“ရှေးကဗျာများထဲမှတိုက်ပွဲတစ်ခု”

“ရှေးကဗျာများထဲမှတိုက်ပွဲတစ်ခု”

“နန်းတွင်မိညို”

တောင်တွင်မြင့်မိုရ် ကျွန်ုပ်ဆိုသား
ရေညိုရစ်သန်း ရံလျက်ဝန်း၍
လေးကျွန်းအလယ် လေးသွယ်ခြည်ရောင်
တပြောင်ပြောင်လျှင် ဘုန်းခေါင်အထွတ်
သုံးလူနတ်တို့ မချွတ်မေတ္တာ
ဘိဓမ္မာကို်မှန်စွာအခေါင်
ကြားလွှံ့ဆောင်သည်
တောင်တွင်မြင့်မိုရ်သာတကား။ ။

စည်တွင်ပဟိုရ် ကျွန်ုပ်ဆိုသား
ခါကိုသိစေ ရှစ်ကြိမ်နေဖြင့်
ချက်ရေမရွေ့တီးဓလေ့ကား
ညဉ့်နေ့နာရီ ခြောက်ဆယ်စီလျှင်
ချက်ချီလှည့်ကျူး ညဉ့်ဦးသန်ကောင်
တောက်ရောင်မိုးသောက်
မွန်းတည့်ရောက်က ဝမ်းမြောက်ရွှင်လန်း
လူရဟန်းတို့ ထက်ဝန်းဖူးမြင်
သိစိမ့်ရင်သည် စည်တွင်ပဟိုရ်သာတကား။ ။
နန်းတွင် မိညို ကျွန်ုပ်ဆိုသား
မှောင်ကိုပယ်ခွင်း ဆီမီးဝင်းသို့
သီတင်းငါးမည် သီလတည်လျက်
လှရည်ညက်သေး ပြေး၍မဆို
သူ့ကိုနှိပ်စက် မာန်မထွက်တည့်
ဝှန်တတ်ပညာ လင်္ကာရတာ
ဆိုမူ့ရွရွ ကြားက စိတ်ဝမ်း
သူ့နားချမ်းလိမ့် စွဲလမ်းကိုယ်တွင်
တောင်နှယ်ထင်သည်
နန်းတွင်မိညိုသာတကား။

“နန်းတွင်မိဖြူ”
ကျွန်းတွင်ဇဗ္ဗူ ကျွန်ုပ်ဟူသား
သောင်းယူဇနာ အောင်မြေချာ၌
မဟာဗောဓိ တုမယှိသည်
သိရိမြုတေ သုံးဉာဏ်ထွေဖြင့်
ပစ္စေကဗုဒ္ဓ့ါ ရဟန္တာက
စသည်မန္ဓာတ် စက္ကဝတ်တို့
မချွတ်ဧကန် ဖြစ်မြဲမှန်သား
နိဗ္ဗာန်တူရူ ကူးသောသူလည်း
ရှေ့ရူ့လေရာ တို့ကျွန်းသာလျှင်
ဆိပ်ညာဖြောင့်တန်း မကောက်ယွန်းသည်
ကျွန်းတွင်ဇဗ္ဗူသာတကား။ ။

ပန်းတွင်မဉ္ဇူ ကျွန်ုပ်ဟူသား
လှိုင်ကြူနံ့သာ ဂန္ဓာမာဟု
တောင်သာထိပ်ပြင် လှိုဏ်မျက်ရှင်၌
ရာစင်အချင့် ဖြူးဖြူးမြင့်သည်
မြနှင့်နှိုင်းအင် ထိုသစ်ပင်ကို
မြင်လျှင်မချွတ်
အာရုံမှတ်၍ မပြတ်လူပင်
ဖန်စီရင်သို့ ရေတွင်ကြည်းပန်း
ညွတ်၍ဝန်းသည် ပန်းတွင်မဉ္ဇူသာတကား။

နန်းတွင်မိဖြူ ကျွန်ုပ်ဟူသား
ကြီးသူပညာ ဥစ္စာရည်သွား
မျိုးမည်အားနှင့် သားလည်းစုံအင်
ကြယ်သို့ထင်လျှက် မြင်မြင်သမျှ
သိပ္ပ ခေါင်ထွတ် တတ်ပါသည်ချည်း
ဖွဲ့နည်း ကဗျာ လင်္ကာရတု
ဆိုမူ့ရွရွ ကြားက ပြေပြစ်
ကညစ်ငုံချွန်းရေးသူပန်းလိ်မ့်
ရွှေနန်းစံတင် ဘက်မမြင်သည် နန်းတွင်မိဖြူသာတကား။ ။

