ဆူးလေစေတီတော်တွင် ့ကပ်လှူထားသော ရွှေပြားများပျောက်ဆုံး

nyimalayFebruary 11, 20111min1216

ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီ၌ ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက် နံနက် ၄ နာရီခန့်က ယင်း ရွှေသင်္ကန်း ရွှေပြားများထဲမှ အလေးချိန် ၉ ကျပ်သား ခန့်ရှိ ရွှေပြား ၁၈ ချပ် ပျောက်ဆုံးသွားကြောင်း သိရသည်။
 
            တချပ်လျှင် အရွယ် ၉ လက်မ ပတ်လည်ရှိ ပျောက်ဆုံး ရွှေပြားများ၏ ကာလတန်ဖိုးမှာ ကျပ် ၅၄ သိန်းခန့် ရှိကြောင်း၊ ရွှေပြား ပျောက်ဆုံးမှုကို ကျောက်တံတား မြို့နယ် ရဲစခန်းမှ တဆင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အား အမှုဖွင့် တိုင်ကြားထား ကြောင်း ဆူးလေ စေတီ ဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။
 
 
          “ရွှေပြား တချပ်ချင်းစီကို မူလီစုပ် ကပ်လှူနေတာဖြစ်ပါတယ်။ အခုဟာက မူလီစုပ်ပြီး ရွှေပြားတွေ အခိုးခံလိုက်ရတာပါ”ဟု ၎င်းက ပြောဆိုသည်။ စေတီတော်၏ ရွှေပြားကပ် လုပ်ငန်းခွင် အတွင်း CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည့်ကြားမှ ယခုကဲ့သို့ ရွှေပြားများ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု စေတီတော် တာဝန်ကျ လုံခြုံရေး ဝန်ထမ်းတဦးက ဆိုသည်။
 
         “အခုလို ပျောက်ဆုံးမှုမျိုး မဖြစ်ပေါ်အောင် စေတီက ပထမ ငြမ်း၊ ဒုတိယ ငြမ်း၊ တတိယ ငြမ်း၊ စတုတ္ထ ငြမ်းနဲ့ အောက်ခြေဝင်ပေါက် မှာ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်နေတဲ့ကြားက အခိုးခံလိုက်ရတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆူးလေ စေတီ ၌ CCTV ကင်မရာ တပ်ဆင်ခြင်းကို ၂၀၀ရ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ မုခ် ၄ မုခ်နှင့် ဆူးလေ ဘိုးဘိုးကြီး နန်း ၌ ယခင် ကတည်းက တပ်ဆင်ထားခဲ့ကြောင်း၊ ယင်း လုံခြုံရေး ကင်မရာများကို ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းခွင် အတွင်း ပြောင်းရွှေ့ တပ်ဆင်ခဲ့ကြောင်း အထက်ပါ လုံခြုံရေး ဝန်ထမ်းက ရှင်းပြသည်။
 
          ရွှေသင်္ကန်းကပ် လုပ်ငန်းခွင်၌ လုပ်နေသူ တဦးကလည်း“စေတီတော် ဂေါပကအဖွဲ့ အပါအဝင် တာဝန်ရှိသူတွေ၊ သတ်မှတ်ဝတ်စုံ ဝတ်ထားတဲ့ ရွှေသင်္ကန်းကပ် လုပ်သားတွေပဲ လုပ်ငန်းခွင်အတွင်း ဝင်ခွင့်ပြုပါတယ်”ဟု ပြောသည်။ ယခု ရွှေပြားများ ပျောက်ဆုံးမှုသည် လုံခြုံရေး ကင်မရာကို ပိတ်၍သော်လည်းကောင်း၊ ရှောင်ကွင်း၍သော်လည်းကောင်း ခိုးယူသွားခြင်း ဖြစ်နိုင်ကြောင်း၊ CCTV ကင်မရာ၌လည်း ထူးခြားချက် တစုံတရာ ရှာမတွေ့ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောဆိုကြသည်။
 
