ရွှေထီးဆောင်းခဲ့တဲ့အချိန်

ashinindakaFebruary 11, 20111min1014

ပုဂံပြည် ရှင်အရဟံရောက်ပြီးတဲ့နောက် အနော်ရထာမင်းနဲ့ပြည်သူအများ
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပြီး သာသနာရောင်ဝါထွန်းလင်းခဲ့တယ်။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာရဟန်းတော်များ ပါဠိစာပေကျမ်းဂန်တွေကို
(အထူးသဖြင့် ပါဠိသဒ္ဒါကျမ်းတွေကို) ရေးသားနိုင်တဲ့အထိ
ထူးချွန်တတ်မြောက်လာကြတယ်။

သီဟိုဠ်ဘုန်းကြီးတွေက သူတို့နိုင်ငံက ရေးသားထုတ်ဝေတဲ့
ကစ္စည်းသဒ္ဒါလိုမျိုး ပါဠိသဒ္ဒါကျမ်းတွေနဲ့ မာနတက်နေပြီး
မြန်မာဘုန်းကြီးတွေကို ဘာမှမတတ်ဘူးလို့ အထင်သေးနေတဲ့အချိန်၊

ပုဂံခေတ်မြန်မာရဟန်းတော်တစ်ပါးဖြစ်တဲ့ ရှင်အဂ္ဂဝံသက
သဒ္ဒနီတိလို ပါဠိသဒ္ဒါကျမ်းကြီးကို ရေးသားထုတ်ဝေလိုက်တော့
“မြန်မာဘုန်းကြီးများလဲ ပါဠိစာပေအတော့်ကို တတ်သကိုး၊ ဒို့နိုင်ငံမှာရှိတဲ့ ပါဠိသဒ္ဒါကျမ်းထက် မြန်မာဘုန်းကြီးရေးတဲ့ပါဠိသဒ္ဒါကျမ်းက ပိုကောင်းတယ်ဟေ့” ဆိုပြီး
သီဟိုဠ်ရဟန်းတော်များ ပုဂံခေတ်မြန်မာရဟန်းတော်များကို
ဦးအကြိမ်ကြိမ်ညွတ်ကာ ပြန်လည်မော်ကြည့်လာရသည်အထိ ဖြစ်ခဲ့ဘူးပါတယ်။

ဒို့ခေတ်မှာလဲ ဘယ်သူကများ သီဟိုဠ်ရဟန်းတော်များ မော်ကြည့်လာအောင်
စွမ်းဆောင်နိုင်မလဲ?

ကြားဘူးတာလေး ပြောကြည့်ချင်တယ်။
ဟုတ်မဟုတ်တော့ မသေချာပါဘူး။

မြန်မာပြည်က တိပိဋက (ပိဋကတ်သုံးပုံ) အောင်ပြီးသားဆရာတော်တစ်ပါး
သီဟိုဠ်နိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
အစည်းအဝေးပြီးတော့ ခန်းမထဲက ထွက်တဲ့အချိန်
မြန်မာပြည်က ပိဋကတ်သုံးပုံအောင်ထားတဲ့ ဘုန်းကြီးရောက်နေတယ် ဆိုတာသိတော့
သတင်းထောက်တွေက ဝိုင်းအုံလာတာပေါ့။

အင်္ဂလိပ်လို ပြောကြည့်တယ်။ အင်္ဂလိပ်လို မေးပါတယ်။
တိပိဋကဆရာတော် နားမလည်ပါဘူး။ ဘာမှကို မသိပါဘူး။
ပါဠိလို ပြောတယ်။ မေးပါတယ်။
ပိဋကတ်သုံးပုံအောင်ထားတဲ့ဆရာတော်က
ပရိစယော နတ္တိ လို့ပြောသတဲ့။
အဓိပ္ပါယ်က အလေ့အကျင့်မရှိလို့ မပြောတတ်ဘူး ပေါ့။