တစ်ခါတစ်ရံမိတ်ဆွေအချင်းချင်းစကားပြောနေရင်းဘဲ
ဖြစ်ဖြစ် ဒါမှမဟုတ် စာမျက်နှာပေါ်မှာဘဲဖြစ်ဖြစ် ကလေးအချင်းချင်း ကစားနေကြရင်းဘဲဖြစ်ဖြစ်
အကြောင်းကိစ္စတစ်ခုအတွက် သူ့အမြင်ကိုယ့် အမြင် မတူညီကြတဲ့အခါများမှာ တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ကြရပါတယ်။
အဲလိုအချိန်မျိုးမှာတော့
တစ်ယောက်နဲ့တစ်ယောက် အနိုင်ရအောင်ဘဲဖြစ်ဖြစ်
အသာစီးရချင်လို့ဘဲဖြစ်ဖြစ် ကိုယ်က သူ့ထက်သာတယ်လို့လက်ခံစေချင်လို့ဘဲဖြစ်ဖြစ်
ကိုယ်မှာရှိတဲ့အရည်အချင်းကိုအစွမ်းကုန်ထုတ်လို့
ပြကြတာ လူ့သဘာဝဘဲဖြစ်ပါတယ်။
“ဒီအဖြစ်မျိုးအရင်က ရှိခဲ့ဘူးသလားလို့”
ပေါင်ချိန်မေးသလိုမေးရင် ရှိဘူးတယ်လို့ဘဲ
ဖြေရမှာအမှန်ပါဘဲ။
ဟိုးအရင်အင်းဝခေတ်က စာဆိုအကျော်အမော်
ရှင်မဟာသီလဝံသနဲ့ ရှင်မဟာရဋ္ဌသာရတို့ ကြားမှာတစ်ကြိမ်ဖြစ်ခဲ့ဘူးပါတယ်။
ဆရာတော်တွေကိုယ်တိုင်ဘဲတကယ်ရေးခဲ့သလား ?
နောက်လူတွေကဘဲကွန့်သလားတော့မသိပါဘူး။
” တောင်ကိုမဖောက် တောင်းကိုဖောက်သည် စူးဆောက်အသွင်သီလဝံ”လို့ တစ်ပါးက
ကြွေးကြော်တော့ “တောင်ကိုမဖောက် တောင်းကိုဖောက်သည် စိန်ကျောက်ပမာ ရဋ္ဌသာ “လို့
ပြန်လည်ချေပခဲ့တာကိုတော့ ဖတ်ဘူး မှတ်ဘူးခဲ့ပါတယ်။
ဒီအင်းဝခေတ်မှာဘဲ သက္ကရာဇ်(913)ခုနှစ်လောက်
မှာ မိဖြူနဲ့ မိညိုဆိုတဲ့အမျုးိသမီးစာဆိုရှင်နှစ်ယောက်
ရဲ့အားပြိုင်ပွဲကိုလည်း ကဗျာလေးနဲ့အပြိုင်ကြဲခဲ့ကြပြန်
ပါတယ်။
မိန်းမသားစာဆိုရှင်များဖြစ်ကြတဲ့အတွက်တစ်ဦးနဲ့တစ်ဦး ယဉ်ယဉ်ကျေးကျေးနဲ့သူနိုင်ကိုယ်နိုင်ကဗျာဖွဲ့ဆိုခဲ့
ကြတာကိုတော့ ကျွန်တော်တို့အားလုံးအတုယူသင့်
ကြတယ်လို့ ထင်ပါတယ်။
အင်းဝခေတ်ဆိုတာနဲ့ယခုခေတ်နှစ်များစွာကြာပေမယ့်
လှပတဲ့နိမိတ်ပုံကဗျာလေးတွေနဲ့ပြိုင်ခဲ့ကြတာကလည်း
ချစ်စရာကောင်းလှတယ်လို့ထင်မိပါတယ်။

မိဖြူ က (ဘုရားသာသနာတော်ထွန်းကားတဲ့၊
ဘုရားသားတော်ရဟန်းသံဃာတွေ ရဟန္တာတွေ
ပေါ်ထွန်းပြီး နိဗ္ဗာန်ကိုကူးနိုင်တဲ့နေရာဖြစ်တဲ့
ဇဗ္ဗူကျွန်းသာ လောက မှာ အသာဆုံး)လို့ပြောတဲ့အခါ

မိညိုကလည်းအားကျမခံ(ကျွန်းလေးကျွန်းဝန်းရံထား
တဲ့ မြင့်မိုရ်တောင်ကသာ ဘုရားအဘိဓမ္မာကိုဆောင်ယူ
နိုင်တဲ့အရပ်ဖြစ်လို့အမြတ်ဆုံး)လို့ပြန်ချေပပါတယ်။
မိညိုကဆက်ပြီး (ရဟန်းရှင်လူတို့ကို အချိန်ကာလ
သိအောင် အချက်ပေးနိုင်တဲ့ပဟိုရ်စည်ကအသာဆုံး)
လို့ပြောတဲ့အခါမှာတော့

မိဖြူက(မွေးပျံ့တဲ့ရနံ့ကိုဆောင်
လို့လူတွေရဲ့စိတ်ကို ကြည်လင်စေတဲ့ ပန်းမဉ္ဇူကအသာဆုံး)လို့ဆိုထားပြန်ပါတယ်။
တစ်ခါမိဖြူက အမျုးိဂုဏ်လဲမြင့်တယ် ပညာလည်းတတ်တယ် သားသမီးတွေပွားစည်းထားတယ်
နောက်ပြီး ကဗျာလင်္ကာလဲတတ်
သိပ္ပံဆိုတဲ့
လောကဓါတ်ပညာကိုလည်းတတ်တယ်လို့ နန်းတွင်းသူမိဖြူ
လို့ဆိုတဲ့အခါမှာ………….

