို့၊
နှိုက်ကာမေးတဲ့ အမိရယ်လေး။
ငယ်ငယ်တုန်းကလုံးထားကထစ်၊
ကျည်းချောင်ကျစ်ကယ်နှင့်
အဆစ်ကယ်ခွေခွေ မန်ကျည်းသီး၊
မောင်ကြီးချွေခဲ့တယ်
အိမ်နေသူအသာရုံ့လို့ မြုံ့တော့ကွယ်လေး။
“ အမရွာပြန်“

မလွမ်းသင့်သော်ကော့ ခွန်းဆင့်ငယ်ညီးကာ၊
ညဉ့်ဆည်းဈာမှာ ရွှေဘုတ်ဝါ ပင်ညိုငြိမ့်ငယ်က၊
နေနိမ့်လို့ သူအီ သီကရီ လှမ်းပါရတယ်လေး။
ယောက်ထည်းငယ့်တကိုယ် လျင်စလိုငယ်၊
ခင်လျှိုရေကျ သည်တောစက ၊
အမရွာပြန် ဖားအိုးအံနှင့်၊
ထက်သန်စီစီ ခရုချီလို့၊
နေရီမူန်မှင် အောင်တုတ်ကယ်ရောပါလို့၊
မြောက်တောသူဝင်ခဲ့တယ်၊
ရွာအပြင်တခိုမှာ ရွှေမိုးညိုတကိုယ်ရွှဲငယ်က
သဲခဲ့ပြီလေး။

“ စိုးလှပါတယ်“
သပြေကသီးသနှင့် ရေကြီးငယ်ဘောင်ဘင်၊
ထွန်ရေးငယ်ငင်သည် ပျို့ဦးရင် အပြန်ခက်ရှာလိမ့်၊
တဘက်က ချောင်းကာသည် ရွှေညာမှာ ညိုတဲ့မိုးငယ်မို့
ပျိုစိုးတယ် မောင်ငဲ့လေး။

ခါးမင်ကြောင်ငယ် ရွှေရောင်ဘယ်ဝေ့၊
အမယ်လေးဆိုတုန်းက ပျိုပုန်းလို့တွေ့သူမို့၊
တနေ့သာသာ တညဉ့်ကွာမူ၊
ဗျာပါသဲနင် တစ်နှစ်ထင်လို့၊
မရွှင်တမျှော် ရေရှင်တားလို့၊
ရက်အားပုံပေါ်ချည့် ချောင်းကျော်တဲ့လယ်နှယ်ကို၊
ကိုယ်တာတွယ် မစုံမက်သာဘူ့ တောတက်ဖေလေး။

“ကျွေးချင်လှတယ်”
ခါတလှဲ့ လာခဲ့ပကျုပ်တို့ဆီ၊
ရာသီရောက်ကပေါ့
ဖားကင်ခြောက်ကျပ်တင်ဟာကို ငရုတ်ဝါစပ်တူထောင်းပါလို့၊
ဧည့်ကောင်းမို့တမင်ဆော် ။
တို့ကြီးတော်နွေကလှန်းပါတဲ့ ခရမ်းခြောက်ကျိုပုန်းရည်၊
တူနှစ်မည်ဆင်တဲ့ဟင်း။
ထမင်းပုသိမ်ဆန်နှင့် ကိုရင်ကိုကျွေးချင်လှတယ်။

ပဲနောက်နှင့်ပြောင်းဆန် ကောက်သားငယ်ရံ၊
ဝေဖန်နှောယှက် ရောကာချက်လို့၊
ပြောဘက်ကယ်မမြင်။
သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို
ခင်မင်ဖွယ်ရာ သည်ချိန်ကိုလာခဲ့ပ၊
တောရွာသူ့ခံ့ပုံကို
အသားကုန်လက်ပြိုင်ဆွဲလို့၊ နွှဲစေ့မယ်လေး။

“ လာခဲ့ပကျုပ်တို့ရွာ“

ခါတလှဲ့ လာခဲ့ပကျုပ်တို့ရွာ၊
ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘူ့၊
ရွာမြောက်က မန်ကျည်းစင်။
ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊
ကြောက်စဖွယ်မျက်နှာထားပါလို့၊
ရွာသားတွေအာဏာကြို့ရ၊
မင်းပြည်စိုးအိမ်အိုတောင်မှာ
အခေါင်စောက်နှင့်တဲကိုလေး။

