Frankenstein ကို ဘယ်သူရေးသားခဲ့သလဲ

manawphyulayFebruary 11, 20111min650

ဂျီနီဗာရေကန်ကြီးရဲ့ ကမ်းခြေတစ်နေရာမှာ …. ညဉ့်နက်ပိုင်း တစ်ညမှာပေါ့။ လော့ဘိုင်ရွန်က သူ့မိတ်ဆွေတွေကို အကြံပြု ပြောဆိုတယ်။ ဘာအကြောင်းကိုလည်းဆိုတော့ သရဲ တစ္ဆေဝတ္ထုတွေရေးဖို့ကို ပြောဆိုခဲ့တယ်။ ဒါကြောင့် ပါစီဗစ်ရှီရှယ်လီရဲ့ဇနီး မေရီရှယ်လီက ဒီ ထိတ်လန့်ဖွယ်ကောင်းတဲ့ ကြောက်စရာအလွန်ကောင်းတဲ့ Frankenstein ကောင်ကြီးကို ဖန်တီး မွေးဖွားရေးသားခဲ့ပါတော့တယ်။ အဲဒီတုန်းကတော့ သူမရဲ့အသက်က ၁၉ နှစ်ပဲ ရှိပါသေးတယ်။ Frankenstein ဇာတ်ကောင်ကြီးဟာ တကယ် အပြင်မှာ အသက်ဝင်လာတယ်လို့ ထင်ရလောက်အောင် ကျော်လှိုင်ဦး ဘာသာပြန်စာအုပ်ထဲမှာ ဖတ်ရတော့ စဉ်းစားမိတယ် အပြင်မှာသာ တကယ်လို့ ဒီလို ကိုယ်ဖန်တီးထားတဲ့ အရိုင်းအစိုင်းကောင်ကြီးဟာ ထိန်းချုပ်မှုမဲ့ပြီး အသိဉာဏ်တိုးတက်လာရင် တော်တော်ကို ကြောက်စရာကောင်းမယ်လို့ တွေးမိတယ်။ ဖတ်ခါစက အတော် စာဖတ်သူကို ဘယ်လောက်တောင် ဆွဲဆောင်နိုင်သလဲဆိုရင် လက်ကကို မချချင်အောင် ဘာဖြစ်လာမလဲဆိုပြီး ထမင်းမေ့ဟင်းမေ့ ဖတ်ခဲ့ရတယ်။ ဖတ်ပြီးတော့ အိပ်တာတောင် အိပ်မက်ထဲမှာ မြင်မက်လို့ ညသန်းခေါင်မှာ ဝူးဝူးဝါးဝါးအော်လို့ မေမေက ထပြီး ရေတိုက်ရတဲ့အထိ စွဲလမ်းခဲ့ရတယ်။ မနောက စာ စဖတ်ထဲက သိုင်းဝတ္ထုကို အရင်စဖတ်ဖြစ်ပြီး နောက်ပိုင်းမှာ လှိုင်၊ မဟာ၊ စစ်နှင့်ငြိမ်းချမ်းရေး ၁၂ တွဲ၊ နောက် တက္ကသိုလ်ဘုန်းနိုင်တို့၊ ဦးနတ်စာအုပ်တွေ ဒီလို စာအုပ်တွေ အဖတ်များလာခဲ့တော့ ခုထွက်တဲ့ စာ သိပ်မပါပဲ စာအုပ်အဖြစ် စာလုံးဖောင့်ကြီး စာကျဲကျဲ အချစ်ဝတ္ထုတွေ မဖတ်တတ်ခဲ့ဘူး။ ဖတ်ရတာလည်း အနှစ်မရှိသလို ခံစားရတော့ သိပ်မဖတ်ဖြစ်ဘူး။ စာအုပ်ဖတ်ပြီး ကြိုက်ရင် ထပ်ကာထပ်ကာ ဖတ်ပြီး စာအုပ်ထဲက ဇာတ်လမ်းအထိဋ်အထိပ်က ဘယ်နေရာမှာလဲ ဘယ်အရာကို ပြောချင်တာလဲ ဇာတ်လမ်းက ဘာကြောရိုးကိုယ်စားပြုလဲ ဒီထဲက ဘာကို သင်ခန်းစာပေးထားလဲ စတဲ့အကြောင်းအရာကို စဉ်းစားမိတယ်။ ခုလို Frankenstein လိုမျိုး နောက်ထပ် ရေးသားချက်တွေ သိပ်မတွေ့ရတော့ဘူးနော်။ နောက် ဒီစာအုပ်ကို အရင်တုန်းက ကျော်လှိုင်ဦး(စာရေးဆရာမင်းကျော်) က တကယ့်ကို ထိထိမိမိရေးသားထားတာကို နောက်တစ်ကြိမ်ပြန်ထုတ်ဖို့ ၂၀၀၄ ခုနှစ်လောက်က ထပ်မံကြိုးစားခဲ့ပေမယ့်လည်း စာပေစီစစ်ရေးရုံးက ထုတ်ဝေခွင့်မပြုခဲ့တာဟာ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာ ခုချိန်ထိ မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီလို အမှန်တကယ်ကို အပြင်မှာဖြစ်နေသကဲ့သို့ ရေးသားထားတဲ့စာအုပ်တွေ နောက်ပိုင်းမှာ သိပ်မရှိတော့တာ စာဖတ်ဝါသနာပါသူတွေအတွက် အတော်ကို ထိခိုက်နစ်နာမိသလို တကယ့်အနှစ်သာရကိုလည်း မခံစားရတော့ပါလား(စာအုပ်တန်ဖိုးဈေးကြီးလာလို့လည်း မဝယ်နိုင်တာလည်းပါတယ်) လို့ တွေးမိရင်း စာအုပ်ကောင်းများ အမြဲဖတ်နိုင်ဖို့ မျှော်လင့်နေမိပါတော့တယ်။