သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး

cobraFebruary 12, 20111min600

သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ မပေးခဲ့ေနော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။

ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေသော ထိုစဉ်က နံပတ် ၃ အဆင့်ရှိသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အမိန့်ကို အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်၍ စစ်တပ် သတင်းပေးတယောက်ကို ကိုးကားဖော်ပြရာ၌ “ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် သူ့အနေဖြင့် သဘောမတူနိုင်သော်လည်း အမိန့်ကို အကောင်အထည် ဖော်ခဲ့သည်။ ဒေသဆိုင်ရာ တပ်မှူးများကို သွေးထွက်သံယိုဖြစ်မှု အနည်းဆုံးဖြစ်စေရန် တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်” ဟု ဖော်ပြထားသည်။

စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း ဂျပန် သတင်းထောက် ကင်ဂျိ နာဂအိ အပါအဝင် ၃ဝ ဦး သေဆုံးသည်ဟု ဆိုသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ထို့ထက် ပိုမိုများပြားကြောင်း ပြောဆိုခဲ့ကြသည်။

ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် သံဃာများ ရာနှင့်ချီ၍ အဖမ်းခံခဲ့ရပြီး ယခုအထိ သံဃာ ၂၅၅ ပါး အကျဉ်းထောင်များထဲတွင် ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အထူးကိုယ်စားလှယ် မစ္စတာ ပင်ဟေးရိုးကမူ ရဟန်းသံဃာ အပါး ၃ဝ မှ ၄၀၊ လူ ၅ဝ မှ ၇ဝ အထိ သေဆုံးသည်ဟု ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သန်းရွှေသည်သာ ပြဿနာ” ဟု အမည်ပေးထားသည့် ပေါက်ကြားလာသော တခြား ဝီကီလိစ်ခ် သံတမန်ပေးစာတွင်မူ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မုန်တိုင်းဒဏ်ခံ ပြည်သူလူထုအား မကူအညီ မပေးဘဲ လျစ်လျူရှုထားပုံကို ဖော်ပြထားသည်။

လူပေါင်း ၁၃၄၀၀ဝ ကျော် သေဆုံးခဲ့ပြီး လူ ၂ သန်းကျော် ဒုက္ခရောက်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးကို အလျှင်အမြန် မဆောင်ရွက်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွင် တာဝန်ရှိကြောင်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေတို့က နိုင်ငံတကာ အကူအညီများကို လက်ခံလိုခဲ့ကြောင်း သံတမန် ပေးစာတွင် ရေးသားထားသည်။

ယင်းပေးစာတွင် “အရာရာသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြီးမှပြီးသည်။ ဗိုလ်ချုပ်မှူးကြီးသည် သီးခြားနေပြီး ကိုယ့်နိုင်ငံတွင် ကျရောက်လျက်ရှိသော သဘာဝဘေးဒဏ်၏ ထိခိုက်မှု အခြေအနေကို သိရှိပုံမရ” ဟု ရေးထားသည်။

နာဂစ်မုန်တိုင်း တိုက်ပြီးစတွင် အကူအညီပေးရန် စစ်တပ်ကို စေလွှတ်ခြင်း မရှိခဲ့ကြောင်း၊ ထိုစဉ်က ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေလက်အောက်တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်သည့် တပ်များ ရှိသော်လည်း သန်းရွှေနှင့် မောင်အေး ကိုယ်စား ဗိုလ်ချုပ်ကြီး သူရရွှေမန်းက တပ်များကို လှုပ်ရှားမှုမပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ဝီကီလိခ်စ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။
ကြာင်း ဝီကီလိစ်ခ်တွင် ပေါက်ကြားလာသည့် အမေရိကန် သံတမန်ပေးစာများတွင် ဖော်ပြထားသည်။

forward mail မှကူးယူဖော်ပြသည်။