ပိဋကနှင့်ဗုဒ္ဓဘာသာ

ashinindakaFebruary 12, 20112min16012

မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာ
မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက
ကျွတ်တမ်းဝင်မဲ့ (ဝါ) ဟောလို့အဆင်ပြေမဲ့သူတွေဆီကို
မြတ်စွာဘုရားအရောက်သွားပြီး ဟောခဲ့ ပြောခဲ့တာတွေကို ပြောတာ။
သာဝတ္ထိမြို့ သွားဟောလိုက်၊
ရာဇဂြိုဟ်မြို့ သွားဟောလိုက်။
ကပိလဝတ်သွားဟောလိုက်၊
ဝေသာလီသွားဟောလိုက်၊
နေရာအနှံ့ သွားဟောရတာ။
တစ်နေရာနဲ့ တစ်နေရာ အဝေးကြီး။
ဟိုနေရာသွား ဟိုအကြောင်းဟောလိုက်၊
ဒီနေရာသွား ဒီအကြောင်းဟောလိုက်၊
လင်ကျင့်ဝတ်ဟောလိုက်၊
မယားကျင့်ဝတ်ဟောလိုက်
ရှင်ဘုရင်ကို ရှင်ဘုရင်တို့ကျင့်ဝတ်ဟောလိုက်
ရဟန်းတွေ အနေအထိုင်မတတ်လို့ ဆုံးမလိုက်
နေရာဒေသအသီးသီးမှာရှိတဲ့
ပုဂ္ဂိုလ်အသီးသီးကို
အကြောင်းအရာ အသီးအသီး ဟောရတာ။
နှစ်ပေါင်းလေးဆယ့်ငါးနှစ်တောင် ကြာသွားတယ်။
ဒီလိုနဲ့
မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးတော့ ဝမ်းနည်းသောကရောက်နေတဲ့အာနန္ဒာကို ခေါင်ထားပြီး
ယော ဝေါ အာနန္ဒ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊
သော မမစ္စယေန သတ္ထာ လို့မိန့်တယ်။
အဓိပ္ပါယ်က
အာနန္ဒာ၊ မင်းတို့တတွေကို
ဓမ္မ (တရား) ကိုလည်း ဟောခဲ့ပြီးပြီ၊
ဝိနယ(နေနည်းထိုင်နည်း စည်းကမ်း နည်းလမ်း) ကိုလည်း ပညတ်ခဲ့ပြီးပြီ၊
ငါကွယ်လွန်ရင် အဲဒီဓမ္မနဲ့ ဝိနယဟာ
မင်းတို့ဆရာဖြစ်မှာပေါ့။
(ဝမ်းနည်းသောက ရောက်မနေပါနဲ့)
ပြောပြီး မကြာဘူး၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။
အရပ်စကားနဲ့ပြောရရင် ကွယ်လွန်တယ်ပေါ့။
အသက် (၃၅) နှစ်အရွယ် ဘုရားဖြစ်လာတဲ့အချိန်ကစပြီး
အသက် (၈၀) ပရိနိဗ္ဗာန်မစံမီ အချိန်အထိ
မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကို
မြတ်စွာဘုရားကိုယ်တော်တိုင်
ဓမ္မနဲ့ ဝိနယ လို့ ပြောကြားခဲ့တယ်။
သူပြောတဲ့ဓမ္မနဲ့ ဝိနယ ကလည်း
အထက်က ပြောခဲ့သလို
နေရာအသီးသီးမှာရှိတဲ့
ပုဂ္ဂိုလ်အသီးသီးကို
ဟောရတာဆိုတော့
ပြန့်ကျဲနေတယ်။
ဒီအချိန်အထိ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ
ပိဋကတ်စာပေအဖြစ်ကို မရောက်သေးဘူး။
ပိဋကတ်စာပေလို့ မခေါ်ကြသေးဘူး။
ပိဋကတ်စာပေအမည် မတွင်သေးဘူး။
ပိဋက ဆိုတဲ့ပါဠိပုဒ်အဓိပ္ပါယ်က
တောင်း၊ ခြင်းတောင်းဖြစ်တယ်။

တကယ်တော့ ပိဋက ပုဒ်ကို
ဘာသာရေးကျမ်း ဆိုတဲ့အဓိပ္ပါယ်နဲ့ မြတ်စွာဘုရားရှင်ကိုယ်တိုင်
ကေသမုတ္တိသုတ်မှာ မိန့်ကြားခဲ့တယ်။