သတင်းထောက်များက ‘ဟာကွာ’ ဆိုတဲ့စကားမျိုးပြောပြီး
နောက်ဆုတ်ပြန်ကုန်သတဲ့။

ဒီအဖြစ်အပျက်လေးက သူများပြောတာ ကြားဘူးတာပါ။
ဟုတ် မဟုတ် မသေချာပါဘူး။

ဟုတ်ခဲ့ရင်လဲ ပိဋကတ်သုံးပုံအောင်ပြီးသားဆရာတော်မှာ အပြစ်မရှိပါဘူး။
အင်္ဂလိပ်စကား သူမှ မသင်ဘူးတာ၊ ဘယ်ပြောတတ်မလဲ။
ပိဋကတ်သုံးပုံသာ သူအောင်ထားတာ၊ ပါဠိစကားပြော အလေ့အကျင့်မရှိတော့
သူ ပါဠိစကား ဘယ်ပြောတတ်မလဲ။

ဒါပေမဲ့ ဒီလိုမျိုးတွေ မဖြစ်အောင် ဒို့နိုင်ငံ ဘုန်းကြီးများပညာရေး
ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ။

ဗုဒ္ဓဘာသာနိုင်ငံတွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေ
ကိုယ့်ကို ပညာရေးနဲ့လေးစားလာအောင်
(ပုဂံခေတ်ကရဟန်းတော်တွေကို မော်ကြည့်လာသလို
ဒို့ခေတ်ရဟန်းတော်တွေကို မော်ကြည့်လာအောင်)
ဘယ်လိုပညာရေးမျိုးတွေ ပြဌာန်းသင်ယူ သင်ပေးသင့်သလဲ။
ဝိုင်းဝန်းစဉ်းစားရမှာပါ။

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဗိသုကာအတတ်ပညာတွေလဲ
အတော်လေးကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဆိုတာ သိရတယ်။
ကျန်စစ်သားလှူဒါန်းထားတဲ့ အာနန္ဒာစေတီတော်ကြီးအပါအဝင်
စေတီပုထိုးတွေကို ကြည့်လိုက်။
ပုဂံခေတ်က အင်ဂျင်နီယာတွေ ဘယ်လောက်တော်တယ်ဆိုတာ အထင်အရှားတွေ့မြင်ရမှာပါ။

ပုဂံခေတ်ရဟန်းတော်များသာ ဗုဒ္ဓဘာသာစာပေတတ်ကျွမ်းကြတာမဟုတ်ဘူး။
တိုင်းသားပြည်သူတွေလဲ ပါဠိစာပေတတ်ကျွမ်းကြတယ်တဲ့။
မင်းမှုထမ်းနေတဲ့ အမတ်ကြီးတစ်ယောက်ဆို
ပါဠိကျမ်းစာ ဋီကာတစ်အုပ်တောင် ရေးသွားခဲ့တယ်။

ပုဂံခေတ်ပြည်သူပြည်သားများလဲ ပါဠိစကားပြောလောက်ကတော့ အေးဆေးပဲတဲ့။
ဗိုင်းငင်ရင်း၊ ရေခပ်ရင်း၊ လယ်ထွန်ရင်း ပါဠိဂါထာတွေ သီကုံးလေ့ရှိသတဲ့။
ပါဠိစကားတွေ ပြောလေ့ရှိသတဲ့။

အော်၊ ခုခေတ်များတော့ ပါဠိစကားမပြောနဲ့။
ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တော့ဘူး။