ဖျာမလွန် နွားခွံအခင်း
မြေတလင်းမှာနေခင်းပျော်အင်၊
လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊
အိမ်လုံးသာညံတော့၊
သန်းယံချိန်ကျော် လူချင်းကိုလှ၊
အပျင်းပြေဖျော်ရအောင်၊
လုံးတော်ပုပြောင်းဆန်ကို
ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊
ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။

“ နှမလိပ်ပြာရွှင်စေ့မယ် “
ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊
သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊
သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊
ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းဘိုကရိုနှင့်၊
အကို့ ကိုဘမ်းပြလိုက်မယ်လေး။

တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊
နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊
အသက်ကယ်နှင်းဆောင် ။
နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊
ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊
ရွှေလိပ်ပြာရွှင်စေ့မယ်၊
ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊
ခြေရေကုန်လည်ဆံကမ်းချိန်မှ ဘမ်းပမယ်လေး။

အများအားဖြင့် “ဦးကြီး “ ရဲ့လွမ်းချင်းကဗျာတွေက သူတို့နေထိုင်ရာ ရွာလေးက ဘယ်လိုသာယာတယ်၊
သူတို့ရွာက တောသူများက မြို့သူများအတိုင်းယဉ်ကျေးတယ်၊ နေ့စဉ်ချက်ပြုတ်စားသောက်ကြတာကလဲ
တောထမင်းတောဟင်းပေမယ့်လည်း မညံ့ပါဘူ.း၊
သူတို့ရွာတွေကို အလည်လာမယ်ဆိုရင် ဧည့်ဝတ်ကျေအောင်ဘယ်လိုဧည့်ခံမယ်ဆိုတာကို ဖွဲ့ဆိုထားတာရယ်၊
ရိုးသားတဲ့တောသူမလေးရဲ့ သူ့ချစ်သူကိုလွမ်းတဲ့အကြောင်းတွေကိုရယ် လှပစွာဖွဲ့ဆိုထားတာများပါတယ်။
စကားအဆန်းမထွင်ဘဲဖတ်သူရဲ့ရင်ထဲကို လျှောခနဲ့ရောက်သွားအောင် နေ့စဉ်သုံးစကားတွေနဲ့ ရိုးရိုးလေးရေးဖွဲ့
ထားတဲ့ လှပသောကဗျာလေးတွေ ဆိုတာကတော့ အမှန်ပါဘဲ။
ဒါတွေကတော့ရှေးစာဆိုဦးကြီးးရဲ့တောဓလေ့လွမ်းချင်းလေးတွေပါဘဲ။

အခုနောက်ဆုံးတစ်ပုဒ်ကတော့ ထူးခြားတဲ့ ကဗျာလေးလို့ပြောရင် ရပါတယ်။
အိမ်အတွက် ဟင်းစားရှာတဲ့ မုဆိုးတစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတာပါ။
ဒီကဗျာလေးက ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့ကဗျာလေးလဲဖြစ်ပါတယ်။

“လေးထမ်းတဲ့ဖေ “
တောင်ခါးပန်းရယ်နှင့် ခင်တန်းကုန်းငယ်မြောင်၊
ကျော့ကွင်းကိုထောင်သည် ခွေးညီနောင် တခင်ခင်နှင့်၊
ယုန်ရှင်ကို ဘမ်းခဲ့ပ လေးထမ်းတဲ့ သည်ဖေကို၊
တဲအိမ်နေကြင်သူက တအူအူ ဟစ်ခေါ်လို့၊
အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင် အကျွန် ကျွနုပ် ၊
ယုန်တတုတ်ကို ခွာဆုတ်ရေလှန်၊
ကျပ်ခိုးခံလို့ ။
ပန်းရန်န၀ါ ရွက်နုညှာကို ၊
ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊
ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊
ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်၊
အာခေါင်မှာ ပူအောင်ထဲ့လို့ မျိုလှဲ့ကွဲ့လေး။
ကိုပေါက်လက်ဆောင် (ရှေးကဗျာများကို ပြန်လည်ကူးယူဖော်ပြခြင်း)(ပြီးပါပြီ)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။