ကေသမုတ္တိသုတ်ဆိုတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တွေကို
အရောင်တောက်စေတဲ့ သုတ်တစ်သုတ်ဖြစ်ခဲ့တယ်။

ဘာသာရေးဆိုင်ရာ သမိုင်းတစ်လျှောက်တွင် ထူးထူးရှားရှား ပြိုင်ဘက်ကင်းသည့်
မြတ်စွာဘုရား၏ ဩဝါဒစကား ဖြစ်ခဲ့တယ်။

အခြားအခြားသော ဘာသာတို့နှင့် နှိုင်းယှဉ်လေ့လာရာတွင်
ဒီကေသမုတ္တိသုတ်ကြောင့်
ဗုဒ္ဓဘာသာအတွက်
ဗုဒ္ဓဘာသာဝင်တို့ ခေါင်းမော့နိုင်ခဲ့တယ်။

ကေသမုတ္တိသုတ်လာ မြတ်စွာဘုရားရဲ့
ကိုးကွယ်ယုံကြည်မှုအပေါ်
သဘောထားအမြင်များဟာ
ဘာသာရေးသုတေသီတို့ လက်ဖျားခါရလောက်အောင် ကောင်းခဲ့တယ်။

Freedom of Religion လို့ ခုခေတ်အော်အော်နေ့တဲ့
ဘာသာရေးယုံကြည်ချက် လွတ်လပ်မှုကို
လွန်ခဲ့သော ဟိုး နှစ်ပေါင်း ၂၅၀ဝ ကျော်ကတည်းက
မြတ်စွာဘုရားက အပြည့်အဝ ပေးထားခဲ့ပြီးပြီ။

ပိဋက စာလုံးနဲ့စပ်တဲ့ မာ ပိဋကသမ္ပဒါနေန
(ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။)
လို့ ပါတဲ့ ကေသမုတ္တိသုတ်ကို
မြန်မာလိုရော အင်္ဂလိပ်လိုပါ အကျဉ်းဖော်ပြပေးလိုက်သည်။

ကေသမုတ္တိသုတ်
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။

အရှင်ဘုရား၊ ကေသမုတ္တိသို့ ရဟန်းပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။

ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင်
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။

ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။

အို ကာလာမနွယ်ဖွား အမျိုးသားတို့။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။

အချို့အကြောင်းတရားများမှာမူ
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။

Kesamutti Sutta
Do not believe what you hear just
because you have heard it for a long time.

Do not follow tradition blindly merely
because it has been practiced in that way for many generations.

Do not be quick to listen to rumours.

Do not confirm anything just
Because it agrees with your scriptures.

Do not foolishly make assumptions.

Do not abruptly draw conclusions
by what you see and hear.

Do not be fooled by outward appearances.

Do not hold on tightly to any view or idea just
because you are comfortable with it.

Do not accept as fact anything that
you yourself find to be logical.

Do not be convinced of anything out of respect and deference
to your spiritual teachers.

You should go beyond opinion and belief.
You can rightly reject anything which when accepted, practiced and perfected leads to more aversion, more craving and more delusion. They are not beneficial and are to be avoided.

Conversely, you can rightly accept anything which when accepted and practiced leads to unconditional love, contentment and wisdom. These things allow you time and space to develop a happy and peaceful mind.

This should be your criteria on what is and what is not the truth; on what should be and what should not be the spiritual practice.
ရည်ညွှန်း။
အံ ၁၊ ၁၈၉
ဦးဟုတ်စိန် ပါဠိ မြန်မာအဘိဓာန်
ဦးကိုလေး၊ မြတ်ဗုဒ္ဓဒေသနာ