ဗမာစကား မပြောတတ်တာနဲ့ပတ်သက်လို့
မနက်ဖန်ကျမှ ပုံပြင်လေးတစ်ပုဒ်ပြောပြအုံးမယ်။

4 comments

  • bigcat

    February 11, 2011 at 3:24 am

    မှတ်သားဖွယ်ရာ အလွန်ဖြစ်ပါသည်။ အရှင်ဘုရားထံမှ မြန်မာပြည် ပရိယတ္တိစာပေ အဆင့်အတန်း ထင်မြင်သုံးသပ်ချက်ကို ပိုမိုဖတ်လိုပါသည်။ မြန်မာပြည်မှ ပါဠိပါရဂူအချို့ ပါဠိစကားမပြောတတ်ဆိုတာ အရင်ကကြားဖူးနားဝရှိပါသည်။ နိုင်ငံတကာနှင့်ဆက်ဆံမှု နည်း၍ဖြစ်သည် ထင်ပါသည်။ ကျနော့်ဘကြီး ဘီစီအက်စ်အရာရှိပြောဖူးတာ ဦးနုပါလီမန်ခေတ်တုန်းက သူ့လိုအရာရှိပေါက်စများ အင်္ဂလိပ်ရုပ်ရှင် သွားကြည့်တာ ဘယ်သူမှ အပြည့်အဝပြောတာ နားမလည်၊ ကိုလိုနီခေတ်မှာ မျက်နှာဖြူများနဲ့ နီးစပ်ခဲ့သူ ရုံးစောင့်ကုလားအဖိုးကြီးက ပိုနားလည်တယ်လို့ ပြောဖူးပါတယ်။

    • ashinindaka

      February 11, 2011 at 4:20 am

      ဒကာကြောင်းကြီး။ မြန်မာပြည် ပရိယတ္တိပညာရေးအဆင့်အတန်းနဲ့ ပတ်သက်ပြီး မန္တလေး၊ သာသနာ့တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းမှာ ရေးဘူးတယ်။ မြန်မာပြည်က မဂ္ဂဇင်းဆိုတော့ မထည့်လောက်ဘူး မှတ်နေတာ။ ထည့်တယ်ဗျာ။ အဲ့ဒါကို ဖတ်ချင်ရင် ဒီလင့်ကို သွားဖတ်။

      http://www.dhammagarden.com/2010/10/blog-post_16.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 11, 2011 at 7:24 am

    ခေတ်ကာလအလိုက်
    ရဟန်းသံဃာတွေ ခေတ်ပညာတွေလေ့လာစည်းပူးသင့်တာကတော့မှန်ပါတယ်
    ဒါကလည်း အကြောင်းတစ်ခုပါ
    အဘိဓမ္မာသဘောအရ 🙂 🙂 🙂
    ပိဋကတ်သုံးပုံအောင်ပြီးသားဆရာတော် ကြီးက
    လောကုတ္တရာဘောင်ထဲကပါ
    ဒါကြောင့်မို ့
    ခေတ်စကားကို မတတ်တိုင်းနဲ ့
    အဝိဇ္ဇာတော့မဖြစ်သွားပါ
    ကြုံလို ့ပြောရလျှင်
    ထို ပိဋကတ် တော်များကို တတ်စွမ်းသ၍ မိမိတို ့တတ်နိုင်သလောက်
    အာဂုံဆောင်နိုင်သူ
    ရဟန်း ရှင် လူ များကို ရှိခိုးပါတယ်
    ဘာဖြစ်လို ့လဲဆိုတော့
    ကိုယ်တိုင်ကျက်မှတ်ကြည့်မှ သိရလို ့ပါ

  • ချစ်စ/ဆ ရာ

    February 11, 2011 at 7:27 am

    ဟုတ်ကဲ့
    မှတ်သားထိုက်ပါတယ်
    အဘိဓမ္မာဆရာ
    မိုက်ကယ်ဂျော်နီအောင်ပု ခင်ဗျ
    ဘယ်သူများမြှောက်ပေးထားသလဲမသိဘူး
    တစ်ဘိဓမ္မာတည်း
    ဘိဓမ္မာနေတဲ့
    အိုဗျ
    အဘိဓမ္မာဆရာရဲ ့

Leave a Reply