          ဆူးလေ စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်ပွားသည်ကို သိလျှင်သိချင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားရာ အဆင့်ဆင့် သတင်းပေးပို့ချက်အရ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဒုတိယ ရဲမှူး ဦးဆောင်အဖွဲ့မှ တရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆက်လက် စုံစမ်းနေကြဆဲဖြစ်ကြောင်း သိရသည်။
 
          ထို ရွှေပြားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှ (ပ) ၃၆/၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဂေါပက အဖွဲ့က ပြောပြသည်။
 အမှုနှင့် ပတ်သက်၍ မသင်္ကာသူ ၁၁ ဦးအား ခေါ်ယူစစ်ဆေးနေပြီး ၃ ဦးကို စောင်ကြည့်လျက် ရှိကြောင်း ရဲစခန်းတာဝန်ကျ အရာရှိ တဦးကလည်း ဆိုသည်။
 
          လတ်တလောတွင် ဘုရားဖူးများဖြင့် ဆူးလေ စေတီရင်ပြင်တော်၌ စည်ကားလျက်ရှိပြီး ရွှေသင်္ကန်း ကပ်လှူခြင်းကိုလည်း လုံခြုံရေး တင်းကျပ်စွာဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Forward Mail မှပြန်လည်ကူးယူဖော်ပြသည်။

6 comments

  • Mie_Mie

    February 11, 2011 at 8:47 am

    အို ဘုရားဘုရား

    CCTVတွေတပ်၊ လုံခြုံရေးတင်းကြပ်စွာချ၊ သတ်မှတ်ဝတ်စုံ ဝတ်ထားတဲ့လူတွေပဲ ဝင်ခွင့်ပြုတဲ့ကြားက ပျောက်တာဆိုတော့ ….
    ကြောက်စရာပါလား။

    ဘုရားပစ္စည်းတောင် ချမ်းသာမပေးဘူးနော်။
    သူခိုးမှာ ဂျိုမပါတော့လဲ ခက်သား။

  • cherrywine

    February 11, 2011 at 8:48 am

    အကုသိုလ်များလိုက်တာ … ဘယ်လောက်စားရမှာမို့လို့လဲ။
    သူတို့မို့လို့မကြောက်မရွံ့ …။

  • shwepyithu

    February 11, 2011 at 12:11 pm

    အမလေး ကြက်သီးထလိုက်တာ။ ဟုတ်မဟုတ်တော့မသိဘူး။ ကြားဖူူးတာတော့ အဲဒီလူတွေက သဲတစ်ဆုပ်ယူပြီး နောက်ဘဝကျရင် ဒီသဲနဲ့အမျှခံရပါစေ ဆုတောင်းပြီးမှ ယူလို့ရတာတဲ့။

  • rocky

    February 12, 2011 at 6:09 am

    တော်တော်ခိုးစရာနေရာရှားနေလား သာသနာပိုင်ကိုမှခိုးယူရတယ်လို့။လွတ်တော်ထဲက ဆွမ်းအုပ်ကြီးသွားခိုးပါလား။

  • nigimi77

    February 12, 2011 at 9:11 am

    ကိုရီးယားမှာ IMF ကြောင့် ချွတ်ခြုံကျတော့ ပြည်သူတိုင်းက နိုင်ငံတော် အတွက် ရှိသမျှ ရွှေတွေကို ရှိသလောက် ချွတ်ပေးကြတယ်။ ဒီမှာကတော့ ရှိသမျှ ရွှေငွေ ပိုက်ဆံကို နောင်ဘဝ အတွက်ဆိုပြီး လှုကြတယ်။ မရှိလို ့မလှု မလှုလို ့မရှိတဲ့။
    ရှိတာလှုလိုက်တော့ “မ” သွားရော။ နည်းတောင်နည်းသေးတယ်..ဟေ့.. နည်းတောင် နည်းသေးတယ်။

  • naywoonni

    February 12, 2011 at 11:57 am

    စာရေးမသွားဘူးလား နောက်များများလှူကြပါဦးလို့

Leave a Reply