12 comments

  • bigcat

    February 13, 2011 at 4:49 am

    တပည့်တော်က ကာလမသုတ်လို့ပဲသိထားတာ၊ အရှင်ဘုရားပြောတဲ့ ကေသမုတ္တိသုတ်က စာလိုအမှန်ဖြစ်မယ် ထင်ပါတယ်။
    အရှင်ဘုရားရေးတဲ့အထဲ
    နေရာဒေသအသီးသီးမှာရှိတဲ့
    ပုဂ္ဂိုလ်အသီးသီးကို
    အကြောင်းအရာ အသီးအသီး ဟောရတာ…..
    ဆိုတဲ့အထဲမှာ နတ် ဗြဟ္မာများဆိုတာ မတွေ့ပါ။ အငြင်းပွားဖွယ် ဖြစ်မည်စိုး၍ တမင်ချန်ထားခဲ့ပါသလား၊ သို့တည်းမဟုတ် ရွာသဂျီးဦးဒိဠိရန် ကြောက်တော်မူ၍ပါလားဘုရား။ သာသနာမှာထင်ရှားလှတဲ့ ပဌာန်းဒေသနာ၊ မင်္ဂလသုတ် စတာတွေကို မြတ်စွာဘုရားက နတ်ဗြဟ္မာတွေကို ဟောကြားခဲ့တာလို့ အထင်အရှား ညွှန်းဆိုပြထားလို့ပါ။

    • ashinindaka

      February 13, 2011 at 5:53 am

      ကေသမုတ္တိသုတ်ပါ။ နေရာဒေသအသီးသီးဆိုတော့ နတ်နေရာ နတ်ဒေသတွေရောပေါ့။ အဓိကက အဓိကပါပဲလေ။

  • kai

    February 13, 2011 at 6:04 am

    http://myanmargazette.net/writing-guidelines
    ကြိုက်လွန်းလို့ .. writing guidelines ထဲတောင်ထည့်ထားတာ..ကြာလှပါပြီဘုရား..။
    ==
    နတ်တွေကတော့ မယုံလည်းမဟုတ်..ယုံလည်းမဟုတ်ပါ..။
    ဘယ်နှယ်..။
    အိန္ဒိယက ..ဗုဒ္ဓဘာသာရဟန်းတွေကို .. ဘာသာခြားတွေသတ်တုံးကလည်း .. ကူချမပေး..။
    ဒီခေတ်တင်.. ရဟန်းတွေ..စစ်တပ်ကနှိပ်ကွပ်၊သတ်ဖြတ်ဖမ်းတော့လည်း .. သိကြားမင်းလူလိမ် .. အဲ..သိကြားလိမ်က .. ပေါ်မလာ…။

    • bigcat

      February 13, 2011 at 6:24 am

      နတ်တို့ တန်ခိုးသိဒ္ဓိမဟိဒ္ဓိဆိုတာတွေဟာ အတိတ်ကံဖန်လာရင် မတားဆီးနိုင်ပါဘူးဆိုတာ ဆြာခိုင် ပညာရှိသတိလွတ်သွားပုံ ရပါတယ်။ ပြောင်းပြန်ပြန်ပြောရရင် ကံပါမှ ကံရှိမှ စွမ်းပါတယ် နတ်များကယ်နိုင်ပါတယ်။ ရိုးရိုးလေးတွေးကြည့်ပါ နတ်ကသူနဲ့ မခင်ဘဲနဲ့ မကြည်ညိုဘဲနဲ့ စံစားနေရတဲ့ နတ်သမီးတွေပစ်ပြီး အားအားယားယား စောင့်ရှောက်ပေးပါ့မလား။ အရင်ခေတ်က သီလ သမာဓိ ပဌာန်းဆက်စတာတွေရှိလို့ နတ်ဒေဝါများစောင့်ရှောက်တာကို အကျင့်သီလ ပျက်တဲ့ခေတ်မှာ ငါတို့လည်းအရင်အတိုင်း အစောင့်ရှောက်ခံရမှာပဲဆိုပြီး သိဒ္ဓိမဟိဒ္ဓိအတတ်များ အားကိုးခဲ့၊ ဒါမှမဟုတ် ဖြစ်ရမဲ့ကံပါလာတဲ့အတွက် ဘယ်သူမှမကယ်နိုင်။ (ဒီကြားထဲ ဘုရားဟော အတိုင်းမလိုက်နာဘဲ သာသနာပအလုပ်တွေအားကိုးတော့ ဘူးလေးရာ ဖရုံဆင့်..)
      ဒီလိုစပ်ဆက်ပြီး သာသနာစောင့်နတ်တို့ ကမာ္ဘစောင့်နတ်တို့ စတာတွေကို တွေးကြည့်နိုင်ပါတယ်။ သူတို့မှာ ကိုယ့်အလုပ်ကိုယ်လုပ်သူကို စောင့်ရှောက်ရတဲ့ သူ့အလုပ်သူလုပ်ဖို့ပဲရှိတယ်။ ကျနော်တို့ လောကအမြင်နဲ့ တရားတယ် မတရားဘူးဆိုတာတွေဟာ အကြားအမြင်ကြီးသူတွေအဖို့ တမျိုးဖြစ်ခြင် ဖြစ်နေမှာပေါ့။ ဥပမာ အိန္ဒိယကဘုန်းကြီးတွေက အတိတ်က မွတ်စလင်တွေကို သတ်ခဲ့လို့ ပြန်အစားခံရတာ၊ နတ်တွေက သာသနာဆက်ရှင်သန်ရအောင် တတ်နို်င်သမျှလုပ်ခဲ့လို့ သာသနာလုံးဝကွယ်ခဲ့တာလို့ ပြန်ငြင်းရင်လည်းရတာပဲ။ အားလုံးမှားနေတာကို ဘာကြောင့်မဆီမဆိုင် ဘက်လိုက်ရမှာတုန်း၊ သူတို့တာဝန်က အမှန်တရားမတိမ်ကောအောင် ဖြစ်သင့်တဲ့အချိန်မှာ ဖြစ်ရမဲ့သူ မပင်ပန်း မပျက်ဆီးရအောင် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ တွေးရင်ကော မရဘူးလား။