မိညိုကလည်းအမှောင်ခွင်းအလင်းဆောင်
တဲ့ဆီမီးပမာလိုလဲလင်းလက်တယ်၊
ငါးပါးသီလလဲမြဲတယ် သူကိုလာလို့နှိပ်စက်ရင်တောင်မှ
သည်းခံနိုင်တယ်၊ကြားရသူစိတ်ချမ်းသာစေမယ်ဆိုတဲ့
ကဗျာလင်္ကာ ရတုတွေလဲဖွဲ့ဆိုုနိင်တဲ့ နန်းတွင်းက မိညို
လို့ ပြန်လည်ချေပပါတယ်။

အဲဒီခေတ်မှာ ကျွန်တော်မရှိခဲ့တဲ့အတွက် သူတို့နှစ်ဦးရဲ့
ပြိုင်ပွဲလေးက လက်ရည်တူသရေလား၊
အနိုင်ရသူက မိဖြူလား မိညိုလားဆိုတာကို မသိပေမယ့်
လှပတဲ့အကြောင်းလေးမို့ ဒီကဗျာလေးနှစ်ပုဒ်ကို
တင်ပြပေးလိုက်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(ရှေးကဗျာများကိုဖော်ထုတ်ခြင်း)

7 comments

  • KoNyeinChan

    February 13, 2011 at 4:10 am

    ကြားဖူးတာကတော့ “တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင် သီလဝံ” တဲ့.. ”
    ကိုပေါက်…@”တောင်ကိုမဖောက် တောင်းကိုဖောက်သည် စူးဆောက်အသွင်သီလဝံ”
    ဘယ်ဟာမှန်လဲ မသိ၊
    နှစ်ခုစလုံး မှန်သလား မသိ။

  • moethidasoe

    February 13, 2011 at 6:23 am

    အဲဒါနဲ့ပဲ ဖိုးသူတော် ဦးမင်း လူဦးမင်း၊ ဗန်းမော်ဆရာတော် သီလရှင် မယ်ကင်း၊ ဦးပုည အချုပ်တန်း စတာတွေ ပါလာတော့မယ် ထင်တယ်

  • monmon

    February 13, 2011 at 9:53 am

    ဦးပုည နဲ့ အချုပ်တန်း ပြိုင်ကြတာကို ဖတ်ချင်တယ်…

  • kai

    February 13, 2011 at 10:34 am

    ဦးမင်း လူဦးမင်း၊ ဗန်းမော်ဆရာတော် သီလရှင် မယ်ကင်း၊ အပြန်အလှန်တွေထဲမှာ ..ညစ်တီးညစ်ပါတ်တွေပါတယ်.။
    အခုခေတ် … အငြိမ့်လူပြက်တွေ ..ဖတ်ကြလေ့လာကြဖို့ကောင်းတယ်..။ 🙂

  • kopauk mandalay

    February 13, 2011 at 12:37 pm

    (” တောင်ကိုမဖောက် တောင်းကိုဖောက်သည် စူးဆောက်အသွင်သီလဝံ”လို့ တစ်ပါးက
    ကြွေးကြော်တော့ “တောင်ကိုမဖောက် တောင်းကိုဖောက်သည် စိန်ကျောက်ပမာ ရဋ္ဌသာ “လို့)
    ဒါလေးက စိတ်ထဲမှာအလွတ်ရနေတယ်ထင်ပြီးရေးတာ ချရေးတာမှားနေတာပါ။
    (တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင်သီလဝံ
    တောင်ကိုမဖောက် တောင်းကိုဖောက်သည် စူးဆောက်ပမာ ရဋ္ဌသာ)
    စာအရိုက်မှားသွားတာပါ ခွင့်လွှတ်ပါ.။
    အခုလိုအမှားကိုထောက်ပြတာ ကျေးဇူးပါ။

  • kopauk mandalay

    February 13, 2011 at 2:56 pm

    ဦးပုညနဲ့အချုပ်တန်းက မပြိုင်ဘူးဗျ။
    အချုပ်တန်းဆရာဖေရေးတာကို ဦးပုညရေးတာဘဲထင်လို့ ဆရာဖေက ဒေါတွေပွတာလို့ဖတ်ဖူးပါတယ်။

  • moethidasoe

    February 14, 2011 at 3:38 am

    ကိုပေါက် … ဦးပုည အကြောင်း ထောက်ပြတာ ဝမ်းသာပါတယ် .. အမှတ်မှားခဲ့လို့ .. ခွင့်လွှတ်ပေးပါ

Leave a Reply