      • kai

        February 13, 2011 at 6:58 am

        အဲဒီနည်းက .. ဗေဒင်ဆရာ ..အိမ်ရှေ ့ အုန်းပင်ယတြာလုပ်ခိုင်းတာမျိုးဖြစ်နေပြီ..။
        ဘာတဲ့..။

        “ဟေ့..အိမ်ရှေ ့အုန်းပင်ရှိသလား..။ ”
        “ရှိတယ်..”
        “ရှိရင် ခုတ်လိုက်..။”

        “မရှိဘူး..။”
        “မရှိရင်စိုက်လိုက်..။”

        ==
        ဆိုလိုချင်တာက.. သူတို့က ရှိချင်လည်းရှိမယ်..။ မရှိချင်လည်းမရှိဘူး..။
        သူတို့က .. ကိုယ်နဲ့..ကိုယ့်ရဲ့ကံတရားထိန်းချုပ်မှုအောက်မှာမရှိဘူး..။
        လူတွေရဲ့..နောက်ဘဝ..ရှေ့ဘဝတွေလိုပဲ..။

        ဆိုတော့ .. မာလုကျပုတ္တသုတ် ဆက်ညွှန်းရမှာပဲ..။

    • bigcat

      February 13, 2011 at 7:11 am

      ဗေဒင်ဆရာ ယတြာလုပ်ခိုင်းတာနဲ့ တခြားစီပါဆရာရယ်။ စောင့်ရမဲ့သီလ ကျင့်ရမဲ့သမာဓိ ရှိရင်ကို ဖြစ်တယ်လို့ ဖြစ်သွားသူအများ ကိုယ်တွေ့ဆိုခဲ့ပြီးပါပြီ။ တခုတော့ရှိတယ် တလလောက် စောင့်ရုံ၊ ကျင့်ရုံနဲ့တော့ ရချင်မရမယ်နော်။ ကျနော်ကတော့ ပြောသွားတဲ့ ဆရာတော်များ ပုဂ္ဂိုလ်များရဲ့ သီလ သမာဓိ ပညာကိုယုံလို့ ကိုယ်တွေ့မဟုတ်ပေမဲ့ လက်ခံသဗျို့။

      • kai

        February 13, 2011 at 9:53 pm

        နေပြည်တော်ကို ရန်ကုန်မှသွားသော ကားတစင်း .. လမ်းပေါ်ရောက်နေသည့်နွားကိုရှောင်လိုက်ရာ..မှောက်သွားသည်။ ကားပေါ်ပါ လူ ၅ယောက်အနက် ၃ယောက်သေသည်။

        မသေသူပထမတဦး – “တလမ်းလုံးတောက်လျှောက်ပရိတ်ရွတ်နေလို့ ၃ယောက်ပဲသေတာ။ ကျနော်က အသံအကျယ်ကြီးအော်ရွတ်နေခဲ့လို့ ဘာမှကိုမဖြစ်ခဲ့တာ..။”
        မသေသူလက်ပြတ်သွားသော တဦး -” ဟုတ်တယ်.။ ကျမလည်း ပရိတ်ရွတ်နေလို့သာ လက်ပဲပြတ်တာ။ ဒါတောင် ပုတီးကိုင်တဲ့လက်မပြတ်ဖူး။ မနက်က ဈေးဝယ်သွားရင်း ဝက်သားကိုင်ကြည့်လိုက်တဲ့ ဘယ်လက်ပဲပြတ်တာ.။”
        သေသူ ၁- “အဖိုးလည်း ပရိတ်ရွတ်နေလို့သာ ခေါင်းပြတ်ပြီး .. တကိုယ်လုံးကြေမွပြီး .. ရုပ်ပျက်ဆင်းပျက်မသေတာပေါ့။ ”
        သေသူ ၂ – “ကားရှေ့မှန်မှာချိပ်ထားတဲ့ ဘုရားပုံတော်က ..တန်ခိုးအရမ်းကြီးလို့ တစင်းလုံးက လူငါးယောက်လုံးမသေတာပေါ့။ ”
        သေသူ ၃- “သမီးတို့က နောက်ကလာတဲ့ ဘုရားဖူးကားမှာပါတဲ့ လူ ၅၂ယောက် အတွက် ဝဋ်ခံပေးလိုက်ရတာပါ။ ဝဋ်ဆိုတော့ မတတ်နိုင်ဘူလေ..။ နောက်ပြီး သူတို့ ကုသိုလ်ကပိုကြီးတယ်လေ။ ဘုရားဖူးလာရင်း ပရိတ်ကိုတောက်လျှောက်ဖွင့်လာတာကိုး..။”

        (အပေါ်က အက်ပစုဒ်ကို.. ကိုယ်နဲ့အစဉ်ပြေသလို.. ကြိုက်သလို ချဲ့တွေးနိုင်ပါကြောင်းနဲ့.. ဒါကိုသဘောပေါက်ရင်.. မြန်မာပြည်က ..ဘာသာရေးဆိုင်ရာ ဂျာနယ်..။မဂ္ဂဖင်း၊ စာစောင်တွေမှာ .. ဘယ်အဖြစ်အပျက်မဆိုကို… စာရေးပြီး .. စာမူခရနိုင်မှာ ဖြစ်ပါကြောင်း..။)

        အကယ်၍ အထက်ပါအဖြစ်အပျက်မျိုုုး… ယူအက်စ်..လော့စ်အိန်ဂျလိစ်-လပ်စဗေးဂပ်စ်သွားလမ်းပေါ်တွင်ဖြစ်ခဲ့သော်..။

        မသေသူပထမတဦး – “နွားက ဘာလို့လမ်းပေါ်ရောက်နေရသလည်း။ ဖရီးဝေးလမ်းဆောက်တဲ့သူတွေကို တရားစွဲမယ်..။ သေတဲ့သူတွေအတွက် လျှော်ကြေးရအောင်လုပ်ရမယ်…။”
        မသေသူလက်ပြတ်သွားသော တဦး -” ဟုတ်တယ်.။ ကျမလည်း အလုပ်လုပ်ရမဲ့ ညာဖက်ပြတ်တာ ..တသက်လုံး လုပ်စားလို့မရတော့ဘူး. နွားပိုင်ရှင်ကို တရားစွဲမယ်..။ သေချာမကျောင်းပဲ ပစ်ထားရသလား။ တသက်လုံးထိုင်စားလို့ရတဲ့ ငွေရအောင်ကို တရားစွဲမယ်.။ သေတဲ့သူတွေအတွက် ..အသက်အာမခံတွေရှိနေသလား..။ သူတိူ့ကို မှီခိုနေသူတွေအတွက် .. အာမခံငွေတွေရအောင် လုပ်ပေးရဦးမယ်.။”
        သေသူ ၁- “အဖိုးမှာ အသက်အာမခံရှိပါတယ်..။ အဲဒီငွေတွေထုတ်ပြီး .. နောင်ဒီလိုမဖြစ်အောင် .. ဖရီးဝေး ဒီနေရာမိုင်တိုင်မှာ .. နွားတွေ။ တရိစ္ဆန်တွေ ဝင်လို့မရတော့အောင် ကြိုးတန်းကာဖို့အတွက် အသုံးပြုငွေအဖြစ် တဝက်ကို လှူလိုက်ပါ။ အဖိုးနာမယ် မှတ်တိုင်စိုက်ပါ။ ”
        သေသူ ၂ – “ကားက အားလုံးထိုင်ခုံခါးပတ်ပါတ်ထားရက်နဲ့ ၅ယောက်မှာ သုံးယောက်သေတာဟာ ဒီကားအမျိုးအစားကလုံခြုံစိတ်ချရမှု မရှိဘူးဆိုတာပြတယ်..။ နောင်ဒီလိုမဖြစ်အောင် ..မီဒီယာကို သတင်းပေးပြီး ..ကားထုတ်လုပ်သူကိုလည်း ပြန်စစ်ဆေးဖို့သတိပေးပါ။”
        သေသူ ၃- “သမီးတို့ကားနောက်ကလာတဲ့ ကားမှာပါတဲ့ လူ ၅၂ယောက် လည်း ရှေ့ကားအက်စိဒန့်ကြောင့် ပိတ်မိပြီး သွားမဲ့နေရာရောက်ဖို့ တော်တော် အချိန်နောက်ကျသွားမှာပဲ..။ အဲဒီအတွက် စိတ်မကောင်ပါဘူး.။ သူတို့လည်း နွားဒီလမ်းဒီနေရာရောက်နေလို့ ဖြစ်တာကိုတွေ့ခဲ့ရင် .. တရားရုံးမှာတရားစွဲရင် သက်သေအဖြစ်လိုက်ပေးကြဖို့ တောင်းဆိုချင်ပါတယ်.။”

        ( ဒီမှာ အရှင်ဘုရားရဲ့ စာနဲ့မဆိုင်ပဲ ..ဒီလောက်အရှည်ကြီး ရေးဖြစ်သွားတာ ခွင့်လွှတ်ပါအရှင်ဘုရား..)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 13, 2011 at 9:06 am

    ဟုတ်ကဲ့ပါခင်ဗျ
    ဘုန်းကြီးစာချ ဆိုတာနဲ ့
    မိချောင်းမင်း ရေခင်းပြ ဆိုတာရဲ ့
    အဓိပ္ပါယ်ကို ပရက်တီကယ် သရုပ်ဖော်နေကြတာဖြစ်တဲ့အတွက်
    အားလုံးပုံဖော်ကြည့်ကြပါခင်ဗျ

  • kai

    February 13, 2011 at 9:16 am

    …ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
    ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
    အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
    မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။ ..

    ဆရာတော်ကိုယ်တိုင်… ခွင့်ပြုနိမိတ်ပြနေပြီဖြစ်တာပဲ..ဟာပဲ..ဟာကို..ပဲဟာပဲ…ကို..။ 🙂

  • padonmar

    February 13, 2011 at 1:04 pm

    သိသလောက်လေးပြောကြည့်ပါရစေ၊ငယ်ငယ်ကတည်းကဖတ်ခဲ့ရတဲ့ ရွှေသွေး၊ရွှင်ပြုံးစတဲ့ ကာတွန်းတွေ။ဇိနတ်ထပကာသနီထဲက ပန်းချီတွေ ကြည့်ပြီး ဘုရားလက်ထက်တော်က လူတွေဆိုရင် မြန်မာနန်းဝတ်နန်းစားနဲ့လို့ပဲ စိတ်ထဲစွဲနေပါတယ်။Little Buddha ရုပ်ရှင် ကြည့်မိတော့ ဒီလိုလဲ အရိုင်းဆန်ဆန် ဖြစ်ချင်ဖြစ်နေမှာလို့တွေးမိလာပါတယ်။ အဲဒီလိူပဲ နတ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ထင်နေမိပါတယ်၊တကယ်တော့ နတ်တွေထဲမှာ အခြားဘာသာဝင်တွေလဲ ကုသိုလ်အလုပ်တွေ လုပ်ပြီးရောက်နေနိုင်တာပေါ့နော်။သူတို့ကတော့ ဗုဒ္ဓဘာသာ ရဟန်းတွေဖက်က ကူမယ်ဆိုတဲ့စိတ် ရှိချင်မှရှိမှာပေါ့။
    တကယ့်ဗုဒ္ဓဘာသာနတ်တွေကျတော့လည်း အကုသလဝိပါက်ကြောင့် ခံရမယ့် ဆင်းရဲကို ဘယ်ကယ်နိုင်ပါ့မလဲ။
    မြတ်စွာဘုရားတောင်မှ တတိယပါရာဇိကကို မပညတ်ခင် ရဟန်းငါးရာ ကိုယ့်ကိုယ်ကြီးကို ရွံမုန်းပြီး ကိုယ့်ဖါသာလည်း သတ်သေ၊သူများကိုလည်း သတ်ပေးခိုင်းနဲ့ သေကြမယ့်ဘေးကို မကယ်နိုင်တဲ့အတွက် အပါယ်မရောက်ရုံ အသုဘ ဘာဝနာ ဟောပြီး ၁၅ ရက်လုံး တပါးတည်း အဖူးမခံဘဲနေတော်မူပါတယ်။ ရဟန်း၅၀ဝ လုံးကုန်မှ ထွက်တော်မူပြီး ပညတ်တော်မူတယ် လို့ ဖတ်ဖူးပါတယ် ။

    • ashinindaka

      February 13, 2011 at 1:17 pm

      သီဟိုဠ်မှာနေတုန်းက ဗုဒ္ဓဘာသာသာနဲ့ဆက်စပ်တဲ့ပန်းချီရုပ်ပုံတွေကို သတိထားကြည့်မိတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဘုရားရှင်ကို မာရ်နတ်သမီးတော်တို့က ဖျားယောင်းနေတဲ့ပုံတွေကို ပန်းချီရေဆွဲတဲ့အခါ မြန်မာပြည်က နတ်တွေလို အချွန်အတက်မပါဘူး။ ရိုးရိုးပဲ။ ဒါပေမဲ့ သီဟိုဠ်ကုလားမကြီးတွေလို နတ်သမီးတွေက စာရီကြီးတွေဝတ်ထားတာ။ ဘုန်းကြီးမပြောသင့်ပေမဲ့ ပြောလိုက်အုံးမယ်။ သီဟိုဠ်နတ်သမီးပန်းချီကားတွေက သီဟိုဠ်ကုလားမကြီးတွေလို သားမြတ်ကြီးတွေက အကြီးကြီးတွေ။ အော်။ နတ်သမီးဆိုတာကို ကိုယ့်စိတ်ကူးနဲ့ကို ပုံဖော်နေကြတာပါလားလို့ စဉ်းစားမိတယ်။

  • ဆူး

    February 14, 2011 at 7:32 am

    ကားလမ်းမပေါ် နွားတက်ပြီး သေတဲ့ လူနဲ့ မသေမရှင် လူနဲ့ ပတ်သတ်ပြီး နောက်တမျိုး နီးစပ်ရာ ဥပမာ တွေးကြည့်မယ်။ လမ်းပေါ်မှာ ပုရွက်ဆိတ်တွေ တန်းစီ လျောက်နေတယ် လူတွေလည်း ဆက်တိုက် သွားလာနေတယ် လူတိုင်း ပုရွက်ဆိတ် အတန်းကို ခြေဖဝါး တည့်တည့်ချပြီး နင်းမသွား သလို ဖြတ်သွားတဲ့ ပုရွက်ဆိတ်တိုင်း ခြေဖဝါး အောက်မှာ ပြားပြား ကပ်သေမသွားဘူး။ သေမင်း တမန် ခြေဖဝါး နဲ့ သေမဲ့ အကောင်နဲ့ တထပ်တည်း ကျမှ သေတာ မဟုတ်ဘူးလား။
    နွားဖြတ်သွားလို့ ကားမှောက် တာနဲ့.. နွားတိုင်း လမ်းပေါ် တက်ပေမဲ့ နွားတိုင်းကြောင့် ကားမမှောက်ဘူး။ ကား နဲ့ နွား အတွဲ အဖက် ဖြစ်ပြီး ရေစက်ဆုံသွားလို့ ဖြစ်သွားတာ။ လျှော်ကြေး တောင်းမယ် ကြံနေပြီး ဝင်စောင့်လိုက်လို့.. ကား ဘာမှ မဖြစ်ဘဲ နွားသေလို့ နွားသမားက နွားသေမှုနဲ့ တရားမစွဲဘဲ ရွာထဲက ငတိတွေ ဝိုင်းရိုက်လို့ ရှိတာ အကုန်ပေးရမှာ မကြောက်ဘူးလား။

Leave a Reply